သတင်း

မီးရှို့အလောင်းဖျောက်ခံရသည့် ရေစကြိုဒေသခံငါးဦးတွင် ကိုယ်ဝန်ဆောင်တစ်ဦးပါဝင်

ချင်းတွင်းမြစ်ကူး ဆင်ဖြူရှင်တံတားထိပ်ရှိ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က မကွေးတိုင်း ရေစကြိုမြို့နယ်မြောက်ပိုင်းမှ ကျေးရွာများကို လိုက်လံစီးနင်းကာ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခဲ့ရာ မီးရှို့အလောင်းဖျောက်ခံရသူ ငါးဦးရှိပြီး ကိုယ်ဝန် ငါးလလွယ်ထားရသူ အမျိုးသမီးတစ်ဦး ပါဝင်သည်။​

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ကျောင်းအုပ်ကြီးတစ်ဦး၊ ဆရာမတစ်ဦး၊ သူနာပြုတစ်ဦးနှင့် ဒေသကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦး၊ စုစုပေါင်းငါးဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ထုတ်ပြန်ထားသည်။ 

မီးရှို့သတ်ဖြတ်ခံထားရသူ ငါးဦး၏ ရုပ်အလောင်းများကို ဇွန် ၁၄ ရက် ညနေပိုင်းက ချင်းတွင်းမြစ်ကူး ဆင်ဖြူရှင်တံတားအနောက်ဘက် နှစ်မိုင်ကျော်အကွာရှိ ပိတ်သင်းကပ်ရွာအနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီကို ခုခံတော်လှန်နေသော ရေစကြိုမြို့နယ်မြောက်ပိုင်းမှ ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဦးနိုင်ဆိုသူက ပြောသည်။

“ရက်ရက်စက်စက်ပဲ သတ်ဖြတ်သွားတာ။ ငါးလောင်းလုံး တူးဖော်တွေ့ရှိတယ်။ သတ်ဖြတ်ပြီး မီးရှို့ပြီးတော့ မြှုပ်ခဲ့တာ။ နွားကျောင်းသားက ရှာတွေ့တာ။ လက်ထိတ်ခတ်ပြီးတော့ လက်နှစ်ချောင်းက ပေါ်နေတာ။ ကျီးတွေအာလို့ နွားကျောင်းသားတွေက သွားကြည့်မှ တွေ့တာ” ဟု ၎င်းက ဆိုသည်။

တူးဖော်တွေ့ရှိရသော အလောင်းများမှ ကိုယ်ဝန်ငါးလလွယ်သူ CDM ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ၊ အသက် ၅၄ နှစ်အရွယ် CDM ကျောင်းအုပ်ကြီး ဦးဝင်းကျော်၊ ၂၇ နှစ်အရွယ် CDM သူနာပြုဆရာမ ဒေါ်ဇာလီနိုင်၊ ၂၀ စွန်းစွန်းအရွယ် ဒေသကာကွယ်ရေးအဖွဲ့ဝင်များဖြစ်သော ရဲဘော်ဝူခုန်း (ခ) ကိုဌေးမင်းဦး နှင့် ရဲဘော်သဲအိအိဝင်းတို့ဖြစ်သည်။

ကိုယ်ဝန်လွယ်ထားရသူ CDM ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေမှာ မြိုင်မြို့နယ် ဒန်းပင်ကန်ရွာဇာတိဖြစ်ပြီး ကျောင်းအုပ်ဆရာ ဦးဝင်းကျော်တို့နှင့်အတူတကွ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာသင်ကြားရေးအစီအစဉ်တွင် ပါဝင်ဆောင်ရွက်နေသူဖြစ်သည်ဟု သိရသည်။​

သတ်ဖြတ်ခံရသူ ငါးဦးလုံးမှာ ပိတ်သင်းကပ်ရွာနှင့် ကပ်လျက်ဖြစ်သော ဒန်းပင်ကန်ရွာမှဖြစ်ကြောင်း၊ ဇွန် ၁၀ ညနေပိုင်းက ဖမ်းဆီးခံရပြီးနောက် ထိုညမှာပင် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဦးနိုင်က ပြောသည်။

“သူတို့ ငါးယောက်ကို ဖမ်းသွားပြီးတော့ သစ်ကြီးတော (ရွာ) ကို တောလမ်းအတိုင်း သွားမီးရှို့တာ။ အဲဒီကနေ ပိတ်သင်းကပ် (ရွာ) ကို ထပ်တက်သွားပြီး ဓမ္မာရုံနားမှာ သူတို့တပ်စွဲတာ။ အဲဒီကနေ ကျောင်းတောင်ဘက်ကို ခေါ်သတ်တာ” 

“အလောင်းတွေ ဦးခေါင်းခွံပဲ ရှိတော့တယ်။ အဆီထူတဲ့ အလောင်းတစ်လောင်းကတော့ ဆရာဦးဝင်းကျော် ထင်တယ်။ အဆီကထူတော့ အူတွေ ဘာတွေ မြင်ရသေးတယ်။ ပေါက်ပြဲနေတာ။ ပြီးတော့ လက်ထိတ်နှစ်ခု တွေ့တယ်။ အလောင်းမှာ ခတ်လျက်ကြီးတွေ့တယ်။ ကျည်တစ်တောင့်တွေ့တယ်” ဟု ဦးနိုင်က ပြောသည်။

ဇွန် ၉ ရက်တွင် ဆင်ဖြူရှင်တံတားထိပ်စစ်ဆေးရေးဂိတ်ကို ရေစကြို၊ မြိုင်နှင့် ဆလင်းကြီးမြို့တို့မှ PDF များက စီးနင်းတိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ သုံးဦးသေဆုံး၊ တစ်ဦးအဖမ်းခံရကာ သေနတ် ၇ လက်နှင့် ကျည်ဆန်များ သိမ်းပိုက်ရရှိခဲ့သည်။

ထို့နောက် စစ်တပ်က အင်အားရာဂဏန်းဖြင့် ရေစကြိုမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများကို လိုက်လံစီးနင်းခဲ့သည်။ စစ်တပ်က ထိုသို့စစ်ကြောင်းထိုးစဉ် မီးရှို့ဖျက်ဆီးခံရသည့် ရွာများရှိသည့်နည်းတူ ဖမ်းဆီးခံရသည့် ဒေသခံများလည်းရှိသည်။ 

ဇွန် ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ဒန်းပင်ကန်ရွာသို့ ချီတက်လာစဉ် ပြောက်ကျားတပ်ဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်ခြင်းခံရပြီးနောက် စစ်တပ်က ရမ်းသန်းပစ်ခတ်ရာ ရာနှင့်ချီသော ရွာသွားများ တောထဲ ထွက်ပြေးရကြောင်း CDM သူနာပြု ဒေါ်ဇာလီနိုင်မှာ ထိခိုက်ဒဏ်ရာရသူများကို ဆေးကုပေးနေစဉ် အဖမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။

“မိုင်းဆွဲလိုက်တဲ့ ကလေးက ဒဏ်ရာရသွားတော့ CDM ဆရာမဆီမှာ ဆေးသွားကုတာ။ မိုင်းဆွဲတဲ့ ကလေးက ချောက်ထဲ ပြုတ်ကျပြီး ဒဏ်ရာရနေတာ။ လမ်းမလျှောက်နိုင်ဘူး။ သူ့ကို ရဲဘော်တစ်ယောက်က လိုက်ပို့ပေးတာ။ ဆေးကုနေတုန်း ငါးယောက်လုံး တစ်စုတစ်တည်းတည်း ဖမ်းမိသွားတာပေါ့ဗျာ” ဟု ရေစကြိုမြို့နယ်မြောက်ပိုင်းမှ ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။ 

သူနာပြု ဒေါ်ဇာလီနိုင်သည် ပခုက္ကူမြို့နယ် မြစ်ခြေမြို့နယ် ဇာတိဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း၊ ရေစကြိုနှင့် မြိုင်မြို့နယ်အစပ်တွင် လာရောက်တိမ်းရှောင်နေသူဖြစ်သည်ဟု သိရသည်။

“ရွာသားတွေကို အနောက်ကို ထွက်ပြေးကြတာ။ ဆေးဆရာမက လွတ်တယ်။ စစ်ရှောင်တွေ ဒဏ်ရာရထားတော့ ပြန်လာကုတာ။ အဲဒီအချိန်မှာ ဒလန်က ဒါ ဦးဝင်းကျော်တို့ပဲ ဆိုပြီး လက်ညှိုးထိုးပြတာ။ ဆရာဦးဝင်းကျော်တို့က PDF တွေ ထင်သွားတာ။ စစ်သားတွေက PDF တွေလို ဘောင်းဘီတိုတွေ၊ ရှော့ပင်တွေ၊ အရပ်ဝတ်တွေ ဝတ်ထားကြတာဗျာ” ဟု ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဦးနိုင်က ပြောသည်။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button