
မကွေးတိုင်းအနောက်ပိုင်း ဆောမြို့နယ်၊ ကျောက်ထုမြို့ရှိ ဒေသခံကာကွယ်ရေးအဖွဲ့စခန်းတစ်ခုကို မီးရှို့ဖျက်ဆီးသွားသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို The Youth Force (Saw & Kyaukhtu) အဖွဲ့နှင့် ကျောက်ထု-PDF တို့က ယမန်နေ့ (စက်တင် ဘာ ၁၁) တွင် လိုက်လံတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
တပ်မ (၇၇) မှ အင်အား ၉၀ ကျော်ပါ စစ်ကြောင်းတစ်ခုက မြို့အရှေ့ဘက်ရှိ The Youth Force အဖွဲ့၏ ရှေ့တန်းစခန်းတစ်ခု စီးနင်းခံရပြီး နောက်တစ်နေ့တွင် ထိုသို့ ပူးပေါင်း တိုက်ခိုက်ခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့မှ တပ်ရင်းမှူး ဗိုလ်ကျေးက ပြောသည်။
စစ်ကောင်စီတပ်သည် စခန်းကို စီးနင်းခြင်း မပြုမီ ဒရုန်းများ စေလွှတ်ပြီး ရက်အတန်ကြာ ထောက်လှမ်းကာ ထိုနေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ကင်းထောက်လာကတည်းက ဒီကောင်တွေ တစ်ရက်မဟုတ် တစ်ရက်လာမယ်ဆိုတာ သိလို့ ကျွန်တော် အစောပိုင်းကတည်းက ရဲဘော်တွေကို သတိပေးထားလို့ ရဲဘော်တွေကတော့ ဘေးကင်းပါတယ်” ဟု ဗိုလ်ကျေးက ပြောသည်။
စစ်တပ်က ရဲဘော်များနေထိုင်သည့် ဘားတိုက်တစ်ခု၊ ရိက္ခာဂိုဒေါင်တစ်လုံးတို့ကို မီးရှို့ကာ ဆိုင်ကယ် ၅ စီးနှင့် အသုံးအဆောင်ပစ္စည်းအချို့ကို ယူဆောင်သွားသည်၊ အနီးအနားရှိ တောင်ယာတဲများကိုလည်း မီးရှို့သွားသည်ဟု သိရသည်။
အဆိုပါစစ်ကြောင်းမှာ ထီးလင်းမြို့မှ ထွက်ခွာလာပြီး ကျောက်ထုမြို့တွင် တစ်ညအိပ် ရပ်နားကာ စခန်းကို လာရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စခန်းမီးရှို့ခံရပြီးနောက် စခန်းအနီး ၃ မိုင်ခန့် ဝေးသည့်နေရာတွင် ထိုစစ်ကြောင်း ယာယီတပ်စွဲထားစဉ် The Youth Force နှင့် ကျောက်ထု-PDF တို့က လက်နက်ကြီးများဖြင့် လိုက်လံတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
“ဒီကောင်တွေ စခန်းထဲ ဝင်စီးတုန်းကလည်း ပစ်တယ်၊ အခု စခန်းနားမှာပဲ ရှိသေးတော့ မနေ့ကလည်း သွားပစ်ခဲ့သေးတယ်။ သူတို့ကတော့ အခုထိ ဒီကောင်တွေ ရွာထဲလည်း မဝင်သေးဘူး၊ တောထဲမှာပဲ ရှိနေသေးတယ်” ဟု ဗိုလ်ကျေးက ပြောသည်။
ယနေ့နံနက်တွင်မူ အဆိုပါ စစ်ကြောင်း ဆက်လက်ထွက်ခွာသွားပြီး တောတွင်း၌သာ စစ်ကြောင်းထိုးနေသည့်အတွက် ဆက်လက်စောင့်ကြည့်နေသည်ဟု သိရသည်။
တိုက်ပွဲများလည်း ထပ်ဖြစ်ပွားလာနိုင်သည့်အတွက် လိုအပ်သည့် စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်နေပြီး အခွင့်သာလျှင် ပြန်လည်တိုက်ခိုက်သွားမည်ဟု The Youth Force (Saw & Kyaukhtu) အဖွဲ့က ဆိုသည်။
ကျောက်ထုမြို့နယ်အတွင်း စက်တင်ဘာ ၉ ကလည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကျောက်ထုမြို့နှင့် ချင်းပြည်နယ် မင်းတပ်မြို့အကြား စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ကျောက်ထု-PDF နှင့် CDF-မင်းတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။
စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်မှုများ စတင်ခဲ့ကြရာ ချင်းပြည်နယ်နှင့် မကွေးတိုင်း နယ်စပ်တစ်လျှောက်မှ ဒေသခံတော်လှန်ရေးအဖွဲ့များက မဟာမိတ်ဖွဲ့ထားကြသည်။
စစ်ကောင်စီက တိုက်ပွဲသတင်းနှင့် တိုက်ခိုက်ခံရမှုများအကြောင်းကို များသောအားဖြင့် ထုတ်ပြန်လေ့မရှိပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)