အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
မေးမြန်းခန်း

ခရစ်ယာန်သာသနာပြုများအား ဖမ်းဆီးခြင်းနှင့် ပတ်သက်ပြီး ‘ဝ’ ပြောရေးဆိုခွင့်ရှိသူနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံ၏အစိုးရမဟုတ်သောလက်နက်ကိုင်များအနက် အင်အားအကြီးဆုံးဖြစ်သည့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) က ၎င်းတို့ထိန်းချုပ်ထားရာ နယ်မြေများ အတွင်းရှိ ခရစ်ယာန်သာသနာပြုများအား ပြီးခဲ့သည့်လအတွင်း ထိန်းသိမ်းခဲ့သည်။

မြန်မာ – တရုတ်နယ်စပ် UWSA နယ်မြေအတွင်းရှိ တရားမဝင် ဆောက်လုပ်ထားသည့် ဘုရားကျောင်းများအား ဖြိုဖျက်ခြင်း၊ သာသနာပြုများအား ဖမ်းဆီးခဲ့ခြင်းနှင့် ပတ်သက်ပြီး နောက်ဆုံးအခြေအနေကို UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်း အား Myanmar Now သတင်းထောက်က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး – ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) က ထိန်းသိမ်းထားတဲ့ ဓမ္မဆရာ၁၀၀ ကျော်ကို အောက်တိုဘာ ၂ရက်နေ့က ပြန်လွတ်လာတယ်ဆိုတာ မှန်ပါသလား။ ကျွန်တော်တို့ သိထားတာ ၁၀၀ ကျော်ဆိုတော့ အတိအကျ ဘယ်လောက်ရှိမလဲ။

ဖြေ – မှန်ပါတယ်။ တော်တော်များများက ခေါ်ယူစစ်ဆေးမေးမြန်းပြီးမှ ပြန်ခိုင်းလိုက်ပါပြီ။ အတိအကျကတော့ ကျွန်တော်လည်း မသိရသေးပါဘူး။

မေး – အခုလက်ရှိ ဓမ္မဆရာ ၇ ပါး တော့ကျန်ရှိနေသေးတယ်။ ဘာလို့ ဆက်ဖမ်းထားတာလဲ။

ဖြေ – ကျွန်တော်အရင်တုန်းက ပြောခဲ့တဲ့အတိုင်းပဲ။ တချို့ကတော့ အစွန်းရောက်တဲ့ လုပ်ရပ်တွေကြောင့်။ ဥပဒေဘောင်ကို ကျော်လွန်ပြီးမှ လုပ်တာကြောင့်ဖြစ်တယ်။ အဲ့ဒါကို ဆက်လက် ပြီးမှ တဆင့် လုပ်သင့်လုပ်ထိုက်တာ၊ ဥပဒေအရ ဘယ်လိုအရေးယူမလဲ စသဖြင့် လုပ်ဆောင်သွားမယ်။ ဆက်လက်ပြီးမှ စစ်ဆေးနေပါတယ်။ ဘာသာရေးကြောင့် တချို့ရပ်ရွာတွေမှာ အမြင်ကွဲလွဲမှုတွေ ရှိလာတယ်။ အိမ်ထောင်မိသားစုတွေ အခြင်းခြင်း သဘောထားကွဲလွဲပြီး စည်းလုံးရေးပျက်ပြားမှာစိုးလို့ ဝင်ပြီး ထိန်းညှိပေးတယ်၊ ထိန်းသိမ်းတဲ့သဘောပဲ ဖြစ်တယ်။

မေး – လားဟူနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ  ၉၂ဦးကို ဖမ်းဆီးထားတယ်လို့ သိရတယ်။ သူတို့ကော လွတ်လာတဲ့အထဲ ပါလား။

ဖြေ – အဲ့သတင်းနဲ့ ပတ်သက်ပြီးမှ တက်လာတာတော့ တွေ့ရတယ်။ ဒါပေမယ့် တကယ်ဟုတ်မဟုတ်ဆိုတာ အတိအကျ မသိရသေးဘူး။ ဘယ်ကနေရလာတဲ့ သတင်းလဲဆိုတာ အတည်ပြုဖို့ နည်းနည်းခက်နေတယ်။

မေး – လားဟူနှစ်ခြင်းဓမ္မဆရာတွေကို စစ်မှုထမ်းခိုင်းတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ သိချင်ပါတယ်။

ဖြေ – ဒါကို ကျွန်တော် အတည်ပြုလို့ မရသေးဘူး။ ဒါပေမယ့် ကျွန်တော်တို့ ‘ဝ’ ပြည်မှာ တအိမ်တစ်ယောက်တော့ စစ်မှုထမ်းနေကြပါ။ ဘာသာရေးကိုအကြောင်းပြပြီး စစ်မှုမထမ်းချင်လို့ လား စသဖြင့် အကြောင်းပြချက်တွေ ရှိတယ်။

မေး – အခုလွတ်လာတဲ့ သူတွေက ဘယ်မှာနေနေလဲ။

ဖြေ – သူတို့ရဲ့နေရပ်ကို ပြန်ရောက်နေပါပြီ။ သူတို့အမှုတော်ဆောင်တဲ့နေရာပေါ့။ အနယ်နယ်အရပ်ရပ်ကဆိုတော့။

မေး – ဘုရားကျောင်းဖျက်ဆီးတယ်ဆိုတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ – အားလုံးကလည်း သိနေပြီးသားဖြစ်တယ်လေ။ လွန်ခဲ့တဲ့ စက်တင်ဘာလ က တရုတ်လိုနဲ့ ‘ဝ’ ဗဟိုက ထုတ်ပြန်တဲ့ (ထုတ်ပြန်ချက်အရ) ခွင့်ပြုချက်မရဘဲနဲ့ ဆောက်တဲ့ဘုရားကျောင်း တွေ၊ လက်ဝါးကားတိုင်တွေကို ဖျက်တယ်လို့ သိရတယ်။ ကျွန်တော်တို့ ‘ဝ’ပြည်မှာ စည်းကမ်းရှိပြီး စနစ်ရှိတဲ့ မည်သည့်ကိုးကွယ်မှုကိုမဆို လွတ်လပ်စွာ ခွင့်ပြုထားတယ်ဆိုတဲ့ ဥပဒေ ရှိပါတယ်။

မေး – ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာရှိရင် ပြောပါဦး။

ဖြေ – စည်းလုံးညီညွတ်မှုကို ပိုပြီး ခိုင်မာစေချင်တဲ့ပုံစံမျိုးနဲ့ ဝင်ရောက်ထိန်းသိမ်းတဲ့သဘောပါ။ မကြာခင် အဆင်ပြေသွားမှာပါ။

မေး – လွတ်မြောက်လာတဲ့သူတွေက ခံဝန်ချက်ထိုးတယ်လို့ သိရတယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာ ပြောပြပါလား။

ဖြေ – ဒါကတော့သူတို့ ကာယကံရှင်တွေကို မေးမှ သိရပါမယ်။ သူတို့ကို မေးကြည့်ပါ။

မေး – အခုလိုဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဖြေ – ကျေးဇူးပါပဲ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button