အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ယိုယွင်းအန္တရာယ်ရှိ မိုးညှင်းမြို့မဈေးကို စည်ပင်ကပြင်ပေးစေလိုဟု ဈေးသည်များပြော

(ရန်ကုန်) –  ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ သက်တမ်း နှစ် ၅၀ ကျော်ရှိပြီဖြစ်သည့် မြို့မစည်ပင်သာဈေး(၁) သည် ပျက်စီးယိုယွင်းနေပြီး စည်ပင်သာယာရေးကော်မတီအနေဖြင့် ဈေးရုံများကို ငွေကြေးကျခံကာ ပြင်ဆင်ပေးစေလိုသည်ဟု ဈေးတွင်ရောင်းချနေသည့် ဈေးသည်အချို့က ပြောသည်။

ဈေးရုံများ၏ ဈေးရုံအောက်ခြေတိုင်များ ပျက်စီးနေပြီး၊ အမဲခုံ ဝက်ခုံတန်းသည် အခြေအနေ ဆိုးဆိုးရွားရွားဖြစ်နေကြောင်း ဈေးသည်တစ်ဦးကလည်း ပြောသည်။

“အမဲခုံ ဝက်ခုံတွေဆို ဆွေးနေတယ်။ သူတို့လေလံကြေးပေးထားရတော့ ဈေးသည်တွေကတော့ ရောင်းမှာပဲ၊ ဖြစ်သလိုရောင်းနေတာပဲလေ၊ အခုက လုံးဝအက်ကွဲနေပြီ၊ တကယ်တမ်း အသားတွေခုတ်တဲ့အချိန် မတော်တဆ အက်ကွဲပြီး ပြိုကျလို့ရှိရင် အကုန်လုံး သေကုန်မှာပေါ့” ဟု အထည်အရောင်းဆိုင် ဖွင့်ထားသည့် ဦးညီက ပြောသည်။

ထို့ပြင် ဈေးသူဈေးသားများအနေဖြင့် နေဒဏ်မိုးဒဏ်ခံနိုင်ရန် ရုံကူးလမ်းကြားများတွင် အမိုးဖုံးများပြုလုပ်ဖို့ စည်ပင်က ခွင့်ပြုခဲ့သော်လည်း ငွေကြေးချပေးခြင်း မရှိသဖြင့် ဈေးသည်များ ကိုယ်ထူကိုယ်ထ ပြုလုပ်ခဲ့ရသည်ဟု ဦးညီက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့ကြောင့် မိုးညှင်းမြို့မဈေးမှ ကောက်ခံရရှိသည့် ဆိုင်ခန်းငှားခ၊ အခွန်ငွေ၊ ဒဏ်ကြေးငွေများအား ထိုဈေး၏လိုအပ်ချက်များတွင်သာ ပြန်လည်အသုံးပြုစေလိုကြောင်း ဦးညီက တောင်းဆိုသည်။

“ဆိုင်ခန်းသွပ်မိုးပေါက်ရင်တောင် ကိုယ့်ဟာကိုယ်လဲရတာကိုး”ဟု ၎င်းက ပြောသည်။

မိုးညှင်းစည်ပင်သာယာက ရေနုတ်မြောင်းဖောက်လုပ်သည့် အသုံးစရိတ်များကိုလည်း ပွင့်လင်းမြင်သာစွာ ချမပြသည့်အပြင် ဖောက်လုပ်ထားသည့် ရေနုတ်မြောင်းများမှာလည်း ရေမစီးဟု ၎င်းက ပြောသည်။

မိုးညှင်းမြို့မဈေး ပျက်စီးယိုယွင်းမှု (ဓာတ်ပုံ – ဦးညီ)

“သုံးလက်မတောင် မနက်တဲ့ မြောင်းတူးထားတာတွေလည်း ရှိတယ်” ဟု ဦးညီက ပြောသည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီအနေဖြင့် လက်ရှိယိုယွင်းနေသည့် ဈေးအဆောက်အအုံများကို ပြန်လည်ပြုပြင်ရန် လတ်တလောအစီအစဉ် မရှိသေးသော်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြင်ဆင်နိုင်ရန် ညှိုနှိုင်းနေကြောင်း ကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်က Myanmar Now ကိုပြောသည်။

အဆိုပါမြို့မဈေးကို အထပ်သုံးထပ်ပါအဆောက်အအုံအသစ်ဖြင့် အစားထိုးရန် ၂၀၁၇ နှစ်စပိုင်းကတည်းက ဆွေးနွေးခဲ့သော်လည်း ဈေးသူဈေးသားများနှင့် ညှိနှိုင်းမရသေးသဖြင့် ဆိုင်းငံ့ထားရပြီး သုံးကြိမ် ညှိနှိုင်းခဲ့ရသည်ဟု မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)ကိုယ်စားလှယ် ဦးတင်အေးက ပြောသည်။

အသစ်ပြန်လည်တည်ဆောက်မည့် သုံးထပ်ဈေးသစ်တွင် အသားငါးတန်းကို အောက်ထပ်တွင် လိုင်စင်ချပေးရန်အတွက် လျာထားသော်လည်း ရပ်မိရပ်ဖ ဈေးသူဈေးသားများနှင့် ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ဦးတင်အေးက ပြောသည်။

“လောလောဆယ်တော့ အဆင်မပြေသေးဘူး၊ ဆက်ညှိသွားဖို့ရှိတယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button