သတင်း

စစ်အုပ်ချုပ်ရေးအောက် လေဖြတ်သွားသော ဗိုလ်ချုပ်စျေး

အဓိကဈေးရုံကြီးအတွင်း ဆိုင်ခန်းအများအပြား ပိတ်ထားသဖြင့် မှောင်မိုက်နေသည်။ ဆိုင်ခန်းငှားမည်ဆို သော စာသားနှင့်အတူ ဆက်သွယ်ရန် ဖုန်းနံပါတ်များ ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ သွားလာနေသူ အနည်းငယ်သာ တွေ့ရပြီး ဈေးဝယ်သူ ကင်းမဲ့နေသည်။

ဈေးပိတ်ရက်လားဟု ထင်မှတ်မှားဖွယ်ရာပင်။ ရန်ကုန်မြို့လယ်ရှိ နာမည်ကျော် ဗိုလ်ချုပ်အောင်ဆန်းဈေး ကို ယခုရက်ပိုင်းအတွင်း ရောက်ရှိစဉ် တွေ့ရသည့် မြင်ကွင်းဖြစ်သည်။ ယခင့်ယခင် ရောက်ဖူးခဲ့သော ဗိုလ်ချုပ်ဈေးခေါ် ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် ကွာလွန်းလှသည်။

ဗိုလ်ချုပ်ဈေးမှာ ကမ္ဘောကျော်ဈေးတစ်ခုဖြစ်သည်။ အထိန်းအမှတ်တစ်ခု၊ အထင်ကရ သွားရောက်လည် ပတ်ရာနေရာတစ်ခုလည်းဖြစ်သည်။ မြန်မာနိုင်ငံလာရောက်သည့် နိုင်ငံခြားသားအများစု မဖြစ်မနေသွား ရောက်လေ့ရှိသော နေရာဖြစ်သည်။ ကိုလိုနီခေတ်လက်ရာ အဆောက်အအုံများနှင့်အတူ မြို့တော်ရန်ကုန် ၏ အချက်အခြာနေရာရှိ ထိုဈေးကို မရောက်အရောက်သွားရန် မြန်မာနိုင်ငံရောက်လာသူများ စိတ်လို လက်ရရှိတတ်ကြသည်။

အမှတ်တရ ပစ္စည်းဆိုင်များရှိသည်။ အဖိုးတန် ကျောက်မျက်ရတနာ၊ အဝတ်အထည်၊ ပန်းချီပန်းပု အနု ပညာ လက်ရာများ၊ လက်မှုပစ္စည်းများ၊ ရှေးဟောင်းထည်များရှိသည်။ ထူးထူးဖွယ်ဖွယ် အစားအသောက်များလည်း မြည်းစမ်းနိုင်သည်။ 

သွားရလွယ်ကူသည်။ အရောင်အသွေးစုံလင်သည်။ မြန်မာနိုင်ငံရောက်ပြီး ပြန်မထွက်မီ အဆုံးသတ်အနေဖြင့် စိတ်ကူးတည့်ရာ ဝယ်ချင်၍ဖြစ်စေ မဖြစ်မနေဝယ်ရမည်ဖြစ်စေ ဗိုလ်ချုပ်ဈေးတွင် ရနိုင်သည်။ 

နိုင်ငံတကာခရီးသွားဝက်ဘ်ဆိုဒ်များတွင် မြန်မာနိုင်ငံက ဗိုလ်ချုပ်ဈေးအကြောင်း တခမ်းတနား ဖော်ပြ လေ့ရှိသည်။ ရန်ကုန်မြို့ရှိ သွားရောက်လည်ပတ်သင့်သော အထင်ကရနေရာများတွင် ဗိုလ်ချုပ်ဈေးသည် ထိပ်ဆုံးထဲမှတစ်ခုဖြစ်သည်။ 

နိုင်ငံခြားသား ခရီးသွားများဖြင့် တိုးဝှေ့နေရသည်အထိ စည်ကားတတ်သော နေရာဖြစ်သည်။ ကမ္ဘာလှည့် ခရီးသည်တင် ဘတ်စ်ကားများဖြင့် ဈေးရှေ့မျက်နှာစာ၌ ယာဉ်ကြောပိတ်ဆို့မှုပင် ဖြစ်တတ်သည်။ တရုတ်ခရီးသည်များ အစုလိုက်အပြုံလိုက်ရောက်လာသည့် ရက်များဆို ဗိုလ်ချုပ်ဈေးသည် တိုးမပေါက်အောင် ပင် ရှိတတ်သည်။

စစ်တပ်က တိုင်းပြည်အာဏာသိမ်းယူပြီး တစ်နှစ်နှင့်ငါးလအကြာတွင် ဈေးရှေ့ ဗိုလ်ချုပ်လမ်းအပေါ်ဘက်ခြမ်းတစ်ခုလုံး ရှင်းလင်းနေသည်။ ဈေးမျက်နှာစာတန်းတွင် ဆိုင်သုံးလေးခုသာ ဖွင့်ထားသည်ကို တွေ့ရသည်။ ကျောက်မျက်ရတနာ အရောင်းဆိုင်အများစု နေရာယူထားရာဖြစ်သည်။ 

လူမှမဝင်တာ ဘယ်သူက ဆိုင်ဖွင့်ပြီး ရောင်းနေမလဲ။ ဆိုင်ဖွင့်ထားရင် အလုပ်သမားခ ထပ်ရှုံးတယ်လေ။ ကျွန်တော်တို့တောင် အွန်လိုင်းမိတ်တွေရှိလို့ ခံသာနေတာ’

ဖွင့်ထားဆဲဆိုင်တစ်ခုမှ ဝန်ထမ်းက ဖြတ်သွားဖြတ်လာသူကို ဈေးဝယ်သူအမှတ်ဖြင့် ဖြတ်ခနဲတချက် ဝင့်ကြည့်သည်။ အဝယ်ကျလေ့မရှိသော အခါသမယဖြစ်သည်ကို ဖုန်းပွတ်မပျက်သော သူ့ပုံပန်းသဏ္ဌာန်က ဖော်ညွှန်းနေသည်။ ယခင်က ဆူဆူညံညံစည်းကားခဲ့သော ဈေးရုံကြီးမှာ တိတ်ဆိတ်လျက်ရှိသည်။ 

အလယ်ပိုင်းရှိ ဈေးရုံကြီးအတွင်း၊ ဘေးနှင့်နောက်ဘက်ရှိ ဆိုင်ခန်းအချို့ ဖွင့်ထားသည်ကို တွေ့ရသည်။ ရတနာအရောင်းဆိုင်အချို့၊ အဝတ်အထည်ဆိုင်တချို့နှင့် စားသောက်ဆိုင်များဖြစ်သည်။ ပုံမပျက် သွားလာလှုပ်ရှားနေသူအချို့လည်း တွေ့ရသည်။ ဗိုလ်ချုပ်ဈေးနှင့်မတူ အသက်ဝင်မဲ့မူ ကင်းမဲ့နေသည်။

‘’လူမှမဝင်တာ ဘယ်သူက ဆိုင်ဖွင့်ပြီး ရောင်းနေမလဲ။ ဆိုင်ဖွင့်ထားရင် အလုပ်သမားခ ထပ်ရှုံးတယ်လေ။ ကျွန်တော်တို့တောင် အွန်လိုင်းမိတ်တွေရှိလို့ ခံသာနေတာ’’ ဟု ဆိုင်ဖွင့်ထားသူတစ်ဦးက ခပ်ဆတ်ဆတ် ပြောသည်။

ကျောက်မျက်ရဝာနာ အရောင်းဆိုင်မှတစ်ဦးကလည်း “အမေစု ဦးဆောင်နေတဲ့ အစိုးရလက်ထက်မှာ ခရီး သွားတွေ အရမ်းဝင်တယ်။ တရုတ်ဘက်က ခရီးသွားတွေ အရမ်းဝင်တော့ ကျောက်မျက်လိုင်းက အလုပ် ဖြစ်တယ်။ ၂၀၂၀ မှာလည်း အမေပဲနိုင်တော့ မျှော်လင့်ထားခဲ့သေးတာ’’ ဟု မကျေမချမ်း ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို သူက အမေစုဟု ခေါ်ဝေါ်ခြင်းဖြစ်သည်။ 

လက်ရှိတွင် ထိုအမေစုကို စစ်တပ်က ထောင်ထဲထည့်ထားသည်။ အာဏာသိမ်းသည့်နေ့ကတည်းက အဖမ်းခံရသည့် လူထုခေါင်းဆောင်ကို ပုဒ်မပေါင်း များစွာဖြင့်လည်း တရားစွဲဆိုထားသည်။ 

ဗိုလ်ချုပ်ဈေးသည်လည်း ဒေါ်အောင်ဆန်းစုကြည်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် အမည် ပေးထားခြင်းဖြစ်သည်။ ကိုလိုနီခေတ် ထိုဈေးအဆောက်အအုံ၏ မူလအမည်မှာ စကော့ဈေး ဖြစ်သည်။ အင်္ဂလိပ် ခေတ် စည်ပင်သာယာအရေးပိုင်မင်းကြီး (မြူနီစပယ်မင်းကြီး) James George Scott ကို အစွဲပြု၍ အမည်တွင်ခဲ့ခြင်းဖြစ်သည်။ 

ထိုသို့ သမိုင်းကြောင်း ရှည်လျားသည့် ဗိုလ်ချုပ်ဈေးတွင် ရောင်းသူဝယ်သူပါးနေခြင်းမှာ ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကျရောက်စဉ်ကတည်းက ဖြစ်သည်။ ကိုဗစ်ကပ်ရောဂါ အသည်းအသန် ကျရောက် ချိန်တွင် အခြားနေရာများနည်းတူ ဗိုလ်ချုပ်ဈေးလည်း ပိတ်ခဲ့ရသည်။

ကိုဗစ်ကပ်ရောဂါ လျော့ပါးလာချိန်တွင် ကမ္ဘာလှည့်ခရီးသွားများ ပြန်လည်ဝင်ရောက်လာပြီး ယခင်အခြေ အနေအတိုင်းပြန်ရောက်မည်ဟု မျှော်လင့်စောင့်စားနေသူ ဈေးသူဈေးသားများလည်းရှိသည်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်မီအထိသာဖြစ်သည်။

ရှားရှားပါးပါးဝင်လာတတ်တဲ့ နိုင်ငံခြားသားကို အရင်ကစျေးထက် တဝက်လောက်လျှော့ရောင်းတာတောင် မဝယ်ကြတော့ဘူး။ အခြေအနေက ဆိုးတယ်

‘’အာဏာသိမ်းလိုက်ပြီဆိုကတည်းက တိုင်းပြည်က နောက်ပြန်သွားတာပဲလေ။ အဲ့နေ့က စျေးလည်း တကယ်မဖွင့်ဖြစ်ဘူး။ လူလည်း စိတ်ဓာတ်ပါကျသွားတယ်’’ ဟု ဗိုလ်ချုပ်ဈေးတွင် ကျောက်မျက်ရတနာ အရောင်းဆိုင် ဖွင့်ထားသူက ဆိုသည်။

အာဏာသိမ်းစစ်တပ် လက်အောက်တွင် အဘက်ဘက်ယိုယွင်းလာသော တိုင်းပြည်အခြေအနေကို ဗိုလ်ချုပ်ဈေးရှိ ပန်းချီကားအရောင်းဆိုင်တစ်ခုတွင် တွေ့နိုင်သည်။ ဝယ်သူတစ်ဦးမှမရှိသဖြင့် ပန်းချီကား များ အပုံလိုက် ဖြစ်နေသည်။ ဘေးပတ်လည်ဆိုင်များ ပိတ်ထားသဖြင့် စကားပြောစရာအဖော်ပင် မရှိဟု ထိုဆိုင်ပိုင်ရှင်က ညည်းတွားသည်။

“ဗိုလ်ချုပ်စျေးက တခြားစျေးတွေနဲ့မတူဘူး။ တန်ဖိုးကြီးတဲ့ ရတနာပစ္စည်းတွေ ရောင်းတာမျိုးတွေများတယ်။ လက်ရှိ စစ်တပ်အောက်မှာ ဘယ်သူမှ မလုံခြုံတော့ ဆိုင်မဖွင့်ရဲကြတာထင်တယ်’’ ဟု ထိုပန်းချီ ကားအရောင်းဆိုင်ပိုင်ရှင် အမျိုးသမီးက ဆိုသည်။ 

တခါတရံ သံရုံးနှင့် နိုင်ငံတကာအဖွဲ့အစည်း (INGO) များမှ နိုင်ငံခြားသားအချို့ လက်ဆောင်လာဝယ်ခြင်း မျိုးကို စောင့်မျှော်နေရသည်ဟုလည်း ဆိုသည်။

“ဆိုင်မဖွင့်ဘဲနေလည်း အားနေတာပဲဆိုပြီး တစ်ကားရောင်းရ ရောင်းရဆိုပြီး ရောင်းနေတာ”

ဒီအတိုင်းဆိုရင်တော့ ဗိုလ်ချုပ်စျေးက သေသွားပြီ။ ဘယ်လောက် ဆိုင်ဆက်ဖွင့်နိုင်မလဲ မသိဘူး။ အခြေ အနေအရ ပြောင်းသင့်ပြောင်းရတော့မယ်

ဖွင့်လှစ်ထားသော အခြားပန်းချီကား အရောင်းဆိုင်တစ်ခုသည်လည်း အလားတူပင်ဖြစ်သည်။ ပန်းချီကား များပုံလျက်ရှိသည်။ ဖုံတက်စ ပြုနေသည်များပင်ရှိသည်။ ဆိုင်ရှေ့ဖြတ်သွားသူ တစ်ယောက်တလေက လှည့်၍ပင် မကြည့်ပေ။ ဈေးဝယ်သူကို စောင့်ရင်း တစ်နေ့တာအချိန်ကုန်ရသည်က များသည်ဟု ဆိုသည်။​

“ရှားရှားပါးပါးဝင်လာတတ်တဲ့ နိုင်ငံခြားသားကို အရင်ကစျေးထက် တဝက်လောက်လျှော့ရောင်းတာတောင် မဝယ်ကြတော့ဘူး။ အခြေအနေက ဆိုးတယ်” ဟု ထိုပန်းချီကားအရောင်းဆိုင်ပိုင်ရှင် အမျိုးသားက ပြောသည်။

ပန်းချီကားအရောင်းဆိုင်များနည်းတူ ဗိုလ်ချုပ်စျေးရှိ လက်မှုပစ္စည်းအရောင်းဆိုင်များလည်း အတူတူ သာဖြစ်သည်။ အများစုက ပိတ်ထားလိုက်ကြပြီဖြစ်သည်။ နိုင်ငံခြားသား ခရီးသွားဧည့်သည် မရှိသဖြင့် ဈေးဦးပေါက်ရန် ပင် အခွင့်အရေးနည်းလှသည်။

“ဒီအတိုင်းဆိုရင်တော့ ဗိုလ်ချုပ်စျေးက သေသွားပြီ။ ဘယ်လောက် ဆိုင်ဆက်ဖွင့်နိုင်မလဲ မသိဘူး။ အခြေ အနေအရ ပြောင်းသင့်ပြောင်းရတော့မယ်” ဟု ကျောက်မျက်ရတနာ အရောင်းဆိုင်ပိုင်ရှင်က ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button