သတင်း

စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်စီးနင်းစဉ် ငါးနှစ်အရွယ်ကလေးသေဆုံး 

ယမန်နေ့ (ဇူလိုင် ၂၇) နံနက်ပိုင်းက မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းက ရွာတစ်ရွာကို စစ်တပ်က ပစ်ခတ်စီးနင်းစဉ် ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့သည်ဟု သိရသည်။

ပေါက်မြို့ တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ကျားပစ်ကန်ရွာကို ယမန်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် အင်အား ၇၀ ခန့်ပါ စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက် ယနေ့ (ဇူလိုင် ၂၈) တွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ရွာအနောက်ဘက် ယောချောင်းကို ရေကူးပြီး ဝင်လာကြတာ။ မဝင်ခင် လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ကလေးတစ်ယောက် လက်နက်ကြီးမှန်သေသွားတယ်။ ကျားပစ်ကန်ကတော့ တစ်ခြမ်းလုံး ကုန်သွားပြီ။ သူတို့ထွက်သွားပြီဆိုပြီး မီးဝင်သတ်တာ။ စစ်တပ်က ထွက်သွားသလိုလိုနဲ့ လက်နက်ကြီးတွေနဲ့ ထိုင်ပစ်နေလို့ ပြန်ပြေးခဲ့ရတယ်” ဟု ၎င်းက ပြောသည်။

ရွာကို ဝင်ရောက်စီးနင်းခြင်း မပြုမီ ရွာအနောက်ဘက်မှနေ၍ စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်စဉ် ရွာထိပ်ရှိ နေအိမ်တစ်လုံးအနီး ကျရောက်ပေါက်ကွဲကာ ငါးနှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။​

လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် မိန်းကလေးငယ်၏ မိသားစုဝင် လေးဦးလည်း ထိခိုက် ဒဏ်ရာရရှိသည်ဟု ဆိုသည်။​

“အဲဒီကလေးကိုလည်း ပုဆိုးစလွယ်သိုင်း သယ်ပြေးရတယ်။ သူတို့က လက်နက်ကြီးနဲ့ တရစပ်ထုလို့ ခွေးပြေးဝက်ပြေး မြှုပ်လိုက်ရတယ်။​ ကလေးက ထမင်းကြမ်း (မနက်စာ) တောင် မစားရသေးဘူး။ ထမင်းပွဲနားမှာ လက်နက်ကြီး ကျလို့ မိသားစုတစ်စုလုံး ထိသွားတာ” ဟု အထက်ပါ ရွာသားက ပြောသည်။

ကျန်မိသားစုဝင်များမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်၍ အသေးစိတ်အခြေနေကိုမူ မေးမြန်းနိုင်ခြင်း မရှိသေးပေ။

အိမ်ခြေ ၅၀၀ ခန့်ရှိ ကျားပစ်ကန်ရွာတွင် စစ်တပ်က မီးရှို့သဖြင့် ရွာတောင်ပိုင်းရှိ နေအိမ်များ မီးလောင် ပျက်စီးသွားပြီဖြစ်ကြောင်း၊ အရေအတွက်အတိအကျ အတည်မပြုနိုင်သေးကြောင်းလည်း သိရသည်။​

လက်ရှိတွင် မီးလောင်နေသည့် ကျားပစ်ကန်ရွာကို မီးငြိမ်းရန် ကြိုးပမ်းနေသည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များနှင့်  စစ်တပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း၊ အခြေနေအသေးစိတ် ဖြေဆို၍ မရသေးကြောင်း ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် Young Revolution Front အဖွဲ့က ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button