သတင်း

ဖမ်းခံရသည့် PDF အသေခံ ဗုံးခွဲ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဟုဆို

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တောင်ပိုင်းတွင် ပစ်ခတ်ဖမ်းဆီးခံရသည့် ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး အသေခံ၍ လက်လုပ်မိုင်းဖောက်ခွဲရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးသွားသည်ဟု Yesagyo Revolution Group က ယနေ့ (ဇူလိုင် ၁၃) သတင်းထုတ်ပြန်သည်။

အသက် ၃၀ အရွယ် ထို PDF မှာ မကွေးတိုင်း ရေစကြို၊ မြိုင်နှင့် ပခုက္ကူမြို့နယ်များနှင့် ဆက်စပ်နေသည့် ကျေးရွာများတွင် လွန်ခဲ့သည့် ရက်သတ္တပတ်မှစ၍ စစ်ရေးလှုပ်ရှားနေသည့် အင်အား ၁၀၀ ပါ စစ်ကောင်စီတပ်ဖွဲ့နှင့် ဇူလိုင် ၈ ရက်က ထိပ်တိုက်တွေ့ခဲ့ခြင်းဖြစ်သည်ဟု YRG ဖောက်ခွဲရေးတာဝန်ခံက ပြောသည်။

ထိုနေ့ ညနေပိုင်းတွင် ရေစကြိုမြို့နယ်တောင်ဘက် မိုင် ၂၀ ခန့်အကွာရှိ သဲတောရွာသို့ ဆိုင်ကယ်စီး၍ သွားစဉ် ဘုန်းကြီးကျောင်းအနီး စစ်တပ်က ပစ်ခတ်တားဆီးခြင်းဖြစ်ကြောင်း၊ သဲတောရွာမြောက်ဘက် ချောင်းအစပ်တွင် စစ်ကောင်စီက မီးရှို့ခဲ့သည့် အလောင်းကို ဇူလိုင် ၉ ရက်တွင် ရှာတွေ့ကြောင်း ၎င်းက ပြောသည်။

စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်လဲသွားချိန်တွင် စစ်သားများ ဝိုင်းလာချိန်ရာ ထို PDF က အတူပါလာသည့် မိုင်းများကို ဖောက်ခွဲခဲ့ကြောင်း YRG ဖောက်ခွဲရေးတာဝန်ခံက ဆိုသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

“ဖမ်းမိတာ မဟုတ်ဘူးဗျ။ ကျောင်းပေါက်ဝမှာ xxx တွေက (စစ်ကောင်စီတပ်သားတွေက) သူ့ကို တားတာ။ စစ်ရင် မိမှာဆိုပြီး ထိုးစီးသွားတော့ (ဆက်မောင်းသွားတော့) သေနတ်နဲ့​ ဝိုင်းပစ်တာ။ ဆိုင်ကယ်မှန်ပြီး လဲသွားတာ။ မလွတ်တော့မဲ့အတူတူ မိုင်း ၃ လုံးကို မီးခြစ်နဲ့ ရှို့ပြီး ဖောက်ခွဲလိုက်တာ” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

ကျန်ရစ်သူမိသားစု လုံခြုံရေးအခြေအနေကြောင့် သေဆုံးသူ၏ အသေးစိတ်အချက်အလက်များကို ထုတ်မပြောနိုင်ဟု ထိုသူက ဆက်ပြောသည်။

ရေစကြိုမြို့နယ်တောင်ပိုင်းအခြေစိုက် ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် Southern – Yesagyo PDFခေါင်းဆောင် ကိုအောင်မောင်း၏ အဆိုအရ ဇူလိုင် ၈ မှ ၁၁ ရက်အထိ စစ်ကောင်စီ ၂၀၀ ခန့် သဲတောရွာတွင် တပ်စွဲခဲ့ကြောင်း သိရသည်။

ဘုန်းကြီးကျောင်းအနီးတွင် မီးရှို့ထားသည့် ရုပ်အလောင်း ၂လောင်း ရှာတွေ့ခြင်းဖြစ်ပြီး အထက်ပါ PDF နှင့် ရွာသို့ စစ်ကြောင်းဝင်လာစဉ် ဖမ်းခံခဲ့ရသော စိတ်မနှံ့သည့် အသက် ၄၇ နှစ်အရွယ် ဒေသခံတစ်ဦးဖြစ်ကြောင်း ကိုအောင်မောင်းက ပြောသည်။

“မီးရှို့ထားတာက တာယာကွင်းတွေရော၊ ထင်းတုံးတွေရော အကုန်သယ်ရှို့သွားတာ။ အရိုးရယ်လို့ များများစားစားမကျန်ဘူး။ အကုန်ကြေမွနေအောင် ရှို့ခဲ့တာ။ စိတ်မနှံ့တဲ့ ဦးသိန်းဇော်ပျောက်နေတယ်ဆိုလို့ လိုက်ရှာတော့ မီးရှို့ထားတဲ့ တစ်နေရာမှာ သူ့ဖိနပ်တွေ့တယ်။ အဲဒါကြောင့် သူ့ကို မီးရှို့သွားတယ်လို့ သတ်မှတ်လိုက်တာ” ဟု သူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ကို ဇူလိုင် ၈ ရက် နံနက်ပိုင်းက သဲတောရွာမြောက်ဘက် ၅ မိုင်အကွာတွင် Southern – Yesagyo နှင် ရေစကြို၊ ပခုက္ကူ အခြေစိုက် ကာကွယ်ရေးအဖွဲ့ ၉ ဖွဲ့ပေါင်း၍ ကြားဖြတ်တိုက်ခိုက်ပြီးနောက် သဲတောရွာကို စစ်တပ်က ဝင်စီးခြင်းဖြစ်သည်ဟု ကိုအောင်မောင်းထံမှ သိရသည်။

ထိုတိုက်ပွဲမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး PDF တို့၏ ၆၀ မမ လက်နက်ကြီး ၅ လုံး စစ်ကောင်စီတပ်ဖွဲ့ထံ တည့်တည့်ကျ၍ စစ်သား ၅ ဦးထက်မနည်း သေသည်ဟု ၎င်းက ဆက်ပြောသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍မရသေးသလို ၎င်းတို့ထုတ်ပြန်သည့် သတင်းများတွင်လည်း ထိုအကြောင်း မပါဝင်သေးပေ။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံသည့် ဒေသများအတွင်း မကွေးတိုင်းသည်လည်း ရှေ့တန်းမှ ပါဝင်နေသည်။ ထိုသို့ ခုခံမှုများကို လေကြောင်းပါ သုံး၍ စစ်ကောင်စီက တုံ့ပြန်နေသည်။

ထိုစစ်ဆင်ရေးများအတွင်း လူနေအိမ်များ မီးရှို့ခံနေရသလို ဒေသခံများ အစုလိုက်သတ်ဖြတ်ခံနေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button