သတင်း

ထီးလင်းတိုက်ပွဲတွင် စစ်ကောင်စီအကျအဆုံးရှိ၊ ဒေသခံ ၇၀၀ ကျော် စစ်ရှောင်နေရ

မကွေးတိုင်းအနောက်မြောက်ခြမ်း ယောဒေသ ထီးလင်းမြို့တွင် တိုက်ပွဲရက်ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်မှ အကျအဆုံးများသလို ဒေသခံ ၇၀၀ ကျော်လည်း စစ်ရှောင်နေရသည်ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) ထံမှ သိရသည်။

ဇူလိုင် ၂ နံနက်ပိုင်းက ထီးလင်းနှင့် ၄ မိုင်ခန့်ကွာသည့် ထလင်းကျေးရွာအနီးတွင် အင်အား ၂၀၀ ခန့် ပါသည့် စစ်ကောင်စီခြေလျင်စစ်ကြောင်းကို YDF တပ်ရင်း(၆)၊ (၇)၊ (၈) နှင့် တပ်ရင်း(၁၅)တို့က တိုက်ခိုက်ခဲ့ကြသည်။

မိုင်းခွဲအပြီး စစ်ကောင်စီတပ် ကစဉ့်အလျားဖြစ်နေစဉ် ဝိုင်းဝန်းပစ်ခတ်ခဲ့သည့်အတွက် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးသွားနိုင်ကြောင်း YDF ပြောရေးဆိုခွင့်ရှိသူ ကိုမင်းမင်းက ပြောသည်။

“သူတို့ဘက်က တော်တော်လေးကို အခြေအနေဆိုးတယ်ဗျ၊ ပြီးတော့ ကျွန်တော်တို့ YDF တွေကပဲ ပစ်တဲ့ပုံစံမျိုးဖြစ်သွားတာကြောင့်မလို့” ဟု ကိုမင်းမင်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားစဉ် ထီးလင်းမြို့အတွင်းမှ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာသို့ လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် YDF ရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရခဲ့ကြောင်း သိရသည်။

တိုက်ပွဲမှာ တစ်နာရီနီးပါး ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်များ ထီးလင်းမြို့သို့ ပြန်ဆုတ်သွားသည်ဟု ကိုမင်းမင်းက ပြောသည်။

“ထီးလင်းမြို့ထဲကို ပြန်ပြီးတော့ ကားနဲ့သယ်သွားတော့ တချို့တပ်သားတွေက လူတစ်ယောက်ကို သေနတ်သုံးလေးလက်ကို သယ်သွားတာဗျ၊ သေဆုံးဒဏ်ရာရသွားတဲ့ စစ်သားတွေရဲ့သေနတ်လို့ ကျွန်တော်တို့က ယူဆတယ်” ဟု ကိုမင်းမင်းက ပြောသည်။

ပြန်ဆုတ်လာသည့် စစ်ကောင်စီတပ်ကို ထီးလင်းမြို့တွင်းမှ ကားနှစ်စီးဖြင့် လာကြိုခဲ့ကြောင်း၊ သေဆုံး၊ ဒဏ်ရာရသူများကို ကားပေါ် တင်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများကို ကိုးကားပြီး ကိုမင်းမင်းက ပြောသည်။

ဇူလိုင် ၃ တွင်လည်း  ထန်းပင်ကုန်းရွာအနီး ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထီးလင်းမြို့မှ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ကူကြောင့် ပုဏ္ဏားကျေးရွာမှ စာသင်ကျောင်းအနောက်ဘက်တွင် လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ မြေပြင်တပ်ဖွဲ့ဝင်များက ဇူလိုင် ၃ တိုက်ပွဲအခြေအနေကို အသေးစိတ်မပို့သေးကြောင်း YDF အဖွဲ့က ဆိုသည်။

ထီးလင်းတွင် စစ်ကောင်စီတပ်က အင်အား ၃၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေသည်မှာ ၁၀ ရက်ခန့်ရှိနေပြီဖြစ်ပြီး  မြို့အနောက်ဘက်ကျေးရွာများမှ ဒေသခံ ၇၀၀ ကျော်မှာ ဘေးလွတ်ရာ တိမ်းရှောင်နေရသည်ဟု သိရသည်။

“စစ်ရှောင်တွေလည်း တော်တော်များလာတယ်၊ အဲဒီနားက တိုက်ပွဲဖြစ်နေတဲ့နေရာမှာရှိတဲ့ ရွာတွေ တော်တော်များများ ရှောင်နေကြရတယ်” ဟု ကိုမင်းမင်းက ပြောသည်။

စစ်ရှောင်ရသည့် ရွာများထဲတွင် ဝက်သက်၊ ဟင်းခွက်ကုန်း၊ ဟင်းပန်းတို့ ပါဝင်ကြောင်း၊ စစ်ဘေးရှောင်ရသူများထဲတွင် သက်ကြီးရွယ်အိုနှင့် ကလေးငယ် ၁၇၀ ခန့်နှင့် နာမကျန်းဖြစ်နေသူ ၁၃၀ ကျော်အထိ ပါဝင်ကြောင်း YDF-ထီးလင်းက ထုတ်ပြန်ထားသည်။

ယနေ့တွင် တိုက်ပွဲများငြိမ်သက်နေပြီး ထီးလင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်က ကင်းပတ်လည်ချထားသည်ဟု YDF အဖွဲ့ထံမှ သိရသည်။

ထီးလင်းမြို့တိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်ကို မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူများကိုပင် ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အတွက် နိုင်ငံအနှံ့လက်နက်ကိုင်တော်လှန်ကြရာတွင် ယောဒေသလည်း ရှေ့တန်းမှ ပါဝင်ခဲ့သည်။

ချင်း-မကွေးနယ်စပ်တစ်လျှောက်တွင် ရှိနေသည့် ထီးလင်း၊ ဂန့်ဂေါစသည့် ယောဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၎င်းတို့ ဒေသအတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို အဆက်မပြတ်တိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button