ယနေ့ (ဩဂုတ် ၂၂) နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ဘန့်ဘွေးကုန်းရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရစဉ် အထိနာသဖြင့် လေကြောင်းပစ်ကူဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။
ယနေ့ နံနက် ၅ နာရီခန့်တွင် ဘန့်ဘွေးကုန်းရွာ၌ အင်အား ၁၀၀ ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့်အတူ ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ကသာ-PDF ပြောသည်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ ဘန့်ဘွေးကုန်းဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်က ကတုတ်ကျင်းများ တူး၍ နေရာယူထားသည်ဟု ကသာ-PDF အဖွဲ့မှ ဗိုလ်ဇာမဏီက ပြောသည်။
“(မနက်) ၉ နာရီလောက်အထိကို အပြန်အလှန်ပစ်ကြတာ၊ သူတို့ဘက်က စစ်ကူတွေရော၊ လေယာဉ်နဲ့ပါ လာချတယ်၊ အခုကတော့ ခဏငြိမ်နေတယ်” ဟု ဗိုလ်ဇာမဏီက ဆိုသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးတပ်များမှ ရဲဘော်လေးဦး ဒဏ်ရာရကြောင်း၊ တစ်ဦးမှာ ဦးခေါင်းတွင် ထိမှန်ခဲ့ပြီး ကျန်သုံးဦးမှာ မစိုးရိမ်ရကြောင်း ဗိုလ်ဇာမဏီက ပြောသည်။
တိုက်ပွဲဖြစ်ပွားရာသို့ ကသာမြို့ပေါ်ရှိ စစ်ကောင်စီတပ် ခမရ (၃၀၉) တပ်မှ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့ပြီး နံနက် ၁၁ နာရီခန့်တွင် စစ်ကူတချို့ကို စက်လှေများဖြင့် ပို့ဆောင်ခဲ့သည်၊ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် စစ်လေယာဉ် နှစ်စီး ဗုံးလာကြဲခဲ့သည်ဟု ဆိုသည်။
“သူတို့ဘက်ကတော့ အကျအဆုံးကတော့ တော်တော်လေးရှိတယ်လို့ ပြောတယ်၊ အဲဒါကြောင့်လည်း လေယာဉ်တွေနဲ့ လာကူချတာပေါ့၊ သူတို့ ထိခိုက်နစ်နာမှုမရှိဘူးဆိုရင်တော့ လေယာဉ်ကူစရာ အကြောင်းမရှိဘူးလေ” ဟု ဗိုလ်ဇာမဏီက ပြောသည်။
ထို့ပြင် မွန်းလွဲပိုင်းတွင်လည်း ဘန့်ဘွေးကုန်းအထက်ဘက်မှ ဝဲကြီးရွာဘက်တွင်လည်း ထိတွေ့တိုက်ပွဲများ ဆက်ဖြစ်နေသည်၊ တိုက်ပွဲဖြစ်စဉ်များကို အသေးစိတ်မသိနိုင်သေးဟု ၎င်းက ဆက်ပြောသည်။
ဘန့်ဘွေးကုန်းရွာမှာ ကသာမြို့၏ အရှေ့ဘက် ဧရာဝတီမြစ်ကမ်းအနီးတွင်ရှိပြီး ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်က စစ်ကောင်စီတပ် တပ်စွဲပြီး ရွာကို မီးရှို့ခဲ့သည့် ကျောက်ထုံးကြီးရွာ၏ တောင်ဘက်တွင် ရှိသည်။
ယနေ့နံနက် တိုက်ပွဲကြောင့် ရွာခံများ နီးစပ်ရာရွာနှင့် တောထဲသို့ ထွက်ပြေးနေရပြီး အချို့မှာ မြစ်ကူး၍ ကသာမြို့ပေါ်သို့ ထွက်ပြေးလာကြသည်ဟု အသက် ၄၀ ခန့်ရှိသည့် ကသာမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
တိုက်ပွဲမှ ပစ်ခတ်သံများကို ကသာမြို့ပေါ်မှပင် ကြားနေရပြီး မြို့ပေါ်ရှိ စစ်တပ်ကလည်း နံနက် ၉ နာရီခန့်မှ စတင်၍ လက်နက်ကြီး အချက်ပေါင်းများစွာ ပစ်ကူခဲ့သည်ဟု သိရသည်။
“လက်နက်ကြီးသံကို တစ်ချက်မှကို မနားတာ၊ ၃၀၉ တပ်က လှမ်းပစ်တာဆိုရင် အိမ်တွေတောင် တုန်တုန်သွားတယ်၊ ပစ်တဲ့အချက်ပေါင်းက ရေတောင်မရေနိုင်ဘူး” ဟု အဆိုပါ အမျိုးသမီးက ဆိုသည်။
ရွာအတွင်းမှ ရွာသားအားလုံးနီးပါး ထွက်ပြေးနေရပြီး မွန်းတည့် ၁၂ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ပြီးနောက် ရွာအတွင်းရှိ နေအိမ်များမီးလောင်နေပြီး မီးတောက်များနှင့် မီးခိုးများကို ကသာမြို့မှပင် လှမ်းမြင်နေရသည်ဟု ၎င်းက ပြောသည်။
“လေယာဉ်နဲ့ပစ်တာ ရက်စက်တယ်၊ ထိုးဆင်းချသွားလိုက်၊ ပြန်တက်သွားလိုက်နဲ့၊ တစ်ခါချရင် နှစ်လုံး ချသွားတာ၊ လေးခေါက် ငါးခေါက်လောက် ကျမယ်” ဟု အထက်ပါ အမျိုးသမီးက ပြောပြသည်။
ဘန့်ဘွေးကုန်းရွာမှ အသက် ၈၀ ခန့်ရှိ ဒေါ်အမော်နှင့် အသက် ၄၅ နှစ်အရွယ် ဦးမောင်လင်းတို့၏ နေအိမ်များ လက်နက်ကြီးထိကာ ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရကြောင်း ဒေသခံများကို ကိုးကား၍ ၎င်းက ဆက်ပြောသည်။
မျက်နှာချင်းဆိုင် ဧရာဝတီမြစ်ဘက်ကမ်းတွင် နေထိုင်သူတစ်ဦးကလည်း လေကြောင်းတိုက်ခိုက်မှုကို တွေ့လိုက်ရသည်ဟု ပြောသည်။
“ဂျက်ဖိုက်တာ၂ စီးက ၁၂ ခွဲလောက် ပျံတက်လာတာ မြင်ရပြီး ဘန့်ဘွေးကုန်းရွာကို ဗုံး ၃ ခါ ချတာ။ တစ်ခါကို ၃ လုံးစီ ချတာ၊ နောက်ဆုံးတစ်ကြိမ်က ၄ ခါ ချတာကို မြင်လိုက်ရတယ်“ ဟု အသက် ၃၅ ခန့် အဆိုပါ အမျိုးသမီးက ဆိုသည်။
ဩဂုတ် ၁၈ တွင်လည်း မန္တလေးမှ တက်လာသည့် စစ်သင်္ဘော ၆ စီးကို ကသာမြို့နယ်ကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့သည့်အတွက် သင်္ဘော နှစ်စီး ထိမှန်ခဲ့သည်။
စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ပြည်သူများကို ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ခဲ့သည့်အတွက် နိုင်ငံအနှံ့ရှိ ပြည်သူများက လက်နက်ကိုင်တော်လှန်ရေး စတင်ရာတွင် စစ်ကိုင်းတိုင်းက ရှေ့တန်းမှ ပါဝင်ခဲ့သည်။
ကသာမြို့မှာ ဧရာဝတီမြစ်ကြာင်းပေါ်တွင်ရှိပြီး စစ်ကောင်စီတပ်၏ ရေကြောင်းနှင့် ကုန်းကြောင်းမှ စစ်ရေးလှုပ်ရှားမှုမှန်သမျှကို ကသာမြို့ခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် KIA တို့က အဆက်မပြတ် တိုက်ခိုက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)