
မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းအစွန်ဆုံး မြိုင်မြို့နယ်တွင် ယခုလဆန်းပိုင်းမှစ၍ စစ်ကောင်စီက စစ်ကြောင်းသုံးခုဖြင့် ကျေးရွာများကို လိုက်လံစီးနင်းနေရာ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရသည့်ပြင် ရွာသားတစ်ဦးလည်း သတ်ဖြတ်ခံထားရသည်။
မြိုင်မြို့နယ်အနောက်ပိုင်းရှိ ကျောက်ခွက်၊ ဆူးဝင်း၊ ဝယ် တောင် (တောင်)၊ သရက်ကန်၊ ရေခါး၊ နယ်သတ်၊ တဲကြီး၊ တောင်ရိုး၊ ဝက်ဖိုး၊ ညောင်ပင်ဇောက်၊ မှန်ရင်း၊ ဂျုတ်ကုန်း၊ မကျည်းကုန်း၊ နှမ်းစားကျင်း၊ သံဗိုလ် စသည့်ကျေးရွာများမှ ဒေသခံများ ထွက်ပြေးနေရခြင်းဖြစ်သည်။
ဂျုတ်ကုန်း၊ မကျည်းကုန်း၊ နှမ်းစားကျင်း၊ သံဗိုလ် စသည့်ကျေးရွာများမှ ဒေသခံ ၁၅၀၀ ကျော်မှာ ယခုလ ၅ ရက်ကတည်းက ရွာလုံးကျွတ် တိမ်းရှောင်နေရကြောင်း အသက် ၂၂ နှစ်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
“စစ်ကြောင်းတစ်ကြောင်းတည်းမဟုတ်ဘဲ သူတို့က ပေါင်းစုံလှည့်ပြီး လုပ်တာပေါ့။ ဒီနေ့မနက်ပိုင်းလည်း (ပစ်ခတ်) အသံတွေ ကြားရတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေရသူ ထိုအမျိုးသမီးက ယမန်နေ့တွင် ပြောသည်။
စစ်တပ်က ထွက်ပြေးတိမ်းရှောင်သူများကို တွေ့ပါက အဓမ္မခေါ်ဆောင်၍ လက်နက်ကြီးနှင့် ပစ္စည်းများ ထမ်းခိုင်းကြောင်းလည်း သူက ပြောသည်။
မကွေးတိုင်း မြိုင်မြို့နယ်သည် စစ်ကောင်စီက စစ်ဆင်ရေးအကြီးအကျယ်ဆင်နွှဲနေသည့် စစ်ကိုင်းတိုင်း ပုလဲ၊ ဆား လင်းကြီးမြို့နယ်များနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းသည့် ဒေသတစ်ခုဖြစ်သည်။
ဒေသတွင်း ဝင်ရောက်နေသည့် စစ်ကောင်စီစစ်ကြောင်းများနှင့် ယခုရက်ပိုင်းအတွင်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားသည်ဟုလည်း မြိုင်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးထံမှ သိရသည်။
ယခုလ ၅ ရက်က ပေါက်မြို့နယ်ဘက်မှ လာသည့် အင်အား ၁၀၀ ခန့်ရှိ ပျူစောထီးနှင့် စစ်သားများပါ စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး (MVRF) တာဝန်ရှိသူ ဗိုလ်ဒေါင်းမင်းဆိုသူက ပြောသည်။
မြိုင်မြို့နယ်အနောက်ခြမ်းရှိ ဝက်ဖိုး၊ ညောင်ပင်ဇောက်နှင့် ဂျုတ်ကုန်းရွာတို့ကို ဖြတ်၍ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
“စစ်ကောင်စီဘက်က လက်နက်ကြီးတွေကတော့ ဗုံးပေါလအောသုံးပါတယ်။ အဓိကက ၆၀ မမရယ်၊ ပြီးတော့ RPG ရယ် သုံးတယ်။ ပြီးတော့ စက်ကလေး ဒိုင်ခံသုံးတယ်။ ကျွန်တော်တို့က ပစ်အားချင်းက ရေရှည်ကျတော့ မယှဉ်နိုင်ဘူး”
လက်နက်အင်အား မမျှသဖြင့် ပြန်ဆုတ်ခဲ့ရကြောင်း၊ အထိအခိုက်မရှိကြောင်းလည်း ဗိုလ်ဒေါင်းမင်းက ပြောသည်။
သို့သော် ထိုနေ့ညနေပိုင်းက သံဗိုလ်နှင့် ဇီးဖြူကုန်းကျေးရွာအကြား တိုက်ပွဲဖြစ်ရာတွင် ဒေသအခြေစိုက် စစ်ကောင်စီတော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သော ကျားသစ်နက်အဖွဲ့မှ တပ်ဖွဲ့ဝင်လေးဦး သေဆုံးသည်ဟု သိရသည်။
ဒေသခံတစ်ဦး ရိုက်နှက်သတ်ဖြတ်ခံရ
မြိုင်မြို့နယ်အနောက်ပိုင်း လက်ယက်တွင်း ရေနံမှော်များရှိရာ ကျောက်ခွက်၊ သရက်ကန်၊ ဆူးဝင်းစသည့် ကျေးရွာများတွင်လည်း စစ်တပ်က ဝင်ရောက်နေပြီး ၎င်းတို့နှင့် တိုက်ပွဲဖြစ်သည်ဟုလည်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထံမှ သိရသည်။
ယခုလ ၅ ရက် နံနက်ပိုင်းက ၎င်းတို့နှင့် ထိပ်တိုက်တွေ့ကာ အပြန်အလှန်ပစ်ခတ်ကြောင်း၊ မြိုင် PDF မှ တပ်ရင်းမှူးတစ်ဦးဖြစ်သူ ဗိုလ်လက်ယာက ပြောသည်။
အင်အား ၇၀ ခန့်ရှိ စစ်တပ်က ရေနံမှော်များကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးရာ ရေနံကျင်းပေါင်း ၆၀ ခန့် မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။ ထို့ပြင် စစ်တပ်က အသက် ၃၀ ဝန်းကျင်အရွယ် ရွာသားတစ်ဦးကို ဖမ်းဆီးကာ ရိုက်နှက်သတ်ဖြတ်ခဲ့ကြောင်း ဗိုလ်လက်ယာက ပြောသည်။
“ကျွန်တော်တို့က ရွာမြောက်ဘက်မှာ တိုက်နေကြတာ။ အသတ်ခံလိုက်ရတဲ့သူက တိုက်ပွဲဖြစ်နေတုန်း ဆိုင်ကယ်နဲ့ ဆူးဝင်းရွာထဲ ဖြတ်တဲ့အချိန်မှာ (စစ်ကောင်စီ) ကင်းပုန်းနဲ့ တိုးပြီး အဖမ်းခံလိုက်ရတာ” ဟု ၎င်းက ဆိုသည်။
သတ်ဖြတ်ခံထားရသည့် ရွာသား၏ ရုပ်အလောင်းကို ဇူလိုင် ၆ ရက်နေ့ ညနေပိုင်းတွင် တွေ့ရှိခဲ့သည်ဟု ဆိုသည်။
“အလောင်းတွေ့ပြီ။ ရွာအနောက်ဘက်အစပ်မှာပဲ။ ဒဏ်ရာတွေကတော့ မျက်နှာတွေ၊ ခေါင်းတွေ ရစရာ မရှိတော့ဘူး။ သေနတ်နဲ့ ပစ်ထားတဲ့ဒဏ်ရာတော့ မတွေ့ရဘူး။ မျက်နှာ၊ ခေါင်းတို့ကို သေနတ်ဒင်တွေနဲ့ ဆောင့်ထားတာ တွေ့ရတယ်။ မျက်နှာတွေဆို ညိုမည်းပြီး ရစရာတောင်မရှိဘူး” ဟု ဗိုလ်လက်ယာက ပြောသည်။
ဆူးဝင်းရွာခံများမှာ ထွက်ပြေးနေရသဖြင့် ရိုက်နှက်သတ်ဖြတ်ခံလိုက်ရသူ မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)