ယမန်နေ့ (ဇွန် ၂၂) က မကွေးတိုင်း ပွင့်ဖြူမြို့နယ်တွင် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရစဉ် အသက်ရှင်လျက် အဖမ်းခံရသူ သုံးဦး သေဆုံးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ရှိသူက ပြောသည်။
ဒေသခံ PDF အဖွဲ့ ဝင်၂၀ ကျော် လိုက်ပါလာသည့် မော်တော်ယာဉ်ကို ယမန်နေ့ နံနက်အစောပိုင်း၌ စစ်တပ်က ကြားဖြတ်တိုက်ခိုက်ရာတွင် PDF အဖွဲ့ဝင် ၉ ဦးသေဆုံးကာ ယာဉ်မောင်းနှင့် အခြား PDF နှစ်ဦး အသက်ရှင်လျက် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
ထိုအဖမ်းခံရသူ သုံးဦးစလုံး စစ်တပ်လက်ချက်ဖြင့် သေဆုံးသွားပြီဖြစ်ကြောင်း ပွင့်ဖြူ PDF တာဝန်ရှိသူ ဗိုလ်ကျားကြီးဆိုသူက ယနေ့ အတည်ပြုသည်။
“အရှင်အဖမ်းခံရတဲ့ ၃ ယောက် ထပ်ကျသွားတယ်။ ဒဏ်ရာပြင်းတဲ့ နှစ်ယောက်လည်း ကျသွားပြီ။ အလောင်းတွေ ပြန်မရဘူး။ သူတို့ဘာသာသူတို့ သင်္ဂြိုဟ်လိုက်တယ်” ဟု ၎င်းက ပြောသည်။
ဧရာဝတီမြစ်အနောက်ဘက်ကမ်း ပွင့်ဖြူမြို့နယ်နှင့် နယ်မြေချင်း ဆက်စပ်နေသော သရက်နှင့် ကံမမြို့နယ်မှ PDF အဖွဲ့ဝင် ၂၀ ကျော်မှာ လက်နက်ခဲယမ်းများ သယ်ဆောင်လာစဉ် ပွင့်ဖြူမြို့တောင်ဘက် ၁၈ မိုင်အကွာ မဲဇလီနှင့် ဆည်တော်ရွာကြား ချောင်းတံတားပေါ်တွင် စစ်တပ်က အင်အား ၅၀ ခန့်ဖြင့် စောင့်ကြို တိုက်ခိုက်ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်းရရှိခဲ့သော ဒဏ်ရာများကို ဆေးကုသခွင့်မရဘဲ တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားသလို ယာဉ်မောင်းအမျိုးသားမှာလည်း ပစ်သတ်ခံလိုက်ရကြောင်း ယမန်နေ့ ညပိုင်းတွင် သိရှိရသည်ဟု ဗိုလ်ကျားကြီးက ပြောသည်။
“နှစ်ယောက်က ဒဏ်ရာပြင်းထန်ရထားတာ။ ဆေးကုသမှု မရလိုက်ဘဲ သေသွားတယ်။ လုံးဝ ဒဏ်ရာမရဘဲနဲ့ အကောင်းပကတိနဲ့လူက ပစ်သတ်ခံလိုက်ရပြီ။ ဗီဒီယိုင်ဖိုင်ထဲမှာပါတဲ့ အင်္ကျီချွတ်နဲ့လူ”
“သူတို့ (စစ်တပ်) က ကြိုးဖြေပေးပြီး ပြေးတဲ့အချိန် ပစ်သတ်လိုက်တယ်လို့ ကြားတယ်”
ကြားဖြတ်တိုက်ခိုက်ခံရသည့် မဲဇလီတံတားနှင့် သုံးဖာလုံခန့်သာ ဝေးသော ဆည်တော်ရွာသင်္ချိုင်းတွင် သေဆုံးခဲ့သော PDF အဖွဲ့ဝင်အားလုံးကို စစ်တပ်က မီးရှို့လိုက်သည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။
ယမန်နေ့က လူမှုကွန်ရက်ပေါ် ရောက်လာသော ရုပ်သံမှတ်တမ်းတစ်ခုတွင် ရုပ်ပျက်ဆင်းပျက် သေဆုံးနေသော ရုပ်အလောင်းများဘေးတွင် အင်္ကျီချွတ်လျက်အနေအထားဖြင့် အမျိုးသားတစ်ဦး နောက်ပြန်ကြိုးတုပ်ခံထားရပြီး အခြားသူနှစ်ဦးကိုလည်း မြေပြင်တွင် မှောက်လျက်အနေအထားဖြင့် တွေ့ရသည်။
ယမန်နေ့က မဲဇလီတံတားပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့တပ်ဖွဲ့ဝင်များ လိုက်ပါလာသော ကားရှေ့ခန်းမှ သုံးဦးကို အောက်သို့ ဆင်းခိုင်းခဲ့ကြောင်း၊ စစ်သားနှစ်ဦးက ကားနောက်ခန်းကို တက်ကြည့်ချိန်တွင် စတင်ပစ်ခတ်ကြကြောင်း ဗိုလ်ကျားကြီးက ပြောသည်။
“ကားရှေ့ခေါင်းထဲမှာပါတဲ့ သုံးယောက်ကို ဆင်းခိုင်းလို့ ဆင်းနေတဲ့အချိန်မှာ နောက်ကနေလည်း စစ်ခွေးနှစ်ကောင် တက်လာတာတဲ့ အတက်မှာ စပစ်ကြတာ။ ကားပေါ်မှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ပေါက်ကွဲပြီး အခုလို အကျအဆုံးတွေ များသွားတာ” ဟု ၎င်းက ပြောသည်။
ထိုသို့ အပြန်အလှန်ပစ်ခတ်စဉ် တပ်ဖွဲ့ဝင်အချို့ ပြန်လည်လွတ်မြောက်ခဲ့သည်ဟုလည်း ဗိုလ်ကျားကြီးထံမှ သိရသည်။ အရေအတွက် အတိအကျကိုမူ လုံခြုံရေးအရ မပြောနိုင်သေးဟု ၎င်းကဆိုသည်။
“မနေ့က (တိုက်ပွဲထဲ) ကျသွားတဲ့ ၉ ယောက်ထဲက ၆ ယောက်ပဲ ကိုယ်လက်အင်္ဂါအစုံပါတော့တယ်။ သုံးယောက်က အင်္ဂါမစုံတော့ဘူး။ ခေါင်းပြတ်၊ ခြေပြတ်၊ လက်ပြတ်နဲ့ ခါးပြတ်တာတွေနဲ့။ ဘယ်သူဘယ်ဝါတွေလဲဆိုတာ ကျွန်တော်တို့လည်း စုံစမ်းနေတုန်းပဲ”
တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်က လက်နက်ခဲယမ်းများပါသည့်ကားကို သေနတ်များဖြင့် တရစပ် ပစ်ခတ်ရင်း ကားပေါ်သို့ မိုင်းတစ်လုံးဖောက်ခွဲလိုက်ရာ အသင့်ပါလာသည့် ပစ္စည်းများပါ ဆက်လက် ပေါက်ကွဲသွားခြင်းဖြစ်သည်ဟု လွတ်မြောက်လာသူတစ်ဦးထံမှ သိရကြောင်း သရက် PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ရဲဘော်တွေက ကားပေါ်ကနေ ခေါင်းဖော်ပြီး ပြန်ပစ်ဖို့ မဖြစ်နိုင်တော့ဘူး။ (စစ်သားတွေက) ဝိုင်းပစ်ပြီး မိုင်းတစ်လုံးပစ်ထည့်လိုက်တာ။ အထဲက ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေက ထကွဲတယ်။ ကျွန်တော်တို့ရဲဘော်တွေက ပြန်ပစ်ချိန် မရှိလိုက်ဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်တပ်က လွတ်မြောက်သွားသည့် PDF တပ်ဖွဲ့ဝင်များကို တောနင်းရှာဖွေလျက်ရှိသည်ဟု သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)