
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တိုက်ပွဲဆက်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကျည်စထိမှန်မှုကြောင့် ၃ နှစ်သားတစ်ဦး သေဆုံး၊ ၈ နှစ်သားတစ်ဦး ဒဏ်ရာရသွားသည်ဟု ဒေသခံများက ပြောသည်။
ဇူလိုင် ၂၅ ရက်နေ့က ကွတ်ခိုင်မြို့နယ်၊ လွိုင်ဆမ်ဆစ်တောင်ခြေ မန်နောင်ရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း ၂၉ နှင့် တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံး ထိုရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ၃ နှစ်အရွယ် မိုင်းအညမ်း ဦးခေါင်းတွင် မိုင်းစထိမှန်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
တိုက်ပွဲအပြီး ထိုကလေးငယ်ကို ကွတ်ခိုင်ဆေးရုံသို့ ပို့ခဲ့ကြောင်း၊ ဒဏ်ရာပြင်းထန်သည့်အတွက် လားရှိုးဆေးရုံသို့ ပို့ဆောင်နေစဉ် ထိုနေ့မှာပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကူညီပေးနေသူတစ်ဦးက ပြောသည်။
ဇူလိုင် ၂၇ ရက် နံနက် ၁၁ နာရီခန့်တွင် ကွတ်ခိုင်မြို့နှင့် နယ်ချင်းစပ်နေသည့် မူဆယ်မြို့နယ် နမ့်အွန်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
နမ့်ဖတ်ကာမြို့ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း (၁၂၃) က လက်နက်ကြီးများပစ်ခတ်ရာ လက်နက်ကြီးကျည်တစ်လုံး နမ့်ဖလွန်ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။
ပေါက်ကွဲမှုကြောင့် အသက် ၈ နှစ်အရွယ် မောင်ခမ်းဂွန်(ဝ်) မှာ နောက်ကျောတွင် လက်နက်ကြီးစ ထိမှန်ခဲ့သည်၊ နေအိမ်တစ်လုံးပျက်စီးခဲ့သည်ဟု အသက် ၄၀ ကျော်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“စိုးရိမ်စရာတော့ မရှိဘူးပြောတယ်၊ အခုကတော့ ကွတ်ခိုင်ဆေးရုံမှာ၊ မိုင်းစ အထဲမှာ ဝင်သွားလို့တဲ့။ အဲဒါ ခွဲစိတ်ရမယ်တဲ့” ဟု ဆိုသည်။

နမ့်ဖလွန်ရွာမှာ ကွတ်ခိုင်မြို့၏ အနောက်မြောက်ဘက် ၁၀ မိုင်ကျော်တွင်ရှိသည်။
တိုက်ပွဲအပြီးတွင် အင်အား ၅၀ ကျော်ရှိသည့် စစ်ကောင်စီတပ်က ထိုရွာတွင် ညအိပ်ခဲ့ပြီး ရွာလူကြီးအချို့ကို ခေါ်ယူစစ်ဆေးခဲ့သည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
ယနေ့နံနက် ၉ နာရီခန့်တွင် အဆိုပါ စစ်ကြောင်း ရွာမှ ပြန်လည်ထွက်ခွာသွားပြီး ရွာနှင့် တစ်မိုင်ခန့်အကွာတွင် KIA နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။
မွန်းလွဲပိုင်း ၁ နာရီခန့်ကြာသည့် တိုက်ပွဲအပြီး ဒေသခံအများစုမှာ နေအိမ်အပြင်သို့ မထွက်ရဲကြဟု ဆိုသည်။ နှစ်ဖက် ထိခိုက်ကျဆုံးမှုကို မသိရသေးပေ။
ကွတ်ခိုင်မြို့တိုက်ပွဲသတင်းများနှင့် ပတ်သက်ပြီး နောက်ဆက်တွဲအခြေအနေကို မသိရသေးဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
KIA နှင့် စစ်ကောင်စီတပ်များ ယခုလအတွင်း ရှမ်းမြောက်နှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများ ဆက်နေသည်။
ယနေ့ နံနက် ၂ နာရီခန့်ကလည်း ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဝူယန်ပြည်သူ့စစ်စခန်းကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။
“ဝိုင်းမော် ဝါရှောင်ပတ်ဝန်းကျင်နားမှာရှိတဲ့ ဝူယန်ဆိုတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်၊ နေတာကတော့ ရွှေမင်းပြည်သူ့စစ်တွေနေတဲ့ စခန်းတစ်ခုကို ဝင်တိုက်တဲ့ ဖြစ်စဉ်ရှိပါတယ်” ဟု သူက ပြောသည်။
KIA တပ်ရင်း (၃) လှုပ်ရှားတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရပြီး ထိခိုက်ကျဆုံးမှုအခြေအနေကိုမူ မသိရသေးကြောင်း ၎င်းက ပြောသည်။
စခန်းအတွင်းအထိ ဝင်ရောက်တိုက်ခိုက်ခံရသည့် ပြည်သူ့စစ်ဘက်မှ ၆ ဦးသေဆုံးကာ ၂၀ ကျော် ဒဏ်ရာရသည်ဟု KIA ရှေ့တန်းရင်းမြစ်များကို ကိုးကားပြီး ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် Kachin New Group သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။
စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ပြန်ဖြစ်နေသည်။
KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဗမာပြည်သူ၊ ဗမာအဖွဲ့အစည်းများနှင့် လက်တွဲပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ချေမှုန်းသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)