သတင်း

တနိုင်းတွင် KIA စခန်းတိုက်ခိုက်ခံရ၊ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ကနွယ်သူရွှေမှော်အနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စခန်းကို ယမန်နေ့ (ဇူလိုင် ၁၈) နံနက်တွင် ရှဒူဇွပ်ပြည်သူ့စစ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး KIA တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ယမန်နေ့ နံနက် ၄ နာရီခန့်က ရှဒူဇွပ်ပြည်သူ့စစ်အဖွဲ့က စစ်ကားနှစ်စီးဖြင့် KIA စခန်းရှိရာသို့ ရောက်လာခြင်း ဖြစ်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပြည်သူ့စစ်အဖွဲ့နှင့်အတူ စစ်ကောင်စီတပ်များလည်း ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး KIA တပ်က နောက်ဆုတ်ပေးလိုက်ရသည်ဟု ဆိုသည်။

“ကျွန်တော်တို့ KIA စခန်းကို ရှဒူဇွပ်ပြည်သူ့စစ်အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ လာပစ်တဲ့အနေအထားဖြစ်ပါတယ်၊ အင်အားမမျှတဲ့ အနေအထားဆိုတော့ ကျွန်တော်တို့လည်း ရှောင်သွားတာပေါ့” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တပ်ဖွဲ့ဝင်အနည်းငယ်သာရှိသော အဆိုပါ KIA စခန်းကို ရှဒူဇွပ်ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်ဖြစ်သူ မင်းဇင်သန့်ကိုယ်တိုင် ဦးစီးပြီး သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသတွင်းမှ လာသော သတင်းများက ဆိုသည်။

တိုက်ခိုက်ခံရသည့် KIA တပ်မှာ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၄) မှ ဖြစ်ကြောင်း၊ ထိုနယ်မြေအတွင်း ဇွန်လမှစ၍ ရှဒူဇွပ်ပြည်သူ့စစ်အဖွဲ့က စစ်ရေးလှုပ်ရှားမှု များစွာရှိခဲ့ကြောင်း သိရသည်။

ရှဒူဇွပ်ပြည်သူ့စစ်အဖွဲ့မှာ တနိုင်းမြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု စံပြကျေးရွာတွင် တပ်စွဲထားပြီး ရှဒူဇွပ်အခြေစိုက် ခလရ(၂၉၇) တပ်ရင်းအောက်တွင် လှုပ်ရှားနေကြောင်း၊ ၎င်းတို့ အခြေစိုက်သော တနိုင်းမြို့နယ်၊ လီဒိုလမ်းပိုင်းတွင် ရွှေတူးဖော်ရေးလုပ်ငန်းများလည်းရှိကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် KIA တို့ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ် ဆယ်ဇင်းရွာအနီး သုံးရက်ဆက် တိုက်ပွဲများပြင်းထန်ခဲ့ပြီး ပိတ်ဆို့ခံထားရသည့် တပ်ကို ကယ်တင်ရန် စစ်ကောင်စီက လေကြောင်းမှပါ တိုက်ခိုက်ခဲ့သည်။

ယနေ့ ဆယ်ဇင်းရွာအနီးတိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် မွန်းလွဲ ၁ နာရီခွဲနှင့် ညနေ ၄ နာရီတွင် နှစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့၍ ဆယ်ဇင်းရွာမှ နေအိမ် ၃ လုံး ဗုံးစထိမှန်ခဲ့သည်ဟု အသက် ၃၀ အရွယ် ဒေသခံတစ်ဦးက ပြောသည်။

“ခေါင်မိုးတွေ ပေါက်သွားတယ်၊ နံရံတွေရောပဲ။ လူတွေကတော့ အရင်ရက်ကတည်းက ရှောင်နေလိုက်တော့ ထိတဲ့သူမရှိဘူး” ဟု ၎င်းက ဆိုသည်။

သုံးရက်ဆက်ဖြစ်သည့် တိုက်ပွဲကြောင့် ဆယ်ဇင်းဒေသခံများမှာ ရွာဘုန်းကြီးကျောင်းနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများတွင် ခိုလှုံနေရသည်ဟု သိရသည်။

နှစ်ဖက်တပ်များ ဆက်လက်ရင်ဆိုင်ထားသည့်အတွက် ဆယ်ဇင်းဘက်၌ တိုက်ပွဲ အချိန်မရွေးပြန်ဖြစ်နိုင်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဒီနေ့ကတော့ သတင်းကတော့ မတက်ဘူး၊ ဒါပေမဲ့ တပ်ပြန်ဆုတ်သွားတာမရှိတဲ့အခါကျတော့ တင်းမာနေတဲ့ အနေအထားဖြစ်ပါတယ်” ဟု သူက ပြောသည်။

ဖားကန့်ဒေသမှာ KIA တပ်မဟာ (၉) နယ်မြေတွင် ရှိပြီး ဆယ်ဇင်းတိုက်ပွဲတွင် တပ်မဟာ (၉) လက်အောက်ခံ တပ်ရင်း (၂၆) တပ်များနှင့် စစ်ကောင်စီတပ်မှ ခလရ (၂၄) တပ်များ ရင်ဆိုင်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၁ က ဝိုင်းမော်မြို့နယ် နန်ဇော်ယန်ကျေးရွာအနီးရှိ KIA ရှေ့တန်းစခန်းများကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီပူးပေါင်းတပ်မှ အကျအဆုံးများခဲ့သည်ဟု သိရသည်။

စစ်အာဏာသိမ်းမှုကို အတိအလင်းရှုတ်ချခဲ့သည့် KIA က လက်နက်ကိုင်ခုခံလိုသူများ၊ စစ်ကောင်စီတပ်၏ရန်မှ တိမ်းရှောင်လာသူများကို လက်ခံခဲ့ပြီးနောက်ပိုင်း KIA ၏ လှုပ်ရှားနယ်မြေများဖြစ်သော ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းတို့တွင် စစ်တပ်နှင့် KIA တိုက်ပွဲများပြင်းထန်လာသည်။

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရန် မကြာခဏပြောကြားလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button