သတင်း

ထီးချိုင့်တွင် ပိတ်မိနေသည့် စစ်တပ်ကို လေယာဉ်ဖြင့် လမ်းရှင်း ကယ်ထုတ်ရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များက ဩဂုတ် ၂၈ မှစ၍ နှစ်ရက်ဆက် ပိတ်ဆို့ ပစ်ခတ်နေစဉ် စစ်လေယာဉ် လာရောက်တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ထံမှ သိရသည်။

၂၈ ရက်နေ့ နံနက် ၆ နာရီမှစတင်၍ အင်းတော်မြို့နယ်မှ ထီးချိုင့်မြို့နယ်အတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ကန်ပေါက်ကျေးရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟု ထီးချိုင့် PDF က ပြောသည်။

အင်အား ၄၀ ကျော်ရှိသည့် စစ်ကောင်စီတပ်မှ ၁၅ ဦးထက်မနည်း သေဆုံးကြောင်း ထီးချိုင့် PDF ရှေ့တန်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“တစ်နေကုန်လိုလိုပဲ သူတို့ဘက်က ပြန်ပစ်နိုင်တာ သိပ်မရှိဘူး၊ ကျွန်တော်တို့ဘက်ကပဲ တစ်နေကုန် ဖိပစ်နိုင်တယ်၊ သူတို့ မထွက်နိုင်ဘဲကို ပိတ်မိနေတာ” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ဆိုသည်။

နောက်တစ်နေ့ ဩဂုတ် ၂၉ တွင်လည်း တိုက်ပွဲထပ်ဖြစ်ပွားခဲ့ပြီး ပိတ်မိနေသည့် စစ်ကောင်စီတပ်ကို ပြန်ကယ်ထုတ်ရန်အတွက် တိုက်လေယာဉ်နှစ်စီးဖြင့် မွန်းတည့် ၁၂ နာရီခန့်တွင် လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

“အဲဒီနေ့က တစ်နေ့လုံး ကျွန်တော်တို့က ပိတ်ဆို့ထားတာဖြစ်တဲ့အတွက် ပိတ်မိနေလို့ မနေ့က လေယာဉ် ခေါ်ပြီးမှ မြစ်ကြီးနားကနေ ဆင်းလာတဲ့ တိုက်လေယာဉ် နှစ်စီးနဲ့ လာကြဲသွားတာ” ဟု ထီးချိုင့်-PDF မှ အဆိုပါ တပ်ဖွဲ့ဝင်က ပြောသည်။

လေယာဉ်များက ကန်ပေါက်ရွာနှင့် အနီးဝန်းကျင်ကို ဗုံး ၁၄ လုံးကြဲချခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် PDF အဖွဲ့များ နောက်ဆုတ်လိုက်သည့်အတွက် စစ်ကောင်စီတပ်သားများ ထွက်ပေါက်ရသွားသည်ဟု ဆိုသည်။

ဖောက်ထွက်နိုင်ခဲ့သည့် စစ်သားများက ထီးချိုင့်မြို့မှ ထွက်လာသည့် စစ်သား ၅၀ ခန့်နှင့် ပူးပေါင်းသွားသည်၊ မွန်းလွဲပိုင်း ထိုပူးပေါင်းစစ်ကြောင်း ထီးချိုင့်မြို့သို့ ပြန်ဆုတ်စဉ် ပျဉ်းစုရွာနှင့် ပေါက်ကုန်းရွာကြား ချုံခိုတိုက်ခိုက်ရာ နောက်ထပ် သုံးဦး သေဆုံးသည်ဟု ထီးချိုင့်-PDF က ပြောသည်။

တိုက်ပွဲပြီးသည့်နောက် စစ်ကောင်စီတပ်က ဒဏ်ရာရသူများကို ထမ်းစင်များဖြင့် သယ်ယူရန် လေသာ၊ ကန်ပေါက်နှင့် အောင်သာကုန်းရွာများမှ ဒေသခံ ၁၀ ဦး ထက်မနည်းကို ခေါ်ဆောင်သွားပြီး ထီးချိုင့်မြို့နှင့် မိုင်အနည်းငယ်ဝေးသည့် သခွပ်ချောင်ရွာတွင် ညအိပ်ခဲ့သည်ဟု သိရသည်။

နှစ်ရက်တာတိုက်ပွဲအတွင်း PDF, KIA ပူးပေါင်းတပ်များဘက်မှ ထိခိုက်ကျဆုံးမှုမရှိဟု သိရသည်။

သို့သော် စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများကြောင့် ကန်ပေါက်ရွာမှ အမျိုးသားတစ်ဦး ကျည်ဆန်ထိမှန်သေဆုံးခဲ့သလို အမျိုးသမီးတစ်လည်း ဝမ်းဗိုက်တွင် လက်နက်ကြီးစ ထိမှန်ကာ ဒဏ်ရာရခဲ့သည်ဟု ထီးချိုင့်-PDF က ထုတ်ပြန်သည်။

တိုက်ပွဲမှ ပစ်ခတ်သံ၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သံများကို ထီးချိုင့်မြို့ပေါ်မှပင် ကြားနေရပြီး စစ်ကောင်စီတပ်က အထိနာခဲ့ကြောင်း မျက်မြင်ဒေသခံများကို ကိုးကားပြီး ထီးချိုင့်မြို့ခံတစ်ဦးက ပြောသည်။

“ဟိုဘက်ကတော့ (စစ်ကောင်စီ) တော်တော်ကျတယ် ၄ ယောက်လောက် ထမ်းထုတ်ရတယ်၊ အသေးစားဒဏ်ရာရတာတွေရောပဲ။ ဗိုလ်ကြီးတစ်ယောက်ကတော့ တွဲခေါ်ခဲ့ရတယ် ပြောတယ်။ သူတို့ လေယာဉ်ကူလို့ပေါ့၊ လေယာဉ်မကူရင် အကုန်လုံးပြုတ်တယ်” ဟု အဆိုပါ အသက် ၄၀ ခန့်ရှိသည့် ဒေသခံအမျိုးသားက ဆက်ပြောသည်။

ယမန်နေ့ (ဩဂုတ် ၃၀) နံနက်တွင်မူ အဆိုပါ စစ်ကြောင်းသည် မြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့ပြီး ထီးချိုင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး၌ တပ်စွဲထားသည်ဟု အထက်ပါ မြို့ခံက ပြောသည်။

ယနေ့ မြို့ပေါ်တွင် အသွားအလာ ပုံမှန်အတိုင်းရှိနေသော်လည်း စစ်ကောင်စီတပ်က လမ်းဆုံလမ်းခွများတွင် စစ်ဆေးနေသည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ နိုင်ငံအနှံ့ လက်နက်ကိုင် တော်လှန်လာကြပြီး တော်လှန်ရေးအားကောင်းသည့်ထဲတွင် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်လည်း အပါအဝင် ဖြစ်သည်။

သက်တမ်းရင့် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIA အခြေစိုက်ရာ ကချင်ပြည်နယ်အတွင်း လူသူ၊ လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများကို ကုန်းကြောင်းမှသာမက ရေကြောင်းကပါ ပို့ဆောင်နေသည့် စစ်ကောင်စီတပ်ကို လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့် ထီးချိုင့်မြို့တွင် အခြေစိုက်သော PDF အဖွဲ့က အဆက်မပြတ် တိုက်ခိုက်လျက်ရှိသည်။

Show More

Related Articles

Back to top button