အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကန်ပက်လက်တွင် တိုက်ပွဲဆက်၊ ဒေသခံ ၁၀၀၀ ကျော် တောထဲရှောင်နေရ

တိုက်ပွဲဖြစ်နေသော ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှ နေရပ်စွန့်ခွာထွက်ပြေးရသည့် ဒေသခံ ၁၀၀၀ ကျော်မှာ တောထဲတွင် စားသောက်နေထိုင်ရေး ခက်ခဲနေသည်ဟု ၎င်းတို့ကို ကူညီနေသည့် ခရစ်ယာန်သင်းအုပ်ဆရာက ပြောသည်။

ဇွန် ၉ ရက်က မကွေးတိုင်း ကျောက်ထုမြို့နယ်မှ တက်လာသော စစ်ကောင်စီလက်နက်ကိုင် ၁၈၀ ကျော်က ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ၏  ကန်ပက်လက် တပ်ရင်း (၂) Vakok စခန်းကို ဝင်စီးပြီးနောက် မြို့နယ်အတွင်း တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေရာ စမ္မသား၊ စံအိမ်နူး၊ မဆီးတွီ၊ အံပုံ၊ ကျော့တော်၊ ငုံလောင်း၊ ကန်း လောင်း၊ ရလောင်းပန်းနှင့် ချင်းလက်မွန်ရွာတို့မှ ဒေသခံတို့ ထွက်ပြေးနေရသည်ဟု ၎င်းက ပြောသည်။

လုံခြုံရေးအရ တောထဲရောက်နေသူတို့မှာ ဖြစ်သလိုနေထိုင်ရသည်ဟု အထက်ပါ သင်းအုပ်ဆရာက ပြောသည်။  

“ကမန်းကတန်းပြေးရတာဆိုတော့ တောထဲက ဂူတွေထဲမှာပဲ နေရတာ၊ မိုးကာတဲလည်း မထိုးနိုင်ကြဘူး၊ ကျန်းမာရေးအတွက်ပါ စိုးရိမ်ရတဲ့သဘောမှာရှိနေတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော သင်းအုပ်ဆရာက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကန်ပက်လက်ဒေသအတွင်း ထွက်ပြေးရသူများတွင် အမျိုးသမီး၊ ကလေးငယ်နှင့် သက်ကြီးရွယ်အို အများအပြားပါဝင်နေပြီး ဖျားနာသူများနှင့် ဝမ်းသွားသည့် ကလေးငယ်များအတွက် အရေးပေါ်ဆေးဝါးများလည်း လိုအပ်နေသည်ဟု ၎င်းက ပြောသည်။

တိုက်ခိုက်မှုများ ရှိနေသေးသည့်အတွက် ဒေသခံတို့ နေရပ်ပြန်ရေး ကြန့်ကြာနိုင်သေးသည်ဟု ၎င်းက ယမန်နေ့ (ဇွန် ၁၄) တွင် ပြောသည်။

တိုက်ပွဲအန္တရာယ်ကြောင့် ကန်ပက်လက်၏ ရွာပေါင်း ၁၅ ရွာမှ နေရပ်စွန့်ခွာရသူအရေအတွက်မှာ ၂၅၀၀ ခန့်အထိ ရှိနေနိုင်သည်ဟု ၎င်းက ခန့်မှန်းသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းသော စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ပစ်သတ်သဖြင့် လက်နက်ကိုင် ခုခံတော်လှန်မှု နိုင်ငံအနှံ့ ပေါ်ပေါက်နေရာ ကန်ပက်လက်အပါအဝင် ချင်းပြည်နယ်မြို့အသီးသီးတွင်လည်း ခုခံသူအများအပြား ရှိနေသည်။

ဆုံးရှုံးလိုက်ရသည့် စခန်းကို CDF – ကန်ပက်လက်တပ်ဖွဲ့ဝင်များက နေ့စဉ် ပစ်ခတ်နေခဲ့ကြောင်း၊ ဇွန် ၁၂ တွင် စစ်ကောင်စီတပ်က တပ်အပြင်သို့ ထွက်ကာ တိုက်ခိုက်သည့်အတွက် စခန်းနှင့် မိုင်အနည်းငယ်ဝေးသည့် ကျော့တော်နှင့် အံပုံရွာများအနီးတွင် တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။

တိုက်ပွဲမှာ နံနက် ၈ နာရီမှ ညနေ ၅ နာရီခန့်အထိ ကြာမြင့်ခဲ့သည်ဟု CDF-ကန်ပက်လက်အဖွဲ့မှ ဒုတိယတပ်မမှူး ဆလိုင်းအောင်လိန်းက ပြောသည်။

“သူတို့ (စစ်ကောင်စီ) နေ့စဉ် တိုက်ခိုက်ခံနေရတော့ ခံပြင်းပြီး လိုက်တိုက်တယ် ပြောရမလား၊ အပြင်ထွက်လာတော့ ကျွန်တော်တို့နဲ့ အပြင်းအထန်ဖြစ်တာပဲ၊ သူတို့ ပိုအထိနာသွားတာပေါ့” ဟု ဆလိုင်းအောင်လိန်းက ပြောသည်။

အံပုံရွာအနီး တိုက်ပွဲဖြစ်ပွားနေစဉ် မြို့ပေါ်မှ စစ်ကူမလာနိုင်စေရန် မြို့နယ်ထွေအုပ်ရုံးတွင် စခန်းချထားသည့် စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ထိုနေ့က စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦး သေဆုံးခဲ့သည်ဟု ဆလိုင်းအောင်လိန်းက ပြောသည်။

ထိုနေ့ညပိုင်းတွင် အံပုံရွာအနီး တိုက်ခိုက်ခံရသည့်စစ်တပ်က အဆိုပါရွာတွင်ပင် ညအိပ် တပ်စွဲခဲ့ပြီး ရွာအတွင်းရှိသည့် အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ကာ CDF ရိက္ခာ ဆန်အိတ် ၇၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

မီးရှို့မှုများမှာ လက်နက်ကိုင်ခုခံသူတို့၏လက်ချက်ဖြစ်သည်ဟု စစ်ကောင်စီက တုံ့ပြန်လေ့ရှိသည်။

ကန်ပက်လက်မြို့ စာသင်ကျောင်း၊ မြို့နယ်ပညာရေးမှူးရုံး၊ ရဲစခန်းတို့တွင် စစ်ကောင်စီတပ်ဘက်မှ အင်အား ၃၀၀ ခန့် ရှိနေခဲ့ကြောင်း၊ ယခုအခါ အင်အား ၄၀၀ ကျော်နိုင်ကြောင်း CDF-ကန်ပက်လက်က ခန့်မှန်းသည်။

ချင်းပြည်နယ်တောင်ပိုင်းကို ထိန်းချုပ်ရန် ကြိုးပမ်းနေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် CDF က နယ်မြေချင်း ထိစပ်နေသော မကွေးတိုင်းအတွင်းမှ ခုခံစစ်ဆင်သူတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button