
စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မဲနိုင်လေ့ရှိပြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) လှုပ်ရှားမှု အားကောင်းသည့် နေပြည်တော်ရှိ ရပ်ရွာများတွင် စစ်ကောင်စီက အရပ်သားအချို့ကို လက်နက်တပ်ဆင်ပေးနေသည်။
အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း ပြည်သူ့ခုခံမှုကို ပြင်းထန်စွာရင်ဆိုင်နေရကာ နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီက ပြည်သူ့စစ်များကို ဒေသအလိုက် စုစည်းနေပြီး ထိုအဖွဲ့များကို အများသူငါက ပျူစောထီးဟု သိကြသည်။
စစ်ခေါင်းဆောင်များ ရုံးစိုက်ရာ ဒေသဖြစ်၍ လုံခြုံရေး အထူးတင်းကျပ်ထားသည့်ကြားမှ ပစ်ခတ်ပေါက်ကွဲမှုများ ဖြစ်လေ့ရှိသော နေပြည်တော်တွင် ထိုအစီအစဉ်ကို စစ်ကောင်စီက ဩဂုတ်လဝန်းကျင်မှစ၍ အကောင်အထည်ဖော်နေကြောင်း စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့်လအတွင်း လယ်ဝေးမြို့နယ် ရေအိုးစင်ရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပြီးနောက် ရွာအုပ်ချုပ်ရေး အာဏာပိုင်များနှင့် ရွာဦးဘုန်းကြီးကျောင်းတွင် တွေ့ဆုံကာ ပြည်သူ့လုံခြုံရေးဟု အမည်ပေးထားသည့် အဖွဲ့ဖွဲ့စည်းခဲ့ကြောင်း ရွာခံ အမျိုးသားတစ်ဦးထံမှ သိရသည်။
“ရာအိမ်မှူးက တစ်အိမ်တစ်ယောက် အစည်းအဝေးတက်ရမယ်လို့ ခေါ်ပြီး လုံခြုံရေးအတွက် အဖွဲ့ဖွဲ့မယ် ပြောတာပေါ့။ ကိုယ့်ရွာလုံခြုံရေး ကိုယ်ယူတယ် ပြောကြပေမဲ့ နောက်ဆုံးတော့ အုပ်ချုပ်ရေးမှူးနဲ့ သူတို့ကို ထောက်ခံတဲ့ ရွာသားတွေနဲ့ပဲ ဖွဲ့စည်းလိုက်ကြတယ်” ဟု ၎င်းက ပြောသည်။
ရေအိုးစင်ရွာ ပျူစောထီးများ သေနတ်ကိုင်ဆောင်သည်ကို မတွေ့ရသေးသော်လည်း ကင်းလှည့်သည်ဆိုသော အကြောင်းပြချက်ဖြင့် တုတ်များ ကိုင်ဆောင်ကာ ရပ်ရွာအတွင်း လှည့်လည်လေ့ရှိသည်ဟု အထက်ပါ ပထမသတင်းရင်းမြစ်က ဆက်ပြောသည်။
“ကြံ့ခိုင်ရေးနဲ့ မဘသ အားကောင်းတဲ့ရွာ။.. လယ်ဝေးမှာဆို ရေအိုးစင်ရွာ အဲရွာက ကြံ့ခိုင်ရေးရွာပဲ ကျောင်းထိုင်ဆရာတော်က မဘသပဲ။ သူတို့ အားကောင်းတဲ့ရွာ သီးသန့်ပဲလာပြီး လုပ်တာ သိုသိုသိပ်သိပ်ပဲ ရွာကသူတွေကိုလည်း အပြင်ကို ပေးမသိခိုင်းဘူး” ဟု နောက်ထပ် နေပြည်တော် ဒေသခံတစ်ဦးက ဆိုသည်။
ရေအိုးစင်ရွာရှိ ပရိယတ္တိစာသင်တိုက် ဆရာတော် ဦးသုဇနမှာ လယ်ဝေးမြို့နယ် မဘသ ဥက္ကဋ္ဌဖြစ်ကြောင်း အမျိုးသားရေးအမည်ခံ လှုပ်ရှားမှုများကြောင့် အမည်ဆိုးဖြင့် ကျော်ကြားသည့် ဦးဝီရသူ၏ အင်တာနက် ဘလော့ခ် စာမျက်နှာတွင်၂၀၁၇ ခုနှစ်က ဖော်ပြထားဖူးသည်။
နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီရုံးချုပ်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာတွင်လည်း စစ်ကောင်စီက ပျူစောထီးအဖွဲ့ဖွဲ့ပြီးဖြစ်ကြောင်း၊ လျှို့ဝှက်သိုသိပ်စွာ လုပ်ဆောင်သည်ဖြစ်၍ ဓာတ်ပုံအထောက်အထား ရယူရန်ခက်သည်ဟု အခြားသော သတင်းရင်းမြစ်တစ်ခုက ပြောသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အမတ် ဦးသန့်စင်ထွန်းသည် ဒက္ခိဏသီရိမြို့နယ်တစ်ခုလုံးတွင် မဲအပြတ်ဖြင့် အနိုင်ရသော်လည်း မဲရုံ ၂ရုံရှိသည့် ရန်အောင်မြင်ကျေးရွာတွင် ကြံ့ခိုင်ရေးအမတ်လောင်းကို ရှုံးခဲ့သည်။
ရန်အောင်မြင်ကျေးရွာရှိ မဲရုံ ၁ရုံတွင် NLD အမတ်က ကြံ့ခိုင်ရေးအမတ်လောင်း လယ်ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်ကို မဲ ၁၀၀ ကျော်ဖြင့် နိုင်ခဲ့သော်လည်း အခြားမဲရုံတစ်ခုတွင် ၄၀၀ ကျော်ရှုံးခဲ့ကြောင်း ထိုကာလက ဦးသန့်စင်ထွန်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သူတစ်ဦးက ပြောသည်။
ပျဉ်းမနားမြို့ အစွန်အဖျားတွင်လည်း ကျေးရွာတစ်ရွာလျှင် ပျူစောထီးအဖွဲ့ဝင် ၁၀ ဦး၊ အရံ ၂၀ ဦး ပေါင်း ၃၀ စာရင်းကို စစ်သားတို့က ဩဂုတ်လအတွင်း၌ပင် လိုက်ခံကောက်ခံခဲ့ကြောင်း စတုတ္ထမြောက် ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။ အဖွဲ့ဝင်ဖြစ်သူ ၁၀ ဦးကို လက်နက်ပေးမည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။
“ခုကတော့ လူဦးရေ များအောင် ပါလာအောင် ဆွဲဆောင်ပြီး သင်တန်းပေးမယ်၊ လက်နက်ပေးမယ်၊ ပြောတဲ့အဆင့်ပဲ ရှိသေးတယ်၊ ဒီလိုကိစ္စတွေကလည်း အစွန်အဖျားက လူတွေ ပါလေ့ရှိတယ်” ဟု ထိုသူက သုံးသပ်သည်။
နေပြည်တော်တွင် စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့များ၊ စစ်မှုထမ်းဟောင်းများ အဓိကအခြေစိုက်ရာ ပုဗ္ဗသီရိမြို့နယ် ရွာတော်ရပ်ကွက်တွင်မူ ပစ္စတိုသေနတ်များပါ ထုတ်ပေးထားသည်ဟု ပျူစောထီးအဖွဲ့ဝင်အချို့ နှင့် နီးစပ်သည့် ပဥ္စမမြောက် ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
“သေနတ်ရပြီးနောက်ပိုင်း ရပ်ကွက်ထဲ တလွှားလွှားပဲ၊ (အရက်) မူးလာရင် သူနဲ့ရင်းနှီးတဲ့သူတွေကို ပြော(ပြ)တတ်တယ်။ ပေါ်တင်တော့ ကိုင်တာ မတွေ့ဘူး၊ သိသာတဲ့အချက်က ရပ်ကွက်ထဲမှာ ဆရာကြီးလိုလို နေရာတကာပါတော့တာပဲ” ဟု ၎င်းက ဆိုသည်။
ပျူစောထီးများကို သင်တန်းပေးသည့် နေရာများတွင် လယ်ဝေးရှိ စစ်မှုထမ်းဟောင်း ရုံးချုပ်နှင့် တပ်ကုန်း မြို့နယ် ကြံ့ခိုင်ရေးရုံးတို့ ပါဝင်ကြောင်း၊ တစ်ရွာလျှင် သေနတ် ၂လက် အနည်းဆုံးပေးထား သည်ဟု သတင်းရထားကြောင်း နေပြည်တော်၌ စစ်ကောင်စီ ပစ်မှတ်များကို တိုက်ခိုက်နေသည့် စစ်တောင်းမြို့ပြ ပြောက်ကျားအဖွဲ့ တာဝန်ခံက ပြောသည်။
“UG တွေ(စစ်ကောင်စီကို ခုခံနေသူများ)ရဲ့ ပစ်မှတ်က အဲဒီလူတွေ (ပျူစောထီး)ဆီ ရောက်သွားအောင် ထားတဲ့ သဘောလည်းပါတာပေ့ါ။ စစ်တပ်ကို တိုက်ရိုက် မခြိမ်းခြောက်တော့ဘဲနဲ့ ချိန်တဲ့ ပစ်မှတ်က ပြောင်းသွားအောင်ပေါ့ဗျာ”ဟု ၎င်းက သုံးသပ်သည်။
နေပြည်တော်ဝင်ပေါက် ဧရိယာရှိ မြို့ရွာအသီးသီးနှင့် မြို့တွင်း လုံခြုံရေးစနစ်ကို စစ်ကောင်စီက ထိုသို့ အထူးကြပ်မတ်လုပ်ဆောင်နေသော်လည်း ဩဂုတ် ၂၄ ရက်ကပင် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံး တွင် စောင့်ကြပ်နေသည့် ရဲများကို ဗုံးဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့သေးသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ ကြံ့ခိုင်ရေးတာဝန်ရှိသူများထံ မေး၍မရပါ။ ဖြုတ်ချခံရတော့မည်ဟု သတင်းကြီးနေသည့် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ယခုနှစ်ဆန်းပိုင်းတွင် ပါတီဝင်များကို စစ်သင်တန်းတက်ရန် ညွှန်ကြားမထားသော်လည်း လုံခြုံရေးအရ လုပ်ဆောင်လျှင် တားမည်မဟုတ်ဟု ထုတ်ဖော်ပြောဆိုထားသည်။
စစ်ကောင်စီကလည်း နေပြည်တော်တွင် ဧပြီ ၂၇ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့လုံခြုံရေးစနစ် တိုးမြှင့်မည်ဟု ပြောထားသည်။ ထို့နောက်တွင် နေပြည်တော်နှင့် မဝေးသည့် မန္တလေးမြို့ ရပ်ကွက်အချို့တွင် အရပ်သားများကို စစ်တပ်က အခမ်းအနားဖြင့် လက်နက်ပေးနေသည့် ဓာတ်ပုံများ ထွက်ပေါ်လာသည်။
ပျူစောထီးအဖွဲ့ လှုပ်ရှားမှုများကို တော်လှန်ရေးအားကောင်းသည့် စစ်ကိုင်းတိုင်းတွင် အဓိကတွေ့ရပြီး စီးပွားရေးမြို့တော် ရန်ကုန်ပါမချန် စစ်ကောင်စီက အရှိန်မြှင့်၍ ဖွဲ့စည်းနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)