သတင်း

ရေနံမှော်များကို မီးရှို့နေသည့် စစ်တပ်နှင့် မြိုင် PDF တိုက်ပွဲဖြစ်

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းတွင် ရေနံမှော်များကို မီးရှို့နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ ယမန်နေ့ (ဇူလိုင် ၅) က တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက် ထိခိုက်သေဆုံးမှုများ ရှိကြောင်း သိရသည်။

ပေါက်မြို့နယ်နှင့် နယ်မြေချင်းထိစပ်နေသည့် မြိုင်မြို့နယ်အနောက်ဘက် မိုင် ၂၀ အကွာမှ ဆူးဝင်းရွာအနီး အင်အား ၇၀ ကျော်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၆ နာရီဝန်းကျင်အထိ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“သူတို့က စစ်ကြောင်းထိုးလာပြီးတော့ ရေနံကျင်းတွေ ဘာတွေ မီးရှို့တာ။ ရွာသားတစ်ယောက်ကိုလည်း ဖမ်းပြီး ရိုက်နှက်နေတာ။ မီးရှို့တဲ့အချိန်မှာ (PDF ရဲဘော်) ကလေးတွေက နေရာယူထားတဲ့နေရာရောက်တော့ တိုက်ပွဲတန်းဖြစ်တာ” ဟု မြိုင် PDF တာဝန်ရှိသူ ဗိုလ်လက်ယာက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂ ကတည်းက ဆူးဝင်းရွာအနီးရှိ ရေနံမှော်အပါဝင် ကျောက်ခွက်မှော်၊ သရက်ကန်ရွာ ရေနံမှော်ကို ထိုစစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း မီးရှို့နေကြကြောင်း၊ ယမန်နေ့က အိမ်ခြေ ၇၀၀ ခန့်ရှိ ဆူးဝင်းရွာအနီးမှ ရေနံမှော်ကို စစ်သားများက မီးရှို့နေစဉ် ရွာမြောက်ဘက် တစ်မိုင်ကျော်အကွာ၌ ဒေသခံ PDF များနှင့် ထိပ်တိုက်တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်တပ်က မီးရှို့သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီကို ဆက်သွယ်နိုင်ခြင်း မရှိသေးသလို စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်များတွင်လည်း ထိုဖြစ်ရပ်များအကြောင်း ဖော်ပြခြင်း မရှိပေ။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ပြီး PDF ဘက်ကလည်း၂ ဦး သေဆုံးသွားသည်ဟု ဗိုလ်လက်ယာက ပြောသည်။

“သူတို့ဘက်က အလောင်းတွေ မကောက်နိုင်တာတွေလည်း ရှိသေးတယ်။ ကျွန်တော်တို့ဘက်နီးတဲ့နေရာတွေမှာ မကောက်ရဲသေးဘူး။ ဒီနေ့ကတော့ သူချောင်း၊ ကိုယ်ချောင်းပဲ ရှိပါသေးတယ်” ဟု သူက ပြောသည်။

သေဆုံးသွားသူ၂ ဦးမှာ ၂၆ နှစ်နှင့် ၂၉ နှစ်အရွယ်များဖြစ်ကြောင်း၊ ၎င်းတို့မိသားစုဝင်များ၏ လုံခြုံရေးအခြေအနေများကြောင့် အမည်များကို ထုတ်ဖော်ပြောဆို၍ မရသေးပေ။

ဆူးဝင်းရွာသားအချို့မှာ ဖမ်းဆီးခံထားရသော်လည်း လက်ရှိတွင် ရွာသားများထွက်ပြေးနေရသဖြင့် အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း မြိုင် PDF ထံမှ သိရသည်။

ဆူးဝင်းရွာသားများ အပါအဝင် အနီးအနားရှိ ရွာများမှ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်လျက်ရှိသလို စစ်တပ်ကလည်း စစ်ကူဖြည့်တင်းရန် ကြိုးပမ်းလျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button