အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်က ရေစကြို အရပ်သား ၂ ဦးကိုသတ်၊ ဈေး မီးရှို့ဟု ဒေသခံများပြော

ဩဂုတ် ၂၉ ရက်နေ့က မကွေးတိုင်း၊ ရေစကြိုမြို့အရှေ့ဘက် ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သားများက အရပ်သား ၂ ဦးကို သတ်ဖြတ်ကာ ဈေးဆိုင် ၁၀၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

အင်အား ၁၀၀ ခန့်စီ ပါရှိသည် စစ်ကြောင်း ၃ ကြောင်းက ရေစကြိုမြို့ တောင်ဘက် ၆ မိုင်အကွာရှိ ချစ်သူရွာ၊ ရေစကြိုအရှေ့တောင်ဘက်ရှိ ရွှေ‌ချောင်းရွာ၊ ပေါက်ရွာတို့တွင် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ရွှေချောင်းရွာခံ အမျိုးသမီးတစ်ဦးကို ပစ်ခတ်ရာ ထိုအမျိုးသမီး ဆေးရုံသို့ အသွားလမ်းတွင် သေဆုံးသွားသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

မြို့တောင်ဘက် ချစ်သူရွာတွင်လည်း အမျိုးသားတစ်ဦးကို ပစ်သတ်ကာ ရုပ်အလောင်းကို ရွာဘေးရှိ ချင်းတွင်းမြစ်ထဲ ကန်ချလိုက်သည်ဟု အထက်ပါ ရေစကြိုမြို့ခံက မျက်မြင်သက်သေတစ်ဦးကို ကိုးကား၍ ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့နောက် စစ်ကောင်စီစစ်ကြောင်းသည် ရေစကြိုမြို့တောင်ဘက် ချင်းတွင်းမြစ်ကမ်းနဖူးပေါ်ရှိ ချစ်သူရွာသို့ ရောက်ချိန်တွင် အမျိုးသားတစ်ဦးကိုလည်း ပစ်သတ်၍ မြစ်ထဲကန်ချလိုက်သည်ကို ဒေသခံတို့ တွေ့ခဲ့ရသည်ဟု သူက ဆက်ပြောသည်။

စစ်ကောင်စီတပ်၏ ရန်ကြောင့် ရွာခံများ ထွက်ပြေးတိမ်းရှောင်နေကြရရာ သေဆုံးသူ ၂ ဦး၏ အမည်နှင့် အသက်များကို ထပ်မံ စုံစမ်း၍ မရသေးပေ။

သြဂုတ် ၂၉ နံနက်ပိုင်း ရေစကြိုမြို့ပေါ် ဘောလုံးကွင်းအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို အမည်ထုတ်ဖော်ခြင်းမရှိသေးသည့် ကာကွယ်ရေးတပ်ဖွဲ့များက ပြောက်ကျားတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုအပြီး အဆိုပါ ဘောလုံးကွင်းဘေးရှိ စျေးဆိုင်ခန်း ၁၀၀ ကျော်နှင့် ပျံကျစျေးဆိုင်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သလို အနီးဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ရေစကြိုမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“စစ်ကြောင်းက အင်အားအပြည့်နဲ့ ထိုးနေသလို ရံထားတဲ့ စစ်ကြောင်းလည်းရှိနေတော့ သတင်းအချက်အလက်တော့ မရသေးဘူး။ ပျံကျစျေးလို ဆောက်ထားတာတွေအကုန်လုံးကို မီးရှို့ဖျက်ဆီးပစ်တာ”ဟု သူက ပြောသည်။

စစ်ကောင်စီတပ်သည် ရေစကြိုမြို့အရှေ့ဘက် ကျေးရွာများကို မြေပြင်မှ စစ်ကြောင်းများထိုးနေသလို ဝေဟင်တွင်လည်း လေယာဉ်တစ်စီး ဝဲနေသည်ကို ဩဂုတ် ၃၀ တွင် တွေ့ရသည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောသည်။ အဆိုပါ စစ်ကြောင်းများသည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံသည့်နေရာဖြစ်သော ရေလယ်ကျွန်းဒေသဘက်သို့ ဦးတည်နေသည်ဟုလည်း ရဲဘော်ဝေကြီးက ပြောသည်။

သြဂုတ် ၁၅ နှင့် ၁၈ ရက်နေ့တို့တွင်လည်း စစ်တပ်က ရေလယ်ကျွန်းဒေသတွင် ကျေးရွာ ၂ခုကို စီးနင်းမီးရှို့ရာ လှေခုတ်ရွာတွင် အိမ်ခြေ ၁၅၀ မီးလောင်သွားသည်။

အိမ်ခြေ ၆၅၀ ရှိသည့် ငတရော်ရွာမှာမူ ရွာလုံးကျွတ်မီးလောင်ပျက်စီးသွားခဲ့ရသည်။

စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ထိ ပြည်သူ့အိုးအိမ်ပေါင်း ၂၈,၄၃၄ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု အချက်အလက်များ ကောက်ယူထားသည့် Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

ထိုအထဲတွင် စစ်ကိုင်းတိုင်းအတွင်း အများဆုံး ဖျက်ဆီးမီးရှို့ခံခဲ့ရကာ ပျက်စီးသွားသည့် အိမ်အရေအတွက်မှာ ၂၀,၁၅၃ လုံး ဖြစ်သည်ဟု ဆိုသည်။

မကွေးတိုင်း အတွင်းမီးရှို့ခံခဲ့ရသည့် အိမ်အရေအတွက်မှာ ၅,၄၁၈ လုံးဖြစ်ပြီး ရေစကြိုမြို့နယ်အတွင်းမှ ၁,၂၅၅ လုံး ပါဝင်သည်ဟုလည်း Data for Myanmar ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အရပ်သားများကို သတ်ဖြတ်မှု၊ နေအိမ်များကို မီးရှို့မှုများ ရပ်ဆိုင်းရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက ဩဂုတ် ၁၇ တွင် စစ်ခေါင်းဆောင်တို့ကို တိုက်တွန်းထားသည်။

သို့သော် စစ်ခေါင်းဆောင်တို့ကမူ ကျေးရွာများကို မီးရှို့သည်မှာ ယင်းလက်အောက်ခံတပ်ဖွဲ့များမဟုတ်ဟု ငြင်းဆိုပြီး လေယာဉ်ဖြင့် တိုက်ခိုက်သည်မှာလည်း သောင်းကျန်းသူများကိုသာ ဦးတည်ပစ်မှတ်ထားသည်ဟု ဖြေရှင်းချက်ပေးသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button