သတင်း

အင်းတော်မြို့နယ် မဲဇာရဲစခန်းကို KIA နှင့် PDF တို့ ပူးပေါင်းတိုက်ခိုက်

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ် မဲဇာရဲစခန်းကို ယနေ့ (ဇူလိုင် ၁၀) တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်အတူ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု အင်းတော် PDF က ပြောသည်။

အဆိုပါရဲစခန်းတွင် ရဲ၊ စစ်သားများအပြင် ၎င်းတို့ လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ် ခေါ် ပျူစောထီးများက ခံစစ် အခိုင်အမာပြုလုပ်ထားကြောင်း အင်းတော်-PDF မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နံနက် ၃ နာရီခန့်မှစတင်ကာ KIA, PDF ပူးပေါင်းတပ်များက အင်အားအလုံးအရင်းနှင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများပါ အသုံးပြုပြီး ပြန်လည်ခုခံခဲ့သည်ဟု ဆိုသည်။

“စခန်းထဲမှာ အင်အား ၂၀၊ ၃၀ လောက်ပဲရှိမယ်လို့ ထင်ထားလို့ စခန်းသိမ်းမယ်ဆိုပြီးသွားတာ၊ ဟိုရောက်တော့ စခန်းထဲမှာ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေ အခိုင်အမာလုပ်ထားတာ၊ ပြီးတော့ တပ်ဖျောက်ထားတာ အင်အား ၁၀၀ လောက်ရှိလို့ စခန်းကတော့ မသိမ်းနိုင်ခဲ့ဘူး” ဟု PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

၅ နာရီခန့်အထိ ကြာမြင့်သည့် တိုက်ပွဲအတွင်း ရဲစခန်းအတွင်းထိ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပြီး ဘန်ကာအချို့နှင့် ကင်းတဲအချို့ကို ဖျက်ဆီးနိုင်ခဲ့ကာ နံနက် ၈ နာရီခန့်တွင် ပြန်ဆုတ်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲတွင်ပါဝင်သည့် ရဲဘော်များ၏ အဆိုအရ စစ်ကောင်စီတပ်ဘက်မှ ၃၀ ခန့် သေဆုံးခဲ့ပြီး ပူးပေါင်းတပ်များဘက်မှ ရဲဘော်တစ်ဦး ဆီးခုံတွင် သေနတ်မှန်သေဆုံးခဲ့ကြောင်း၊ ၃ ဦး ဒဏ်ရာအနည်းငယ်ရကြောင်း အင်းတော်-PDF က ဆိုသည်။

ထို့ပြင် ရဲစခန်းအနီး ရပ်ကွက် (၂) တွင် နေထိုင်သည့် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦး ရင်ဘတ်တွင် သေနတ်ကျည်ထိဒဏ်ရာရပြီး သေဆုံးခဲ့သည်။

တိုက်ပွဲပြီးဆုံးပြီး မွန်းလွဲ ၂ နာရီခန့်တွင် သေဆုံးသွားသည့် စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးအပါအဝင် ၁၁ ဦး တို့ ၏ အလောင်းများကို ရဟတ်ယာဉ်ဖြင့် လာရောက်သယ်ဆောင်သွားခဲ့ကြောင်း တပ်တွင်းဖရဲသီးများ၏ သတင်းပေးမှုအရ သိရသည်ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မဲဇာရွာနှင့် တစ်မိုင်ခန့်အကွာတွင်ရှိသည့် နန်းသဲကျေးရွာမှ ဒေသခံတစ်ဦးကတော့ နံနက် ၃ နာရီခန့်မှ စတင်ကာ သေနတ်သံများနှင့် လက်နက်ကြီးသံများ ကြားခဲ့ရကြောင်း၊ တိုက်ပွဲဖြစ်ပွားသည့် အခြေအနေအသေးစိတ်ကိုမူ မသိရကြောင်း ပြောသည်။ 

တိုက်ပွဲဖြစ်ပွားသည့် မဲဇာရဲစခန်းသို့ ၆ မိုင်ခန့်ကွာသည့် အင်းတော်မြို့မှ အင်အား ၃၀ ခန့်ပါသည့် စစ်ထရပ်ကားတစ်စီး နံနက် ၈ နာရီခန့်၌ စစ်ကူလာရောက်ခဲ့ပြီး အဆိုပါ ကားကို လမ်းတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု အင်းတော်-PDF ထံမှ သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၅ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ကာ တိုက်ပွဲဖြစ်ပွားရာအနီး ရောက်ရှိလာသည့် ဆီသယ်ယာဉ်တစ်စီးလည်း မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။ 

တိုက်ပွဲပြီးသည့်နောက် စစ်ကောင်စီတပ်က ပျက်စီးသွားသည့်ကားကို အနီးအနားရှိ ပုဂ္ဂလိကဓာတ်ဆီဆိုင်တွင် ရပ်ထားခဲ့ပြီး ဆီဆိုင်အနီးရှိ ပြည်သူအချို့ထံမှ ပေါက်တူး၊ ဂေါ်ပြားများ ငှားရမ်းပြီး အလောင်းများကို မြေမြှုပ်ခဲ့သည်ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံများကို ကိုးကားပြီး PDF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“လမ်းဘေးမှာပဲ မြှုပ်လိုက်တာဗျ၊ သူတို့က (စစ်ကောင်စီ) တပ်သားတွေဆိုရင်တော့ ဖြစ်သလိုပဲမြှုပ်တယ်၊ အရာရှိတွေဘာတွေဆိုမှ အလောင်းပြန်သယ်ကြတာများတယ်” ဟု ၎င်းက ပြောသည်။

ယနေ့နံနက်တွင် အင်းတော်မြို့အနီးတစ်ဝိုက်နှင့် မဲဇာအနီး တိုက်ပွဲများ ငြိမ်သက်နေသော်လည်း ထီးချိုင့်မြို့နယ်ဘက်မှ အင်အား ၇၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခု မဲဇာဘက်သို့ ဦးတည်ကာ စစ်ကြောင်းထိုးလာကြောင်း သတင်းရသည်ဟု အင်းတော်-PDF ထံမှ သိရသည်။

မဲဇာတိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး မေးမြန်းရန် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို Myanmar Now က ဆက်သွယ်နေဆဲဖြစ်သည်။

စစ်တပ်က ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းပြီးသည့်နောက် စစ်ကိုင်းတိုင်းအပါအဝင် နိုင်ငံအနှံ့တွင် လက်နက်ကိုင်တော်လှန်ရေးများ အားကောင်းလာခဲ့သည်။

အင်းတော်မြို့သည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း နယ်စပ်တွင်ရှိပြီး အင်းတော်၊ ကသာ၊ ပင်လည်ဘူး စသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲများ ပြင်းထန်နေသည်။

စစ်တပ်က တိုက်ပွဲများအကြောင်းကို သတင်းအမှောင်ချထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button