
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) က ၎င်းတို့ထိန်းသိမ်းထားသည့် ခရစ်ယာန်သာသနာပြု ၁၀၀ ကျော်ကို အောက်တိုဘာ ၂ရက်တွင် ပြန်လွှတ်ပေးလိုက်ပြီး ၁၀၀ကျော်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ‘ဝ’ နှင့် လားဟူခရစ်ယာန်နှစ်ခြင်းအဖွဲ့ချုပ် တာဝန်ရှိသူများက ပြောဆိုသည်။
“ပန်ဆန်းဒေသ၊ မိုင်းပေါက်နဲ့ မိုင်းမောခရိုင်တစ်ခုလုံးက လွတ်တယ်။ ကျန်တဲ့ဆရာတွေလည်း မကြာခင် လွတ်လာမှာပါ” ဟု ‘ဝ’ နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Rev.Dr.အိုက်နပ်ယွန်း က Myanmar Now ကို ပြောသည်။
ခရစ်ယာန်သာသနာပြုများသည် ဝတ်ပြုဆုတောင်းမှုများအား ဘုရားကျောင်းတွင် မပြုလုပ်ဘဲ နေအိမ်များတွင်သာ ပြုလုပ်ပါမည်ဟု ကတိခံဝန်ချက်ဖြင့် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်ကြောင်း လားဟူနှစ်ခြင်းခရစ်ယာန်အဖွဲ့ အထွေထွေအတွင်းရေးမှူး Rev.Dr.လာဇရုက ဆိုသည်။
ဖမ်းခံထားရသူများအနက်မှ အနည်းဆုံးဓမ္မဆရာ ၇ဦးသည် အဆိုပါခံဝန်ကို လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သောကြောင့် ဆက်လက်ထိန်းသိမ်းခံနေရကြောင်းလည်း ၎င်းကဆိုသည်။
လားဟူအများစုပါဝင်သည့် သာသနာပြုနှင့် ဓမ္မကောလိပ်ကျောင်းသား ၁၀၀ ကျော်သည် ဆက်လက်ထိန်းသိမ်းခံထားရကြောင်းနှင့် ၎င်းတို့လည်း မကြာမီလွတ်လာမည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။
“အခြေအနေက အရမ်းကောင်းလာပါပြီ” ဟု လားဟူနှစ်ခြင်းခရစ်ယာန်အဖွဲ့ အထွေထွေအတွင်းရေးမှူး Rev.Dr.လာဇရုက ရှမ်းပြည်နယ် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှ ဘာသာရေးအကျပ်အတည်း အကြောင်း ရှင်းပြသည်။
မြန်မာနိုင်ငံအရှေ့ဘက် မြန်မာ -တရုတ် နယ်စပ် UWSA ထိန်းချုပ်ရာ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းမှ ခရစ်ယာန်သာသနာပြုများသည် အစွန်းရောက်ဘာသာရေး ဆရာများ ကြောင့် ဒေသ မတည်မငြိမ် ဖြစ်မည်ကို ကာကွယ်သည် ဆိုသည့် အကြောင်းပြချက်ဖြင့် စက်တင်ဘာ ဒုတိယသီတင်းပတ်ကတည်းက ထိန်းသိမ်းခံထားရခြင်းဖြစ်သည်။
UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်း က သာသနာပြုများသည် ‘ဝ’ အစိုးရ၏ဥပဒေကို ကျော်လွန်လုပ်ကိုင်သောကြောင့် ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
“တချို့ကတော့ အစွန်းရောက်တဲ့ လုပ်ရပ်တွေကြောင့် ဥပဒေဘောင်ကို ကျော်လွန်ပြီးမှ လုပ်တာကြောင့် ဖြစ်တယ်။ အဲ့ဒါကို ဆက်လက်ပြီးမှ တဆင့် လုပ်သင့်လုပ်ထိုက်တာ၊ ဥပဒေအရ ဘယ်လိုအရေးယူမလဲ စသဖြင့် လုပ်ဆောင်သွားမယ်” ဟု ၎င်းက Myanmar Now ကို တယ်လီဖုန်းဖြင့် ပြောကြားသည်။
ရှမ်းပြည်နယ် ကျိုင်းတုံအခြေစိုက် လားဟူနှစ်ခြင်းအဖွဲ့ချုပ် (ရှမ်း/ ရှေ့) ၏အဆိုအရ ‘ဝ’အထူးဒေသတွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်း (၅၂) ကျောင်းကို ချိပ်ပိတ်ခဲ့ပြီး (၃) ကျောင်းကို ဖြိုချခဲ့ကြောင်း၊ ဓမ္မအမှုတော်ဆောင် (၉၂) ပါးကို ဖမ်းဆီးခဲ့ပြီး ကျမ်းစာကျောင်းသားများအားလည်း စစ်မှုထမ်းစေခဲ့သည်ဟု ဆိုသည်။
လားဟူအဖွဲ့၏ စွပ်စွဲချက်ကို အတည်မပြုနိုင်ကြောင်း၊ သို့သော် ‘ဝ’ ဒေသတွင် တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရ ဥပဒေရှိကြောင်း UWSA ပြောခွင့်ရအရာရှိက ဆိုသည်။ ဘုရားကျောင်းများ ဖျက်ဆီးခဲ့ခြင်းမှာ တရားမဝင်ဆောက်လုပ်ထားသည့် အဆောက်အအုံများအား ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ ‘ဝ’ပြည်မှာ စည်းကမ်းရှိပြီး စနစ်ရှိတဲ့ မည်သည့်ကိုးကွယ်မှုကိုမဆို လွတ်လပ်စွာ ခွင့်ပြုထားတယ် ဆိုတဲ့ ဥပဒေရှိပါတယ်” ဟု ဦးညီရမ်းက ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ (၂) ဟု တပ်မတော်အစိုးရက သတ်မှတ်ခဲ့သည့် ပန်ခန်း(ပန်ဆန်း) အခြေစိုက် UWSA သည် မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး အစိုးရမဟုတ်သည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး အနည်းဆုံး စစ်သည်အင်အား ၃၀၀၀၀ မှ ၄၀၀၀၀ အထိ ရှိနိုင်သည်ဟု တိုင်းရင်းသားလက်နက်ကိုင်များအကြောင်း ရေးသားပြုစုထားသည့် နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (BNI) က ခန့်မှန်းထားသည်။