မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း ယမန်နေ့ (ဇူလိုင် ၁၈) ချုံခိုတိုက်ခိုက်မှုတစ်ခုတွင် စစ်ကောင်စီတပ်မှ ၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရသည်ဟု လောင်းရှည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။
ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ဆိပ်ဖြူမြို့နယ်မှ ဆောမြို့နယ်အတွင်း ခြေလျင်ဝင်ရောက်လာသည့် အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီတပ်ကို ဆောမြို့နှင့် မိုင် ၄၀ ကျော်အကွာတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးဖြင့်လည်း ပစ်ခတ်ခဲ့သည်ဟု လောင်းရှည်-PDF အဖွဲ့က ပြောသည်။
ဆင်ထားသည့် မိုင်းများထဲမှ ၄ လုံး ပေါက်ကွဲသည်ဟု လောင်းရှည်-PDF အဖွဲ့မှ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ဗိုလ်တင်စိုးက ဆိုသည်။
“မိုင်းကွင်းထဲ ဝင်လာတဲ့အချိန်မှာ ဆွဲလိုက်တာ မြင်နေရတာပေါ့နော်၊ လဲကျသွားတာကိုရော ဒဏ်ရာရနေလို့ အော်နေတဲ့လူတွေရော” ဟု ပြောသည်။
မိုင်းခွဲပြီးနောက် လောင်းရှည်-PDF အဖွဲ့က လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
မိနစ်အနည်းငယ်ကြာ အပြန်အလှန်ပစ်ခတ်ကြပြီးနောက် PDF အဖွဲ့ဝင်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဗိုလ်တင်စိုးက ပြောသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဆိပ်ဖြူမြို့နယ်အတွင်းရှိ စစ်လက်နက်ပစ္စည်းထုတ်စက်ရုံ (ကပစ) များမှ ဖြစ်နိုင်သည်ဟု လောင်းရှည်-PDF က ခန့်မှန်းသည်။
ဆော-ဆိပ်ဖြူလမ်းပိုင်းတစ်ခုလုံးကို လောင်းရှည်-PDF က ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဂိတ်စခန်းများချကာ စစ်ဆေးနေသည့်အတွက် နယ်မြေစိုးမိုးရန် လာရောက်သည့် စစ်ကြောင်းဖြစ်နိုင်သည်ဟု ဗိုလ်တင်စိုးက သုံးသပ်သည်။
“ဆောအထိတော့ ဆက်တက်မယ် မထင်ဘူး၊ ဒီလမ်းကြောင်းကို လာစိုးမိုးတာလို့ ထင်တယ်၊ လမ်းကြောင်းတစ်လျှောက် စစ်ကြောင်းထိုးနေမဲ့ပုံပဲ” ဟု ဗိုလ်တင်စိုးက ပြောသည်။
ယနေ့တွင် စစ်ကောင်စီတပ်မှာ ဆော-ဆိပ်ဖြူလမ်းပိုင်းရှိ နဂါးပွက်တောင်အနီး စစ်ကြောင်းထိုးနေပြီး အဆိုပါတောင်အနီးရှိ ကျေးရွာများ သတိထားကြရန်နှင့် ဆော-ဆိပ်ဖြူလမ်းပိုင်းကို ခရီးသည်များ အသုံးမပြုကြရန် လောင်းရှည်-PDF က တိုက်တွန်းထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးများ အားကောင်းလာရာတွင် ထိုအထဲတွင် ချင်း- မကွေးနယ်စပ် မြို့နယ်များဖြစ်သည့် လောင်းရှည်၊ ဆော၊ ကျောက်ထုစသည့် မြို့များလည်း ပါဝင်သည်။
ချင်းပြည်နယ်တောင်ပိုင်းရှိ စစ်ဗျူဟာတစ်ခု၊ တပ်ရင်းနှစ်ခု ရှိသည့် မတူပီမြို့နယ်နှင့် အခြားမြို့နယ်များကို ရိက္ခာ၊ ခဲယမ်းများပို့ရာတွင် အထက်ပါ ချင်း-မကွေးနယ်စပ်မြို့များကို မဖြစ်မနေဖြတ်သန်းနေရသလို ဒေသခံ PDF များကလည်း အဆက်မပြတ်တိုက်ခိုက်နေသည်။
ဇူလိုင် ၁၇ ရက်က ပခုက္ကူမြို့မှ ထွက်လာသည့် အစီးရေ ၁၀၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းမှာ ယမန်နေ့ညက ကျောက်ထုမြို့သို့ ရောက်ရှိပြီး ကျောက်ထုအမြောက်တပ်နှင့် လေယာဉ်ကွင်း၌ နေရာယူထားပြီး မင်းတပ်မြို့ကို ဆက်လက်ထွက်ခွာရန် ပြင်ဆင်နေသည်။
ယနေ့မွန်းလွဲတွင် မင်းတပ်မြို့နယ်အတွင်း တိုက်လေယာဉ်တစ်စီး ပျံသန်းနေပြီး မင်းတပ်-ကျောက်ထု လမ်းပိုင်းရှိ ကျေးရွာအချို့ကိုလည်း စစ်ကောင်စီတပ်က ဒရုန်းများဖြင့် ထောက်လှမ်းနေသည့်အတွက် ဒေသခံများ ဂရုစိုက်နေထိုင်ကြရန် ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF-မင်းတပ်က တိုက်တွန်းထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)