သတင်း

ဝိုင်းမော်ရှိ KIA စခန်းတချို့ကို စစ်ကောင်စီတပ် တိုက်ခိုက်နေ

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ရှေ့တန်းစခန်းများကို စစ်ကောင်စီတပ်က ဇူလိုင် ၁၀ ရက်မှစ၍  ကြည်းကြောင်း၊ လေကြောင်းမှ တိုက်ခိုက်နေသည်ဟု ပြောသည်။

ဇူလိုင် ၁၀ ညနေ ၅ နာရီမှစ၍ ဝိုင်းမော်မြို့ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ (၅၈) က မြို့အရှေ့ဘက် ၁၀ မိုင်ကျော်တွင်ရှိသည့် နန်ဇော်ယန်ရွာအနီးရှိ  KIA တပ်၏ ရှေ့တန်းယာယီစခန်းများကို လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ဇူလိုင် ၁၁ မွန်းလွဲတွင် စစ်ကောင်စီတပ်နှင့် လီဆူပြည်သူ့စစ်ပူးပေါင်းအဖွဲ့များက KIA ယာယီစခန်းနှစ်ခုကို မြေပြင်မှပါ ထိုးစစ်ဆင်သည့်အတွက် တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ကျွန်တော်တို့ နယ်မြေဘက်မှာ သူတို့ (စစ်ကောင်စီ) ထိုးဝင်လာလို့ ကျွန်တော်တို့ ခုခံတိုက်ပွဲတွေ ဆင်နွှဲတာတော့ ရှိပါတယ်၊ ညနေပိုင်းလောက်ဆိုရင်တော့ လေကြောင်းနဲ့ ပစ်ကူပြီးတော့မှ တိုက်ပွဲကို အချိန်တိုးမြှင့်ပြီးတော့မှ တိုက်တာရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ထို့နောက် ညနေ ၅ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားသည့်နေရာများသို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နှစ်စီးအပြင် ဒရုန်းများပါ အသုံးပြုပြီး တိုက်ခိုက်လာခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ KIA တပ်မဟာ (၅) တပ်ရင်း (၃) နယ်မြေအတွင်းဖြစ်ပြီး စခန်းများမှာ အခိုင်အမာစခန်းများမဟုတ်ဘဲ ယာယီရှေ့တန်းစခန်းများသာ ဖြစ်သည်ဟု သိရသည်။ 

တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ ဝိုင်းမော်မြို့မှ လက်နက်ကြီးဖြင့် ပစ်ခတ်သလို ရဟတ်ယာဉ်ဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဓာတ်ပုံ – The Kachinnet

“တကယ့်ခံတပ်ပုံစံနဲ့ ခုခံတာတော့ မဟုတ်ဘူး၊ ကျွန်တော်တို့ အထိုင်ဌာနချုပ်တွေလည်း မဟုတ်ဘူး။ ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ ပြောက်ကျားစစ်နဲ့ တိုက်နေတာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ယနေ့ (ဇူလိုင် ၁၂) အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး နံနက်ပိုင်းတွင် ခလရ (၅၈) က ရှေ့တန်းစခန်းများကို လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေခဲ့သည်ဟု သိရသည်။

မွန်းလွဲပိုင်းတွင် မြေပြင်ကပါ ထိုးစစ်ဆင်လာသည့်အတွက် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး နောက်ဆုံးရသတင်းများအရ ယနေ့ မွန်းလွဲ ၂ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားနေဆဲဟု သတင်းရကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဇူလိုင် ၁၀ တွင်လည်း မွန်းလွဲပိုင်းမှစ၍ ခလရ (၅၈) တပ်တွင်းမှ လက်နက်ကြီးပစ်သံများ ကြားရပြီး နောက်ရက်များမှာလည်း လက်နက်ကြီးများ ဆက်လက်ပစ်ခတ်ခဲ့သည်ဟု ဝိုင်းမော်မြို့ခံတစ်ဦးက ပြောသည်။

မြို့ပေါ်တွင် ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေသော်လည်း သတိနှင့် နေထိုင်နေရသည်ဟု အသက် ၄၀ ခန့်ရှိသည့် အဆိုပါ မြို့ခံအမျိုးသားက ပြောသည်။

သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွင်လည်း ထိခိုက်မှုရှိနိုင်သည်ဟု ၎င်းက ပြောသည်။

“ဘာပဲဖြစ်ဖြစ် လေကြောင်းတွေပါတယ်၊ လက်နက်ကြီးတွေ ဆက်တိုက်သုံးတဲ့ တိုက်ပွဲတွေဖြစ်တယ်ဆိုတော့ သူတို့ (စစ်ကောင်စီ) ဘက်လည်း နည်းနည်းတော့ နာတဲ့အပိုင်းတွေတော့ ရှိနိုင်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA တပ်မှ ထိခိုက်ကျဆုံးမှုအခြေအနေများကိုမူ မြေပြင်သတင်းအချက်အလက်များ မရသေးသည့်အတွက် မသိရသေးကြောင်း ပြောသည်။

ဝိုင်းမော်မြို့သည် ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၏ အရှေ့ဘက်တွင်ရှိပြီး KIA ၏ တပ်မဟာ (၅) နယ်မြေအတွင်း ပါဝင်နေသည်။ 

ပြီးခဲ့သည့် ဇွန်လကုန်က ဝိုင်းမော်မြို့တွင်း၌ KIA အရာရှိတစ်ဦးကို ဒေသခံပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီးနောက် စစ်ရေးတင်းမာလာခြင်းဖြစ်သည်။

တပ်မဟာ (၅) နယ်မြေအတွင်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်နေသည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ခြေရှိသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်အာဏာသိမ်းမှုကို KIA က အတိအလင်း ကန့်ကွက်ရှုတ်ချခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ်မှစ၍ KIA လှုပ်ရှားနယ်မြေများဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

မြန်မာပြည်တွင် ကာလကြာရှည်နေသည့် စစ်အာဏာရှင်စနစ်ကို ယခုတစ်ကြိမ်တွင် ဗမာပြည်သူ၊ ဗမာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အမြစ်ပြတ်ချေမှုန်းရမည်ဖြစ်ကြောင်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက အခမ်းအနားများတွင် မကြာခဏပြောကြားလေ့ရှိသည်။

စစ်ကောင်စီတပ်သည် တိုင်းရင်းသားနယ်မြေများရှိ KIA အပြင် သက်တမ်းရင့်လက်နက်ကိုင်အဖွဲ့များဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီတပ်မတော် (KA) တို့နှင့် တိုက်ပွဲဖြစ်နေသလို ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းတို့တွင်လည်း ရင်ဆိုင်နေရသည်။

စစ်မျက်နှာအများအပြားဖွင့်ထားရသော စစ်ကောင်စီသည် ခုခံမှုများကို လေကြောင်းပစ်ကူနှင့် လက်နက်ကြီးအင်အားသုံးပြီး ရင်ဆိုင်နေသည်။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button