သတင်း

ကချင်ဒေသ တိုက်ပွဲများတွင် စစ်ကောင်စီက လေကြောင်းကို အားပြု၍ တိုက်ခိုက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းရွာအနီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် လေးရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းမှ ၈ ကြိမ်ထက်မနည်း တိုက်ခိုက်သည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဇူလိုင် ၁၉ တစ်ရက်တည်းတွင် မွန်းလွဲ ၁ နာရီ၊ ညနေ ၄ နာရီနှင့် ည ၇ နာရီခန့်တို့တွင် ဗုံးကြဲ၍ ဆယ်ဇင်းရွာမှ နေအိမ် ၃ လုံး ပျက်စီးခဲ့သည်ဟု အသက် ၃၀ အရွယ် ဆယ်ဇင်းရွာသားက ပြောသည်။

ထိုနေ့ ညနေ ၆ နာရီခန့်တွင် အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီတပ်က ဆယ်ဇင်းရွာအတွင်း ဝင်ရောက် စစ်ဆေးခဲ့ကြောင်း၊ ရွာအနီးရှိ တာဝါတိုင်ကုန်းတွင် စစ်အင်အား ထပ်ဖြည့်ထားကြောင်း ၎င်းက ဆက်ပြောသည်။

“အဲဒီကုန်းမှာ တပ်စွဲထားတာတော့ ကြာပြီ။ အရင်က နည်းနည်းလေးပဲရှိတာ၊ အခု ထပ်ပြီး တပ်အင်အားတွေ ထပ်ဖြည့်ထားတာပေါ့၊ အင်အား ၆၀၊ ၇၀ လောက်ရှိမယ်” ဟု ၎င်းက ပြောသည်။

ထိုကုန်းရှိ တပ်ဖွဲ့ထံသို့ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ရိက္ခာ၊ ခဲယမ်းများ ဖြည့်ပေးလေ့ရှိသည်ဟု ၎င်းက ဆိုသည်။

ရွာသို့ ဝင်ရောက်စစ်ဆေးသည့် ယမန်နေ့ (ဇူလိုင် ၁၉ ရက်) တွင် ရွာအတွင်း ဝင်စစ်သည့် စစ်ကောင်စီတပ်က ဒေသခံ ၄ ဦးကို ဖမ်းသွားခဲ့ပြီး ယနေ့ နံနက်တွင် ပြန်လွှတ်ပေးခဲ့သည်၊ တိုက်ပွဲအတွင်း လမ်းပြရန် ဖမ်းသွားခြင်းဖြစ်သည်ဟု ထိုသူက ဆက်ပြောသည်။

ယနေ့ နံနက် ၁၀ နာရီခန့်တွင် ဆယ်ဇင်းရွာ၏ မြောက်ဘက် ချမ်းသာအေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆယ်ဇင်းရွာ တာဝါတိုင်ကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်အချို့က ပြောသည်။

ဆယ်ဇင်းရွာမှ တာမခန်းသို့ သွားသည့် ကားလမ်းကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားလိုက်သလို အခြားလမ်းကြောင်းများလည်း ပိတ်ဆို့ခံထားရသည့်အတွက် ရွာခံအားလုံးနီးပါးမှာ ရွာအတွင်း ပိတ်မိနေသည်ဟု ၎င်းတို့က ဆိုသည်။

“နောက်နေ့မနက်အစောပိုင်းတော့ လမ်းပြန်ဖွင့်ပေးမယ်လို့တော့ ပြောတာပဲ။ ဒါပေမဲ့ ဘယ်သူမှထွက်လို့မရဘူးဖြစ်နေတယ်။ တချို့ရွာသားတွေကတော့ ဒီမနက် မိုးညှင်းဘက်ကို ခြေကျင်လျှောက်ပြီးတော့ သွားလိုက်ကြတယ်ပြောတယ်” ဟု အထက်ပါ ဆယ်ဇင်းရွာသားက ပြောသည်။

မြို့ပေါ်ရှိ ဈေးဆိုင်များအားလုံး ပိတ်ထားလိုက်ပြီး ဒေသခံအားလုံးနီးပါးမှာ ဘုန်းကြီးကျောင်းနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများတွင် သောင်တင်နေသည်မှာ ၄ ရက်ခန့်ရှိလာပြီဟု ထိုသူ့ထံမှ သိရသည်။

ဇူလိုင် ၁၆ ရက်က ဆယ်ဇင်းရွာနှင့် မိုင် ၂၀ ကျော်ဝေးသည့် တာမခန်ရွာမှ စစ်ကြောင်းထိုးလာသည့် အင်အား ၇၀ ပါ စစ်ကောင်စီစစ်ကြောင်းကို ဆယ်ဇင်းရွာနှင့် မိုင်အနည်းငယ်ဝေးသည့် ကျောက်ပုံရွာအနီးတွင် KIA ပိတ်ဆို့တိုက်ခိုက်ရာမှ တိုက်ပွဲများစတင်ခဲ့ခြင်းဖြစ်သည်။

ကျောက်ပုံရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်က ၅၀ ဝန်းကျင်ခန့် သေဆုံးပြီး အရာရှိအချို့ ပိတ်မိနေသည့်အတွက် စစ်ကောင်စီက လေကြောင်းမှ အဆက်မပြတ် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုကြသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

တိုက်ပွဲပြင်းထန်နေသည့် ဆယ်ဇင်းရွာဘက်သို့ စစ်တပ်သုံး သယ်ယူပို့ဆောင်ရေးအမျိုးအစား MI 17 ရဟတ်ယာဉ်များ နေ့စဉ်ပျံသန်းနေသည်ကို တွေ့ရကြောင်း မိုးညှင်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ယမန်နေ့မွန်းလွဲ ၅ နာရီခန့်ကလည်း ရဟတ်ယာဉ် သုံးစီးခန့် ဆယ်ဇင်းရွာဘက်သို့ ဦးတည်ပျံသန်းသွားသည်ဟု အဆိုပါ မိုးညှင်းမြို့ခံက ပြောသည်။

“ပထမတစ်စီးသွားလိုက်တဲ့ ဟာကတော့ ဟိုဘက်ရောက်ပြီးတော့မှ လူချ၊ ပစ္စည်းပြန်သယ်၊ လူပြန်သယ်ပေါ့နော်၊ ဒဏ်ရာရတဲ့လူတွေ ပြန်သယ်တယ်နဲ့ တူတယ်” ဟု အဆိုပါ မြို့ခံက ခန့်မှန်းပြောဆိုသည်။

ဆယ်ဇင်းတိုက်ပွဲများ လတ်တလောငြိမ်သက်နေကြောင်း၊ နှစ်ဖက်ရင်ဆိုင်ထားသည့်အတွက် တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်နိုင်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဇူလိုင် ၁၉ တွင် ပြောခဲ့သည်။

တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့် ပတ်သက်ပြီး နောက်ဆုံးရအခြေအနေများကို ထပ်မံသိနိုင်ရန် ဗိုလ်မှူးကြီးနော်ဘူကို ယနေ့ ဖုန်းဆက်မေးမြန်းသော်လည်း ဆက်သွယ်၍ မရပေ။

ဇူလိုင် ၁၈ ရက်နေ့က ဖြစ်ပွားသည့် တိုက်ပွဲများတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်များလည်း ပါဝင်ခဲ့ပြီး ဆယ်ဇင်းကျေးရွာအနီး မန်ဇိန်းချောင်းတစ်ဖက်ကမ်းမှနေ၍ KIA တပ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ဆယ်ဇင်းရွာတစ်ဝိုက် တိုက်ပွဲများ ဆက်တိုက်ပြင်းထန်လာပြီးနောက် SNA နှင့် ရင်ဆိုင်ထားသည့် KIA တပ်များက နောက်ပြန်ဆုတ်ခဲ့ပြီး စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

လတ်တလောတွင် KIA တပ်များနှင့် တိုက်ပွဲများ ငြိမ်သက်နေပြီး စစ်ရေးသဘောအရ ပြင်ဆင်မှုများပြုလုပ်နေကြောင်း SNA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက ပြောသည်။

“ကျွန်တော်တို့ဘက်က ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားပါတယ်၊ ဟိုဘက်က ဘယ်လိုလှုပ်ရှားလာမလဲဆိုတာ စောင့်ကြည့်နေရတာပေါ့၊ သူတို့လှုပ်ရှားမှုကို မူတည်ပြီးမှ ပြင်းထန်မယ်၊ မပြင်းထန်ဘူးဆိုတာ ဖြစ်ပေါ်လာမှာ” ဟု ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက ပြောသည်။

ယမန်နေ့က ဆယ်ဇင်းရွာအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့်အတူ SNA တပ်ဖွဲ့ဝင်များလည်း ပါဝင်ခဲ့သလို ယနေ့နံနက်တွင်လည်း ရွာတွင်း၌ သွားလာနေကြသည်ဟု ဒေသခံများက ပြောသော်လည်း မြေပြင်သတင်းများမရသေးသည့်အတွက် မသိရသေးကြောင်း ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက ပြောသည်။

အများ စွပ်စွဲနေသလို ၎င်းတို့တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်နှင့် ပူးပေါင်းတိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ KIA က နယ်ကျွံလာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဟု ၎င်းက ဆိုသည်။

ယနေ့နံနက် ချမ်းသာအေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက်တပ်များ စစ်ရေးဆက်လက်တင်းမာနေသည့်အတွက် ပိတ်မိနေသည့် ဒေသခံများက စိုးရိမ်နေကြသည်ဟု အသက် ၅၀ ခန့်ရှိသည့် ဒေသခံအမျိုးသမီးတစ်ယောက်က ပြောသည်။

စားသောက်ရေးအတွက် အချို့ဒေသခံများ နေအိမ်သို့ ခေတ္တပြန်ပြီး ချက်ပြုတ်စားသောက်ကြသော်လည်း အများစုကတော့ ဘုန်းကြီးကျောင်းမှာပင် ဖြစ်သလိုစားသောက်နေရသည်ဟု ၎င်းက ဆိုသည်။

“ရွာထဲမှာတော့ မနေဘူး၊ ခဏလေးပြန်ပြီး ထမင်းလေး ဘာလေးသွားချက်ပြီးတော့မှ ပြန်ယူလာပြီး ဘုန်းကြီးကျောင်းမှာပဲ စားကြတာ၊ အိမ်ထဲမှာတော့ ဘယ်သူမှ အကြာကြီးမနေရဲကြဘူး” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် KIA လှုပ်ရှားနယ်မြေများဖြစ်သည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားခဲ့သည်။

ဇူလိုင်တစ်လတည်းတွင် ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်နှင့် ကချင်ပြည်နယ် တနိုင်းမြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍မရသေးပါ။

စစ်အာဏာသိမ်းမှုကို KIA က အတိအလင်း ရှုတ်ချ၊ ကန့်ကွက်ထားသလို စစ်အာဏာရှင်စနစ်ကို ဗမာပြည်သူ၊ ဗမာအဖွဲ့အစည်းများနှင့် လက်တွဲပြီး အမြစ်ပြတ်ချေမှုန်းသွားမည်ဟု KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားထားသည်။

အာဏာသိမ်းဖမ်းဆီးသတ်ဖြတ်မှုများကြောင့် စစ်ကောင်စီကို လက်နက်ကိုင် ခုခံလိုသူ အများအပြား KIA ထံတွင် စစ်ပညာသင်ယူထားသည်။ သင်တန်းတက်ပြီးသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်အများအပြား KIA နှင့် ပူးတွဲ တိုက်ပွဲဝင်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button