
အာဏာသိမ်းစစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲများကို တွေ့ဆုံရန် ဒုတိယအကြိမ် ဖိတ်ခေါ်ချိန်နှင့် တစ်ရက်တည်းတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ တိုက်ပွဲများ ဖြစ်လျက်ရှိသည်။
ယနေ့ (ဇွန် ၁၅) နံနက် ၄ နာရီခန့်က ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်မှ ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို KIA တပ်ရင်း ၂၂ က လဝါးယာန်ကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။
“ဆင်းလာတဲ့ ယာဉ်တန်းတွေကို လမ်းခုလတ်မှာ မိုင်းဆွဲတိုက်ခိုက်တယ်လို့ပဲ ကြားသိပါတယ်၊ တိုက်ခိုက်တာကတော့ မှန်ပါတယ်” ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရသေးဟု ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဘက်မှ စုစုပေါင်း ၇ သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု ဒေသခံများကို ကိုးကားပြီး ဒေသတွင်းမီဒီယာတစ်ခုဖြစ်သည့် Kachinwaves သတင်းဌာနက ရေးသားထားသည်။
ပူတာအိုမှ ဆင်းလာသည့် ၎င်းစစ်ယာဉ်တန်းသည် ဇွန် ၁၂ ရက်နေ့ကလည်း ဆွမ်ပရာဘွမ်နှင့် မြစ်ကြီးနားမြို့နယ်ကြား လမ်းမပေါ်တွင်ပင် ၃ ကြိမ် တိုက်ခိုက်ခံခဲ့ရပြီး ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၌လည်း ဇွန် ၁၄ ရက်တစ်ရက်တည်းတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုနေ့နံနက် ၄ နာရီခန့်က ကွတ်ခိုင်မြို့နယ်နှင့် ၁၁ မိုင်ခန့်အကွာ နန့်ဖလွန်ရွာအနီးတွင် စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ကျဆုံးမှုကို မသိရကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ကွတ်ခိုင်နဲ့ မူဆယ်ကြားမှာ နန့်ဖလွန်းဆိုတဲ့နေရာမှာ စစ်ကောင်စီဘက်ကနေ လှုပ်ရှားလာလို့ KIA ဘက်ကနေ ခုခံတဲ့တိုက်ပွဲပြောရမှာပေါ့” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အထိနာခဲ့ပြီး ထိခိုက်ကျဆုံးမှုများသည်ဟု သိရကြောင်း တိုက်ပွဲအနီးအနားမှ ဒေသခံများကို ကိုးကားပြီး ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုနေ့ ညနေပိုင်းတွင်လည်း အဆိုပါ စစ်ယာဉ်တန်းကို ကွတ်ခိုင်မြို့နယ် ဟူနောင်ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှုသတင်းတော့ မကြားရသေးကြောင်း အဆိုပါ အမျိုးသမီးက ပြောသည်။
ယနေ့နံနက် (ဇွန်လ ၁၅ ရက်) အစောပိုင်းတွင်လည်း လက်နက်ကြီးပစ်ခတ်သံကြားခဲ့ရပြီး မည်သည့်နေရာမှ ပစ်ခတ်နေသည်ကိုတော့ မသိရကြောင်း အထက်ပါအမျိုးသမီးက ပြောသည်။
“ဒီနေ့မနက်အစောကြီး လက်နက်ကြီးသံ နှစ်ချက်ကြားလိုက်ရတယ် လက်နက်ငယ်သံတော့ မကြားရဘူး။ တိုက်ပွဲဖြစ်တယ်ဆိုတာတော့ မကြားရသေးဘူးနော်” ဟု ၎င်းအမျိုးသမီးက ပြောသည်။
ကချင်ပြည်နယ်အတွင်း ပူတာအို၊ ဖားကန့်နှင့် မိုးညှင်းမြို့နယ်များတွင် ပြီးခဲ့သည့် လများအတွင်း တိုက်ပွဲများဖြစ်ခဲ့ကြောင်း၊ တနိုင်းမြို့နယ်ဘက်တွင်လည်း စစ်ကောင်စီတပ်က ယာဉ်တန်းများဖြင့် ခဲယမ်း၊ ရိက္ခာများပေးပို့ရန် ကြိုးစားနေပြီး တိုက်ပွဲများမကြာခဏဖြစ်ပွားနေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့ရာ KIA တပ်များလှုပ်ရှားနေသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်တို့တွင်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် လအနည်းငယ်အကြာတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIA တပ်မဟာ ၄၊ တပ်မဟာ ၁၀ နှင့် တပ်မဟာ ၆ နယ်မြေများတွင် တိုက်ပွဲများ ဦးဆုံးဖြစ်ပွားခဲ့ပြီးနောက် ကချင်ပြည်နယ်များတွင်ပါ တိုက်ပွဲများ ပျံ့နှံ့လာခဲ့သည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA, ကရင်အမျိုးသားအစည်းအရုံး KNU တို့နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
အလားတူ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ ၄၀၀ ကျော်လည်း ပေါ်ပေါက်လာခဲ့ပြီး စစ်ကိုင်း၊ မကွေးတိုင်းနှင့် ကရင်နီပြည်နယ်တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
အဆိုပါ အခြေအနေတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများတက်ရောက်ရန် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ဧပြီလ ၂၂ ရက်တွင် ကမ်းလှမ်းခဲ့သည်။ သို့သော် အဆိုပါ ဆွေးနွေးပွဲသို့ KNU, KIA နှင့် ရက္ခိုင့်တပ်တော် AA တို့က တက်ရောက်ရန် ငြင်းဆိုခဲ့ကြသည်။
ယင်းနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တက်ရောက်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဇွန်လ ၁၄ ရက်တွင် စစ်ကောင်စီက ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းထားသည်။
ကချင်လက်နက်ကိုင်အဖွဲ့ KIA သည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် နီးစပ်သည့် အဖွဲ့တစ်ခုဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတမှာလည်း ကချင်တိုင်းရင်းသား ဒူဝါလရှီးလ ဖြစ်သည်။
မေ ၂၄ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၏ စခန်းတစ်ခုကို ယာယီသမ္မတ ဒူဝါလရှီးလ သွားရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ ထွက်ပေါ်ခဲ့သည်။ ထိုစခန်းမှာ KIA ထိန်းချုပ်နယ်မြေတွင် တည်ရှိသည်ဟု ယူဆနေကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)