
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စခန်းတစ်ခု စီးနင်းခံရပြီး အဖွဲ့ဝင်တစ်ဦး အဖမ်းခံရကာ ငွေကျပ် သိန်း ၆၀၀ တန်ဖိုးရှိ လက်နက်ခဲယမ်းနှင့် ပစ္စည်းများ ဆုံးရှုံးသွားသည်ဟု သိရသည်။
ဇူလိုင် ၃ တွင် အခြေစိုက်စခန်းတစ်ခုကို အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်က စီးနင်းခဲ့ခြင်းဖြစ်သည်ဟု နွားထိုးကြီး PDF က ယနေ့ ထုတ်ပြန်ကြေညာထားသည်။
စစ်ကောင်စီတပ်က ဟင်းသီးဟင်းရွက်ရောင်းသည့် ရွာသားတစ်ဦးကို ဖမ်းဆီးကာ ဒေသတွင်းရှိ PDF အခြေစိုက်စခန်းနေရာကို ရိုက်နှက်စစ်ဆေးမေးမြန်းပြီးနောက် စီးနင်းခံရခြင်း ဖြစ်သည်ဟု နွားထိုးကြီး PDF တာဝန်ခံ ကိုတွံတေးဆိုသူက ပြောသည်။
“စခန်းထဲမှာ ရဲဘော်တချို့တစ်ဝက်လည်းရှိတယ်။ ကျွန်တော်တို့ကို စီးတဲ့အချိန်က ဝါးလုံးတစ်ရိုက်အကွာကနေ ပစ်တာ။ လက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်တာ။ စပစ်တဲ့အချိန်မှာ ကျွန်တော်တို့နဲ့ တအားကပ်သွားပြီ” ဟု သူက ပြောပြသည်။
အများစုက အမြန်ဆုံး တိမ်းရှောင်နိုင်လိုက်ကြသော်လည်း စားဖိုမှူးတာဝန်ယူထားသည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။
မကြာသေးခင်ကမှ စခန်းရောက်လာသည့် ထိုအမျိုးသားသည် ချက်ပြုတ်ရေးတာဝန်ယူထားရသူသာဖြစ်ကြောင်း PDF တာဝန်ခံက ဆိုသည်။
ရွာသားများ၏ လုံခြုံရေးအခြေအနေကြောင့် စီးနင်းခံရသည့် စခန်းနေရာကို ထုတ်ဖော်ခြင်းမရှိဟု သူက ဆက်ပြောသည်။
ဆုံးရှုံးလိုက်ရသော ပစ္စည်းများထဲတွင် သေနတ် ၃ လက်၊ ကျည်ဆန်များ၊ မိုင်းများ ပါဝင်ကြောင်း၊ လက်နက်ခဲယမ်းများ ဆုံးရှုံးမှုအတွက် ပြည်သူများကို တောင်းပန်ကြောင်း နွားထိုးကြီး PDF က ကြေညာထားသည်။
စခန်းစီးနင်းခံရပြီး နောက်တစ်နေ့ (ဇူလိုင် ၄) ည ၇ နာရီခွဲဝန်းကျင်၌ နွားထိုးကြီးမြို့ပေါ်ရှိ စစ်ကောင်စီအဖွဲ့ဝင်များ တပ်စွဲထားသည် မြို့တော်ခန်းမနှင့် ဆောက်လုပ်ရေးရုံးတို့ကို နွားထိုးကြီး PDF က လက်နက်ကြီးများဖြင့် ဝင်ရောက် ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။
နွားထိုးကြီး PDF သည် စစ်ကောင်စီတပ်ဖွဲ့ကားများကို မကြာခဏ မိုင်းဆွဲတိုက်ခိုက်နေပြီး နယ်မြေထိစပ်နေသည့် မြင်းခြံမြို့နယ်အတွင်းတွင်လည်း မကြာခဏ ပြောက်ကျားတိုက်ခိုက်နေသည်ဟု သိရသည်။
ဧပြီ ၂၄ ကလည်း နွားထိုးကြီး PDF က နွားထိုးကြီး – တောင်သာ လမ်းပေါ်ရှိ မော်တော်ယာဉ်များကို ရှောင်တခင် တားမြစ်စစ်ဆေးခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)