
မကွေးတိုင်း၊ ဆောမြို့နယ် နဂါးပွက်တောင်တွင် အင်အားအများအပြား၊ အခိုင်အမာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသခံ PDF ၆ ဖွဲ့ ပူးပေါင်းပြီး ရက်ဆက် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ဇူလိုင် ၁၉ တွင် ဆိပ်ဖြူမြို့နယ်မှ ဆောဘက်သို့ အင်အား ၁၈၀ ခန့်ဖြင့် တက်လာသည့် စစ်ကောင်စီတပ်ကို လောင်းရှည်-PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ စစ်ကြောင်းမှာ ဆောမြို့နယ်နှင့် မိုင် ၂၀ ကျော်ခန့် အကွာ နားဂါးပွက်တောင်၌ တပ်စွဲထားခြင်းဖြစ်သည်။
ထိုစစ်တပ်ကို ဇူလိုင်၂၀၊ ၂၁၊ နှင့် ၂၂ ရက်တို့တွင် လောင်းရှည်၊ ဆော၊ ညောင်ရမ်း၊ စလင်း စသည့် PDF အဖွဲ့များနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များဖြစ်သော ပြည်သူ့စွမ်းအားတပ်ပေါင်းစု (PPC)၊ စေရာ တပ်ဖွဲ့တို့က အမြောက်များ၊ ရှော့တိုက်ဒုံးများအပြင် ဒရုန်းများသုံးပြီး တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည် ဟု သိရသည်။
ဇူလိုင် ၂၀ တိုက်ခိုက်မှုမှာ နံနက် ၁၀ နာရီမှ ၁၂ နာရီခန့်အထိ ကြာမြင့်ခဲ့ကြောင်း၊ စစ်တပ်ကလည်း လက်နက်ကြီးများ၊ စက်သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း လောင်းရှည်-PDF မှ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ဗိုလ်တင်စိုးက ပြောသည်။
ဇူလိုင် ၂၁ တွင် ပိုမိုပြင်းထန်ခဲ့သော တိုက်ပွဲမှာ မွန်းလွဲ ၂ နာရီမှ ၅ နာရီခန့်အထိ ကြာမြင့်ပြီး လက်နက်ကြီးအပြင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်မှ ၅ ဦးခန့် ထိခိုက် သေဆုံးခဲ့သည်ဟု ဆိုသည်။
“ကျွန်တော်တို့က လက်နက်ကြီးနဲ့ ပစ်တာရယ်၊ သူတို့ (စစ်ကောင်စီ) ဘက်ကို မှန်ပြောင်းနဲ့ ကြည့်တဲ့ အဖွဲ့ရယ်ဆိုတော့ ဗုံးကျတဲ့အချိန်မှာ ထိတဲ့ဟာကို မှန်ပြောင်းထဲကနေ တိုက်ရိုက်မြင်နေရတယ်” ဟု ဗိုလ်တင်စိုးက ပြောသည်။
စစ်ကောင်စီတပ်က PDF တပ် ရှိနိုင်မည်ဟု ထင်ရသည့် နေရာများကို လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သလို ဗုံးတပ်ထားသည့် ဒရုန်းများကိုလည်း စက်သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။
ဇူလိုင် ၂၂ မွန်းလွဲ ၂ နာရီခန့်တွင်မူ ဆောနှင့် လောင်းရှည် PDF အဖွဲ့တို့က လက်နက်ကြီးဖြင့် ၁၀ ချက်ခန့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ် တပ်စွဲထားသည့် စခန်းမှာ ဆော-ဆိပ်ဖြူကားလမ်းအနီးရှိ နာဂါးပွက်တောင်ပေါ်တွင် ဖြစ်ပြီး ဘန်ကာများဖြင့် အခိုင်အမာ စခန်းတည်ဆောက်နေခြင်းဖြစ်သည်ဟု ဆော-PDF က ထုတ်ပြန်ထားသည်။

ကားလမ်းအနီး တောင်ပေါ်တွင် စခန်းထိုင်ပြီး ကားလမ်းကို စိုးမိုးထားသည့်အတွက် ထိုစခန်းကို သွားရောက်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ဆော-PDF တပ်ရင်း(၁) တပ်ရင်းမှူးက ပြောသည်။
“အဓိကကတော့ ဒီနယ်မြေမှာ စခန်းမထိုင်စေချင်တဲ့သဘောပဲ၊ ဒီနယ်မြေမှာ စစ်ကောင်စီတပ်စခန်းတွေက လမ်းပိုင်းတွေကို နယ်မြေစိုးမိုးမှု ယူနေတာကိုတော့ လက်မခံဘူး” ဟု ဆော-PDF တပ်ရင်းမှူးက ဆိုသည်။
စစ်ကောင်စီတပ်က ဆက်လက်စခန်းထိုင်နေဆဲဖြစ်သည့်အတွက် တိုက်ပွဲများ အချိန်မရွေး ဆက်လက်ဖြစ်ပွားနိုင်သောကြောင့် ဆော-ဆိပ်ဖြူလမ်းပိုင်းကို ခရီးသည်များ အသုံးမပြုကြရန် ဒေသခံ PDF အဖွဲ့ များက တိုက်တွန်းထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာရာတွင် ချင်း-မကွေးနယ်စပ်မြို့နယ်များဖြစ်သည့် လောင်းရှည်၊ ဆော၊ ကျောက်ထုစသည့် မြို့များမှာလည်း စစ်ကောင်စီကို တော်လှန်လာခဲ့ကြသည်။
ချင်းပြည်နယ်တောင်ပိုင်းရှိ စစ်ဗျူဟာတစ်ခု၊ တပ်ရင်းနှစ်ခု ရှိသည့် မတူပီမြို့နယ်နှင့် အခြားမြို့နယ်များကို ရိက္ခာ၊ ခဲယမ်းပို့ရာတွင် အထက်ပါ ချင်း-မကွေးနယ်စပ်မြို့များကို မဖြစ်မနေ ဖြတ်သန်းနေရသလို ဒေသခံ PDF များကလည်း အဆက်မပြတ်တိုက်ခိုက်နေသည်။
ဇူလိုင် ၁၇ ပခုက္ကူမြို့မှ ထွက်လာသည့် အစီးရေ ၁၀၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းမှာ မင်းတပ်မြို့ကို ရောက်ရှိပြီးနောက် ၂၁ ရက်တွင် ကျောက်ထုအမြောက်တပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
အဆိုပါတပ်မှာ ပခုက္ကူလမ်းပိုင်းနှင့် ဆောမြို့နယ်လမ်းပိုင်းတို့တွင် ရှေ့ပြေးကင်းများ ချထားသည့်အတွက် ယင်းလမ်းပိုင်းကို ယာယီအသုံးမပြုကြရန် ကျောက်ထု-PDF အဖွဲ့က ဇူလိုင်၂၁ က ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)