အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗန်းမောက်တွင် သိန်း ၁၀၀ အထိ အခွန်ကောက်သည်ဟူသော ပြောဆိုချက် SNA ပယ်ချ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ပေါ်တွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပြီးခဲ့သည့် ဇွန်လမှစ၍ လုပ်ငန်းရှင်နှင့် ဈေးဆိုင်များထံမှ အခွန်ငွေ ကျပ် သိန်း ၃၀ မှ ၁၀၀ အထိ ကောက်ခံနေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

မြို့ပေါ်ရှိ လုပ်ငန်းရှင်များကို တစ်နှစ်စာအခွန်အဖြစ် ရွှေလုပ်ငန်းရှင်ကို ကျပ် သိန်း ၁၀၀၊ ကုန်စုံဆိုင်နှင့် ဖုန်းအရောင်းဆိုင်ကို သိန်း ၅၀၊ ကွမ်းယာဆိုင်၊ ကားဂိတ်တို့ကို သိန်း ၃၀ နှုန်းဖြင့် ကောက်ခံနေခြင်း ဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီကလည်း SNA  တပ်မဟာ ၆၁၄ နယ်မြေဖြစ်သည့် ဗန်းမောက်မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များအပါအဝင် စီးပွားရေးလုပ်ငန်းများ အခွန်ငွေပေးဆောင်ရမည်ဟု စာထုတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ ပြည်သူတွေသိတာက သူတို့ဟာ အမျိုးသားရေးသက်သက် သို့မဟုတ် အခြားရည်ရွယ်ချက် အဖွဲ့အစည်းတစ်ခုရဲ့ ရည်ရွယ်ချက်နဲ့ ကောက်နေတယ်လို့ ဒီလိုပဲ ကျွန်တော်တို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

စက်သုံးဆီဈေးအပါအဝင် ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းတို့ကြောင့် စီးပွားရေးကျပ်တည်းနေချိန်တွင် မြို့ခံများ အခွန်ပေးရန် ခက်ခဲနေသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ဗန်းမောက်မြို့ပေါ်တွင် ရပ်ကွက် ၃ ခုရှိပြီး လူဦးရေ ၆၀၀၀ ကျော်ရှိသည်။ ဗန်းမောက်မြို့နယ်တွင် ရွှေတူးဖော်ရေးလုပ်ငန်း အများဆုံးလုပ်ကိုင်ပြီး မြို့ပေါ်တွင် ရွှေအရောင်းအဝယ်လုပ်ငန်းများရှိသည်။

လုပ်ငန်းရှင်များသည် မြို့နယ်အခွန်ဦးစီးဌာနကိုလည်း အခွန်ပေးဆောင်နေရသည်။

အများပြည်သူက ဆက်ကြေးဟု ခေါ်ပြီး လက်နက်ကိုင်အဖွဲ့များက အခွန်၊ ရန်ပုံငွေဟု ခေါ်ကြသည်။

ထိုငွေကြေး ကောက်ခံသည့် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်သူနှင့် စစ်ကောင်စီ ထိပ်တိုက်တွေ့နေရချိန်တွင် ပြည်သူ့ဘက်မှ ရပ်တည်သင့်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အထက်ပါ ဒေသခံက ပြောသည်။

“ကျွန်တော်တို့ ပြောချင်တာက တော်လှန်ရေးအတွက် လုပ်တယ်ဆိုရင် ပြည်သူနဲ့အတူ ရပ်တည်မယ်ဆိုတဲ့ ထုတ်ပြန်ချက်မျိုး တိတိကျကျ ထုတ်ပြန်စေချင်တယ်။ တကယ် လက်တွေ့ကျကျ စစ်ကောင်စီကို တော်လှန်စေချင်တယ်၊ ဒါ ကျွန်တော်တို့ ပြည်သူတွေရဲ့ ဆန္ဒပေါ့ဗျာ” ဟု အထက်ပါဒေသခံက ဆိုသည်။

အခွန်ပေးဆောင်ရသူများအနေဖြင့် SNA က ရန်ပြုမည်စိုးသဖြင့် အတိအလင်း မပြောရဲဟု ဆိုသည်။

ဇွန်လကုန်ပိုင်းတွင် ဗန်းမောက်မြို့ပေါ်ရှိ အမျိုးသားနှစ်ဦးကို မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိပြီးနောက် SNA က ရိုက်နှက်ခဲ့ရာ အိမ်ပြန်ရောက်ပြီး နောက်နေ့တွင် သေဆုံးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ပြင် လွန်ခဲ့သည့် လေးလခန့်က ဗန်းမောက်မြို့နယ်မြောက်ပိုင်း ပန်းတောကျေးရွာအနီးတွင် အမျိုးသားတစ်ဦးကို ဆက်ဆံရေးမပြေလည်ဟု အကြောင်းပြကာ နားရွက်ကို သေနတ်ဖြင့် ပစ်ပြီး ကျည်ဆန်ဖိုးပါ ၁၀ သိန်းတောင်းခဲ့ကြောင်း ၎င်းက ဆိုသည်။

Myanmar Now က ရရှိထားသော SNA က ပေးပို့သည်ဟူသော ဖေဖော်ဝါရီလ ၅ ရက်နေ့ ရက်စွဲဖြင့် အဆိုပါ စာတွင် SNA က အခွန်ကောက်လိုကြောင်း လုပ်ငန်းရှင်များထံ မေတ္တာရပ်ခံကြောင်း ရေးသားထားသည်။

အခွန်ကောက်သည့်ကိစ္စနှင့် ပတ်သက်ပြီး SNA လှုပ်ရှားနယ်မြေများတွင် သတ်မှတ်နှုန်းထားနှင့်အညီ လုပ်ငန်းရှင်များထံမှ ကောက်ခံမှုရှိကြောင်း၊ အချို့ကိုမူ ရန်ပုံငွေအဖြစ် အနည်းငယ်သာ ကောက်ခံကြောင်း SNA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက Myanmar Now ကို ပြောသည်။

“ကုန်စုံဆိုင်တွေ ဖုန်းဆိုင်တွေမှာ သိန်း ၅၀ သွားတောင်းရင် သူတို့ ဘယ်လိုလုပ်ကိုင်စားသောက်တော့မလဲ။ အဲဒီလောက်ကြီးကတော့ သတ်မှတ်နှုန်းထားမှာ မရှိဘူးဗျ။ ရွှေလုပ်ငန်းရှင်ဆိုရင်တော့ ကုမ္ပဏီကြီးတစ်ခုဆိုရင် တစ်နှစ်စာဖြစ်ကောင်းဖြစ်သွားနိုင်တယ်” ဟု ဆိုသည်။ 

“မတန်တဆနှုန်းထားမျိုးနဲ့ ကောက်ခံထားတာမျိုး မရှိပါဘူးဗျ။ လူထု ဝန်ထုပ်ဝန်ပိုးဖြစ်စေမဲ့ ကိစ္စမျိုးတွေကို ကျွန်တော်တို့ မလုပ်ခိုင်းထားပါဘူး။ အဲဒါကိုလုပ်တဲ့သူ ကျွန်တော်တို့အဖွဲ့အစည်းမှာ ရှိခဲ့ရင်လည်းပဲ ချမှတ်ထားတဲ့ စည်းကမ်းနဲ့အညီ အပြစ်ပေးအရေးယူခံရမှာဖြစ်တယ်”  

မြို့တစ်မြို့အတွက် အခွန်ငွေ စုစုပေါင်း မည်မျှကောက်ရမည်ဟု လျာထားချက်ရှိသော်လည်း ဒေသတစ်ခုနှင့် တစ်ခု မတူညီဘဲ ဗန်းမောက်မြို့အတွက် သိန်းထောင်နှင့်ချီ ကောက်ခံမှုလည်းမရှိကြောင်း ၎င်းက ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှာလည်း ၎င်းတို့နယ်မြေတွင် လှုပ်ရှားမှုရှိကြောင်း ပြောသည်။

SNA အနေဖြင့် တန်းတူပြဋ္ဌာန်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေးအတွက် လက်နက်ကိုင်နေပြီး လက်ရှိတွင် ဒေသတည်ငြိမ်ရေးကို ဦးစားပေးလုပ်နေကြောင်း၊ နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် PDF များနှင့် ပတ်သက်၍ မှတ်ချက်များစွာ မပေးလိုကြောင်း ပြောသည်။

“အခုလက်ရှိ ဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းပေါ့ဗျာ။ ဒီပုံစံအတိုင်း ဆက်သွားနေကြရင် PDF တွေနဲ့ စစ်ကောင်စီ တိုက်ခိုက်နေတဲ့ ကြားထဲမှာ လူထုက မြေစာပင်ဖြစ်နေတယ်။ ဖြစ်နိုင်ရင်တော့ တွေ့ဆုံ ဆွေးနွေး အဖြေရှာနိုင်ရင်တော့ ပိုကောင်းတာပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။

SNA ကို ၁၉၈၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး လက်ရှိတွင် တပ်မဟာ ၄ ခုနှင့် ဌာနချုပ်တစ်ခုရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ခန္တီး၊ ဟုမ္မလင်း၊ တမူး၊ ကသာ၊ ဖောင်းပြင်၊ မော်လိုက်နှင့် ကချင်ပြည်နယ်တွင် မိုးညှင်း၊ ဖားကန့်၊ မြစ်ကြီးနား၊ ဗန်းမော်တို့တွင် SNA လှုပ်ရှားနေကြောင်း ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက ဆိုသည်။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button