အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပွင့်ဖြူမြို့တွင် PDF တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံး၊ ၃ ဦးအဖမ်းခံရ

ယနေ့ (ဇွန် ၂၂) နံနက်က မကွေးတိုင်း ပွင့်ဖြူမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များ၏ မော်တော်ယာဉ် တိုက်ခိုက်ခံရသဖြင့် ၉ ဦး သေဆုံး၊ ၃ ဦး အဖမ်းခံလိုက်ရကြောင်း သိရသည်။

ဧရာဝတီမြစ်အနောက်ဘက်ကမ်း ပွင့်ဖြူမြို့တောင်ဘက် ၁၈ မိုင်ခန့်အကွာရှိ မယ်ဇလီတံတားအနီး တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ပွင့်ဖြူ PDF မှ ဗိုလ်ကျားကြီးဆိုသူက ပြောသည်။​

“လက်နက်တွေသယ်လာတာ။ ဒီဘက် မဲဇလီတံတားကို ဖြတ်တဲ့အချိန်မှာ သတင်းကြိုရပြီး ကင်းပုန်းဝပ်စောင့်နေတာ။ ၅ နာရီဝန်းကျင် ဒီတံတားကို ဖြတ်တဲ့အချိန်မှာ ပစ်ခတ်မှုတွေဖြစ်တယ်။ ကားပေါ်မှာ ပါလာတဲ့ ပစ္စည်းတွေ ပေါက်ကွဲပြီးတော့ ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူတွေရှိတယ်” ဟု ဗိုလ်ကျားကြီးက ပြောသည်။

သရက်မြို့နယ် ကံမ PDF က ၎င်းတို့အခြေစိုက်လှုပ်ရှားရာနယ်မြေသို့ လက်နက်များနှင့် ပြန်လာစဉ် ထိုသို့ တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု သိရသည်။ 

မဲဇလီတံတားသည် မဲဇလီရွာနှင့် ဆည်တော်ရွာကြားရှိ မုန်းချောင်းပေါ်တွင် ဖြတ်ဆောက်ထားသည့် တံတားဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်က ဆည်တော်ရွာဘက်မှ ကင်းပုန်းစောင့်၍ စောင့်ကြိုတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဗိုလ်ကျားကြီးက ပြောသည်။

“မဲဇလီတံတားကို တောင်ဘက်ထိပ်ကနေ ကင်းပုန်းဝပ်စောင့်နေတာ။ တံတားကို လွန်တဲ့အချိန်မှာ စစစ်ဆေးတာ။ ရှေ့ခန်းမှာပါတဲ့လူကို ဆင်းခိုင်းတဲ့အချိန်မှာ နောက်မှာပါလာတဲ့လူတွေက စပစ်တာ။ အဲဒီအချိန်မှာ အပြန်အလှန်ပစ်ခတ်တာတွေဖြစ်တာ” ဟု ဗိုလ်ကျားကြီးက ပြောသည်။

တိုက်ခိုက်ခံရစဉ် ထွက်ပြေးလွတ်မြောက်သွားသူများလည်းရှိရာ စစ်ကောင်စီတပ်က တောနင်းရှာဖွေရန် ပြင်ဆင်နေသည်ဟု ကြားသိရသည်။

ပြန်လွတ်လာသူများ၏ အခြေအနေကို စုံစမ်းမေးမြန်းနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်ဘက်က ထုတ်ပြန်သည်ဟု ယူဆရသည့် ရုပ်သံဖိုင်တစ်ခုတွင် ခါးအောက်ပိုင်းမရှိတော့သည့် ရုပ်အလောင်းတစ်ခု၊ ဝမ်းဗိုက်နှင့် ဦးခေါင်းပွင့်ထွက်နေသည့် ရုပ်အလောင်းတစ်ခုအပါဝင် ရုပ်အလောင်း ၈ လောင်းကို တစ်နေရာတည်း စုပြုံစီတန်းထားသည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက ‘၈ လောင်း၊ ကားသမားပါဝင်၊ အရှင် ၃ယောက်“ ဟု ပြောဆိုနေသလို ဖမ်းမိထားသူများ ချုပ်နှောင်ခံထားရသည်ကို ရုပ်သံတွင် တွေ့ရသည်။

မဲဇလီတံတားတွင် ပိတ်ဆို့ စစ်ဆေးနေကြောင်း၊ ဆည်တော်ရွာနှင့် မဲဇလီရွာတို့မှ ရွာသားများမှာ အပြင်ထွက်၍ မရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရွာထဲကလူတွေက ဘေးကို ထွက်လို့မရတော့ ဂဃနဏမသိရဘူး။ မနက်စောစောက ပစ်ခတ်တာတွေဖြစ်သွားတာပဲ ကြားလိုက်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော အထက်ပါ ရွာခံအမျိုးသားက ပြောသည်။

ပွင့်ဖြူ PDF မှ ဗိုလ်ကျားကြီးကလည်း ဆည်တော်ရွာထိပ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားသည်ဟု သိရကြောင်း၊ မုန်းချောင်းအနောက်ဘက်မှ ပြည်သူများမှာ လမ်းကို အသုံးပြု၍ မရသေးကြောင်း ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button