စစ်ကောင်စီကို အာခံနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နိုင်ငံအနှံ့ ခုခံတော်လှန်စစ် စပြီဟု ကြေညာထားမှုသည် စက်တင်ဘာ ၇ ဆိုလျှင် တစ်နှစ်ပြည့်ပြီဖြစ်သည်။
ထိုကာလအတွင်း စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်မည်ဟု ကြွေးကြော်ထားသည့် ဝါရင့်တော်လှန်ရေး အဖွဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)က NUG၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အချို့ကို ထောက်ပံ့ကူညီမှု၊ စစ်ရေးစစ်ရာများတွင် ဖေးမကူညီနေသည်။
ထိုအခြေအနေတွင် အာဏာမသိမ်းမီအထိ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်အရ စစ်ပွဲများငြိမ်သက်နေခဲ့သော KNU ထိန်းချုပ်နယ်မြေများအတွင်း စစ်ကောင်စီက ကုန်းကြောင်း၊ လေကြောင်းမှ အပြင်းအထန်စစ်ဆင်နေသည်။
KNU လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့အချို့ကလည်း PDFများနှင့် ပေါင်း၍ ကရင်ပြည်နယ်အတွင်း စစ်တပ်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်ခြင်း၊ မြို့အချို့ရှိ စစ်ကောင်စီအခြေစိုက်ရာ နေရာများကို ပစ်ခတ်ခြင်းတို့ဖြင့် တုံ့ပြန်နေသည်။
တော်လှန်ရေး၏ အခြေအနေအရပ်ရပ်နှင့် ပတ်သက်၍ KNU၏ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးကို Myanmar Nowက ဆက်သွယ်မေးမြန်းထားပါသည်။
မေး – အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဆက်ဆံရေး အခြေအနေက ဘယ်လိုရှိပါသလဲ။
ကျွန်တော်တို့နဲ့ ဆက်ဆံရေးကတော့ ပုံမှန်ဆက်ဆံရေးပဲလို့ ပြောလို့ရတယ်။ လိုအပ်ရင် လိုအပ်သလို နိုင်ငံရေးအရ စစ်ရေးအရ လက်တွဲလုပ်ဆောင်လာတဲ့အခါမှာ ပေါင်းစပ်ညှိနှိုင်းရေး အနေနဲ့ သူတို့နဲ့ တောက်လျှောက်ဆိုသလို ဒီတစ်နှစ်ကျော်ကာလအတွင်းမှာ သွားနေပါတယ်။
မေး – KNU အနေနဲ့ NUG နဲ့ လက်တွဲလုပ်ဆောင်နေတဲ့အပိုင်းတွေရှိတယ်ဆိုတော့ ဘာတွေများလဲ ပြောပြ နိုင်မလား။
အသေးစိတ်တော့ ပြောရခက်ပါတယ်။ နှစ်ဖက်စလုံးက ဖွဲ့စည်းထားတဲ့ ပူးတွဲညှိနှိုင်းရေးအဖွဲ့တွေ ဖွဲ့ထားတာက ဗဟိုအဆင့်မှာ ရှိသလို တပ်မဟာတွေအလိုက်လည်း ရှိနေတဲ့အခါကျတော့ လုပ်ငန်းလုပ်တဲ့အခါ အကျေအလည် ညှိနှိုင်းရတဲ့အပိုင်းတွေ ရှိသလို ခပ်သွက်သွက် လုပ်လို့ရတဲ့ ဟာတွေလည်း ရှိနေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အရမ်းနှောင့်နှေးတယ်လို့ မထင်ပါဘူး။ လိုအပ်ရင် လိုအပ်သလို နှေးသင့်ရင်လည်း နှေးရပါမယ်။ သွက်သင့်ရင်လည်း သွက်ရပါမယ်။ ပုံမှန်အနေအထားမှာပဲ ရှိပါတယ်။ အသေးစိတ်တော့ပြောလို့မရသေးပါဘူး။
မေး – NUG က ခုခံတော်လှန်စစ် ကြေညာထားတာ တစ်နှစ်ပြည့်ပါပြီ။ အားနည်းချက်၊ အားသာချက် ကို KNUက ဘယ်လိုသုံးသပ်နိုင်ပါသလဲ။
NUG ရဲ့ ခုခံစစ်ကြေညာတာ လာမယ့်ရက်ပိုင်းဆို တစ်နှစ်ပြည့်တော့မယ်။ ကျွန်တော်တို့မြင်တာက ဒေသတစ်ခုတည်းမဟုတ်ဘဲ တော်တော်လည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ အခါကျတော့ အချိန်တိုကာလအတွင်းမှာ တော်တော်လေးလုပ်နိုင်တယ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လဲဆိုရင် ကျွန်တော်တို့ ပြန်ပြီးနှိုင်းယှဉ်ကြည့်ရမယ်ဆိုရင် လက်နက်ကိုင်တော်လှန်ရေးမှာ ဒီလို အချိန်တိုကာလ အတွင်းမှာ အပြောင်းအလဲခပ်မြန်မြန်သွက်သွက်နဲ့ လုပ်နိုင်တယ်။ ဘေးက ထိုင်ကြည့်နေတဲ့လူတွေက ဝေဖန်တဲ့အသံတွေလည်း ကြားနေရပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ တော်လှန်ရေးအနေအထားနဲ့ တစ်နှစ်ဆိုတာ ခဏတဖြုတ်လို့ပဲ မြင်တယ်။ ဘာလို့လဲဆို ကျွန်တော်တို့ (လွန်ခဲ့တဲ့ နှစ် ၇၀ကျော်က) စခဲ့တဲ့ (ကရင့်) တော်လှန်ရေးက ဘာမှ မရှိဘူး၊ NUG က ၂၀၂၁ ခုနှစ်မှာ စတင်ခဲ့တဲ့ ခုခံစစ်ဟာဆိုရင်လည်း ဘာမှမရှိတဲ့အနေအထားဖြစ်တယ်။ သူတို့(NUG) ကို ဘက်လိုက်ပြီး ပြောနေတာမဟုတ်ဘူး။ ကိုယ့်အနေအထားနဲ့ယှဉ်ပြီးတော့ သုံးသပ်ကြည့်တော့ အဲ့လို အနေအထားကို သွားတွေ့တယ်။
ရက်စက်ကြမ်းကြုတ်တဲ့အာဏာရှင်ကို ပြန်ပြီး ခုခံတိုက်ခိုက်တဲ့ နေရာတောင်မှ အိမ်နီးချင်းနိုင်ငံတွေက ကျွန်တော်တို့အပေါ် ဟက်ဟက်ပက်ပက် ရှိလားဆိုတာ ကိုယ်တိုင်အသိဆုံးပဲ။ ခက်ခဲပြီး မသက်မသာနဲ့ စရတဲ့ တော်လှန်ရေးမှာ အားမရဘူးဆိုရင်တောင် တော်တော်လေး ဖြတ်သန်းနိုင်ခဲ့တယ်လို့ ပြောရမှာပဲ။ အချိန် တစ်နှစ်အတွင်းမှာ စခဲ့ရတာ ဘာမှမရှိတဲ့အနေအထားဆိုတော့ ကျွန်တော်တို့က နားလည်ပါတယ်။
မေး – ဒီတစ်နှစ်တာအတွင်း ကရင်ပြည်နယ်ဒေသတော်တော်များများမှာ စစ်တပ်နဲ့ KNUအကြား တိုက်ပွဲတွေ အကြီးအကျယ်ပြန်ဖြစ်တာမျိုးတွေရှိပါတယ်။ KNU ဘက်က ဘာပြောချင်လဲ။
အထူးသဖြင့် ကျွန်တော်တို့အတွက် သိပ်ပြီးတော့ မအံ့ဩဘူး။ မူဝါဒအရ ပြန်ကြည့်လိုက်မယ်ဆိုရင် မည်သည့်စစ်အာဏာရှင်စနစ်မှ လက်ခံလို့မရတဲ့အပေါ်မှာ ရှင်းရှင်းလင်းလင်းရှိထားတဲ့အခါ ဒါကို ဆန့်ကျင်ရင် နောက်ဆက်တွဲသက်ရောက်မှုက ကိုယ့်အပေါ်လာမယ်ဆိုတာ တွက်ထားပြီးသားပါ။ အဲ့ဒါကြောင့်မို့လို့ ဒီနေ့ ဒီကာလမှာ ကျွန်တော်တို့ နယ်မြေမှာ တိုက်ပွဲတွေအများကြီး ဖြစ်လာတယ်။
ဒီတစ်နှစ်ခွဲအတွင်း တိုက်ပွဲပေါင်း ၆၀၀၀ နီးပါး ဖြစ်ထားတယ်။
တိုက်ပွဲတစ်ခုဖြစ်တိုင်း တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့သူတွေက အနည်းနဲ့အများ သက်ရောက်မှု ဖြစ်တယ်။ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အာဏာရှင်က တခြားအာဏာရှင်တွေလို့ မဟုတ်ဘူး။ သေနတ်သံကြားတာနဲ့ လူထုကို ပြန်မဲတာ၊ လူထုကို ပြန်ပြီး တုံ့ပြန်တာ ဒါကလည်း တော်တော်ဆိုးဝါးတဲ့အနေအထားမှာ ရှိတဲ့အခါကျတော့ ဒီတစ်နှစ်ကျော်အတွင်း ပြန်ကြည့်တဲ့အခါ စစ်ဘေးရှောင်တွေက တော်တော်လေးကို များခဲ့ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဒါက ရင်ဆိုင်ရမယ့် ကိစ္စပဲ။ စစ်အာဏာရှင်စနစ်ကို ဒီလိုမှ ပြန်ပြီးတော့ မတုံ့ပြန်ဘူးဆိုရင် သူတို့နဲ့ ပေါင်းနေရမယ့် အနေအထားပဲ ရှိတော့တာပေါ့။ အေးအေးဆေးဆေး နေချင်လား၊ သူတို့နဲ့ ညှိနှိုင်းပြီး သွားချင်လား၊ ဒါက ကိုယ့်မူဝါဒအပေါ်မှာပဲ မူတည်တယ်လေ။ ကိုယ်က အဲ့လိုမျိုး သွားချင်တယ်ဆို တိုက်ပွဲလည်း ဖြစ်စရာ အကြောင်းမရှိဘူး။ ဒါပေမယ့် ဒီကိစ္စမျိုးဆိုတာက ဘယ်လိုမှ လက်ခံလို့မရဘူး။ ဒါကြောင့်မို့လို့ ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုအပိုင်းကတော့ တော်တော်ကြီးပါတယ်။ ဖြေရှင်းရမယ့် နည်းလမ်းတွေအကုန် ထောင့်စေ့အောင် ကြည့်တယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေမှာ နိုင်ငံတကာ အတိုင်းအတာမှာရော ဒေသဆိုင်ရာ အတိုင်းအတာမှာရော အားရကျေနပ်စရာ မရှိသေးပါဘူး။
မေး – စစ်အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း KNU ထိန်းချုပ်နယ်မြေအတွင်းမှာ ဒုက္ခသည်အရေအတွက် ဘယ်လောက်များလာသလဲ။
စစ်အာဏာသိမ်းပြီးကာစမှာ သောင်းဂဏန်းလောက်ပဲ ရှိတယ်လို့ ပြောလို့ရပေမယ့် ဒီတစ်နှစ်ကျော် အတွင်းမှာ သုံးသိန်းခွဲအထိ ရှိနေပါတယ်။ KNU အုပ်ချုပ်တဲ့နယ်မြေအတွင်းမှာ ရှိတဲ့ လူဦးရေ သုံးသိန်းခွဲတောင် ထွက်ပြေးနေရတယ်ဆိုတာက တော်တော်လေးကို အခြေအနေက ကျပ်တည်းတယ် လို့ ပြောလို့ရတာပေါ့။
မေး – စစ်ပွဲစပြီဆိုရင် ဒေသခံတွေက အရင်ဆုံး ဒုက္ခရောက်ကြတာ ဓမ္မတာပါပဲ ဆိုတော့ သူတို့ကို သတင်းစကားပါးစရာ ဘာများရှိပါသလဲ။
ကျွန်တော်တို့လူထုက တွေ့ကြုံရမယ့် ခံစားရမယ့် တိမ်းရှောင်ရမယ့် အရာတွေက မဖြစ်ခင်ကတည်းက ကြိုသိထားတဲ့အရာတွေပဲလေ။ မနေ့တနေ့က ဖြစ်နေတဲ့အရာ မဟုတ်တဲ့အခါကျတော့ စစ်တပ်ဘက်က သူ့ရဲ့ ဉာဥ်အတိုင်း တစ်သက်လုံး လက်အောက်ခံ အဖြစ်ထားမယ်၊ ကျွန်အဖြစ်ထားမယ်ဆိုတဲ့အနေအထားက လုံးဝမပြောင်းလဲတဲ့အခါကျတော့ ကျွန်တော်တို့ဘက်က လုံးဝလက်လျှော့လို့မရဘူး။ ညှိနှိုင်းစရာရှိတဲ့အခါကျတော့ အတတ်နိုင်ဆုံး ညှိနှိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုအနေအထားမျိုးမှာတော့ လမ်းရွေးစရာမရှိဘူး။ ကျွန်တော်တို့ ရင်ဆိုင်ရမယ့် အရာတစ်ခုဖြစ်တယ်။ အဲ့ဒါကြောင့်မို့လို့ ဖြစ်ပေါ်လာတဲ့အနေအထားပိုင်းကတော့ ဒီလိုထွက်ပြေးနေရတဲ့အပေါ်မှာ တကယ်ကို စိတ်မကောင်းပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံးက ကျော်လွှားရမှာပဲလေ။ ပြောချင်တာက ဒီကိစ္စကို ကျွန်တော်တို့ အတတ်နိုင်ဆုံးရှင်းမယ်၊ ရှင်းလို့မရဘူးဆိုရင် ရင်ဆိုင်မယ် ဒါပဲ။
မေး – စစ်အာဏာရှင်ကို တော်လှန်တဲ့နေရာမှာ လက်နက်မရလို့၊ စစ်မတိုက်ရလို့ အားမလိုအားမရ ဖြစ်နေကြတဲ့ လူငယ်တွေရှိပါတယ်။ တော်လှန်ရေးဝါရင့် KNUက သူတို့ကို ဘာများအကြံပြုချင် ပါသလဲ။
ကျွန်တော်တို့လည်း နားလည်ပါတယ်။ ကြိုက်သလို အားမလိုအားမရ ဖြစ်လို့ရပါတယ်။ ဒီလိုအနေအထားပဲ ကြုံနေရတာကိုး။ ကမ္ဘာမှာရှိတဲ့ တော်လှန်ရေးတွေက ခပ်မြန်မြန်အောင်မြင်တဲ့ ပြည်ပနိုင်ငံတွေက ထောက်ခံအားပေးမှု တိတိလင်းလင်းမရှိဘူးဆိုရင် မပြီးဘူးဆိုတာ ကျွန်တော်တို့ လေ့လာတွေ့ရှိရတယ်။ အခုဆို ကျွန်တော်တို့က ပြည်တွင်းအားပဲ အားကိုးနေရတယ်။ စစ်ရေးနဲ့ ပတ်သက်လာရင် ဘေးနားက နိုင်ငံတွေလည်း အားကိုးလို့မရဘူးဆိုတာ ရှင်းနေတာပဲ။
ပြောချင်တာက ဒီလိုတော်လှန်ရေးမျိုးဟာ ကျွန်တော်တို့ ရင်ဆိုင်ရတဲ့အခါကျတော့ ကျွန်တော်တို့ မျှော်လင့်ထားသလို မြန်မြန်ဆန်ဆန် မဖြစ်နိုင်ဘူးဆိုတာ ရှင်းနေတာပဲ။ အဲ့ဒါကြောင့်မို့လို့ လူငယ်တွေ အားမလိုအားမရဖြစ်တာ ကျွန်တော်နားလည်တယ်။ တစ်နှစ်တာကာလ ကျွန်တော်တို့ ပြန်ချုံ့ကြည့်လိုက်တဲ့အခါ ဘာမှမရှိတဲ့အနေအထား တချို့နေရာမှာဆို တူးမီးသေနတ်နဲ့ တချို့နေရာမှာဆို မောင်းပြန်သေနတ်နဲ့ အများကြီး ပြန်လုပ်နိုင်တဲ့အနေအထားမှာ ရှိပါတယ်။
ကျွန်တော်ထင်တာတော့ ငါးဆယ်ရာခိုင်နှုန်းကတော့ ဖြည့်ဆည်းနိုင်ပြီ။ ကျန်တဲ့ငါးဆယ်ရာခိုင်နှုန်း ဖြည့်ဖို့လိုတယ်။ ကျွန်တော်တို့ ဒီနည်းလမ်းနဲ့ သွားနေတယ်လို့ ဆိုပေမယ့် တခြားဘယ်နည်းလမ်းနဲ့ ရနိုင်ဦးမလဲဆိုတာ မျက်စိဖွင့်နားဖွင့်ပြီး လုပ်နေပါတယ်။ အဲဒါကြောင့် ဒီနှစ်မရသည့်တိုင် စုံစုံစေ့စေ့ မကိုင်နိုင်သည့်တိုင်အောင် လာမယ့်အချိန်တိုကာလအတွင်းမှာ အားလုံးကိုင်နိုင်မယ်လို့ ယုံကြည်တယ်။
မေး – လာမယ့်နှစ်တွေအတွင်းမှာ တော်လှန်ရေးအင်အားစုတွေဖက်က စစ်ရေးအရှိန်မြှင့်တင်တာမျိုး မြို့ပြတွေအထိ တိုက်ခိုက်သိမ်းပိုက် နိုင်မယ့် အခြေအနေတွေမျိုး မြင်ရဖို့ ရှိမလား။
စစ်ရေးရည်မှန်းချက်ဆိုတာ ကျွန်တော်တို့ ထားရမှာပဲ။ ခုခံရုံသက်သက်ပဲမဟုတ်ဘူး။ ကျွန်တော်တို့ အောင်ပွဲခံဖို့ဆိုရင် ကျွန်တော်တို့ပြန်ပြီးတော့ ထိုးစစ်ဆင်ရမယ်။ ဒါကတော့ ရည်မှန်းချက်ကတော့ ရှိကိုရှိရမယ်။ ဒါပေမယ့် လက်ရှိအနေအထားအရ မြန်မြန်ဆန်ဆန် ဖြစ်ဖို့ကတော့ ကြိုးစားနေရမယ် ဆိုတာက မြေကြီးလက်ခတ်မလွဲပဲ။
အင်အားချင်း ပြန်ပြီး ယှဉ်တဲ့အခါမှာ ကိုယ်က ခုခံစစ်အနေအထား ကနေ ထိုးစစ်ပြန်လုပ်နိုင်ဖို့အနေအထားမှာ သူ့ရဲ့ ထိုးစစ်ကို ပြန်ပြီး ရိုက်ချိုးနိုင်ရမယ်၊ တစ်ချိန်တည်းမှာ ကိုယ့်ရဲ့ အင်အားကို တည်ဆောက်ရမယ်။ ပြောချင်တာက ကျွန်တော်တို့ ရည်မှန်းချက်ထားတယ်၊ အချိန်တိုကာလအတွင်းမှာ ဒီလိုမဖြစ်နိုင်ဘူးဆိုတာက လက်ခံရမှာပဲ။ ဒါပေမယ့် စီစဉ်ထားတဲ့အတိုင်း ရည်မှန်းထားတဲ့အတိုင်း တောက်လျှောက်ဆိုသလို လုပ်ဆောင်နေတယ်ဆိုတာတော့ ပြောလို့ရတယ်။ အဲ့ဒါကြောင့်မို့လို့ လာမယ့် ဒီနှစ်အတွင်းမှာ ထိုးစစ်ဆင်နိုင်မယ်၊ မဆင်နိုင်ဘူးဆိုတာက ကျွန်တော်ပြောဖို့ ခက်ပေမယ့် ကျွန်တော်တို့ လုပ်ရမယ့်ဟာကို တောက်လျှောက်လုပ်နေပါတယ်လို့ သေချာပြောနိုင်ပါတယ်။
မေး – ဖြည့်စွက်ပြောလိုတာမျိုး ရှိဦးမလား။
စစ်အာဏာရှင်နဲ့ ပတ်သက်ရင် မျိုးဆက်အလိုက်ကို မြင်နေရတယ်၊ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် ပြန်ကြည့်လိုက်တဲ့အခါ ကမ်းကုန်အောင် ဖြစ်နေတဲ့ဟာက နောက်ဆုံး ၂၀၂၁ မှာ ဖြစ်ပေါ်လာတဲ့ စစ်အာဏာရှင်စနစ်ပဲ။ ဒီအဖွဲ့(စစ်ကောင်စီ)က တော်တော်လေး ထူးခြားတယ် ဘာလို့ဆို ဘယ်နေရာမဆို အသွားအပြန် (အပေးအယူ)ရှိတယ်။ ဒါပေမယ့် သူက အသွားသက်သက်ပဲ၊ အပြန်မရှိဘူး။ စစ်အာဏာရှင် မျိုးဆက်တွေထဲမှာ ဒီအဖွဲ့က ရက်စက်ကြမ်းကြုတ်ပြီးတော့ အားကောင်းလား၊ အားနည်းလားဆိုတာပြန်ကြည့်တော့ တကယ့် အားနည်းတဲ့ စစ်အာဏာရှင်အဖွဲ့ဖြစ်တယ်ဆိုတာ သေချာပြောလို့ရတယ်။
ပြည်သူတွေအနေနဲ့ ဘာမှ စိတ်အားငယ်စရာမလိုဘူး။ ကျွန်တော်တို့က မပြည့်စုံ၊ မဖူလုံတဲ့ အနေအထား၊ ကကြီးကနေ စရတာမျိုးဖြစ်တယ်။ နောက်ဆုံး အောင်ပွဲခံနိုင်တယ်ဆိုတာ လူထုကို အားပေးချင်ပါတယ်။ ကျွန်တော်တို့ ကရင်စကားပုံ တစ်ခုရှိပါတယ်၊ အင်မတန်ချိုမြိန်တဲ့ အရသာတစ်ခုက အင်မတန် ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတစ်ခုအောက်မှာပဲ ရနိုင်တယ်ဆိုတာပါ။ ကျွန်တော်တို့ လူထုကို အားပေးချင်တယ်၊ တွေဝေစရာမရှိဘူး၊ စိတ်ဓာတ်ကျစရာမရှိဘူး၊ လုပ်စရာရှိတာ ဆက်ပြီး လုပ်မယ်၊ စစ်အာဏာရှင်မျိုးဆက်ကို ကျွန်တော်တို့ လက်သင့်ခံပြီး နေရာပေးဖို့ အကြောင်းကို မရှိတော့ဘူးလို့ ပြောချင်ပါတယ်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)