သတင်း

နေပြည်တော်လေဆိပ်သွားရာလမ်းပေါ်တွင် ဗုံးနှစ်လုံးပေါက်ကွဲ

နေပြည်တော်လေဆိပ် သွားရာလမ်းဖြစ်သော ရာဇသင်္ဂဟလမ်းပေါ်၌ ယနေ့ (ဇွန် ၁၄) နံနက်ပိုင်းက လမ်းသွားလမ်းလာများကို စစ်ဆေးနေသော ယာဉ်ထိန်းရဲများနှင့် အရပ်ဝတ်လက်နက်ကိုင်များ ဗုံးနှစ်လုံး ခွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

လယ်ဝေးမြို့နယ်၊ ဗောဓိကုန်းကျေးရွာ မီးပွိုင့်အနီးတွင် အင်အား ၃၀ ကျော်ရှိ စစ်ကောင်စီလက်နက်ကိုင်များ ရှောင်တခင်စစ်ဆေးနေစဉ် ဗုံးခွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့နှင့် မြို့ပြပြောက်ကျားအဖွဲ့ဝင်က ပြောသည်။

နံနက် ၉ နာရီကျော်၌ ဗုံးတစ်လုံးပေါက်ကွဲစဉ် လူတစ်ဦးက Facebook လူမှုကွန်ရက်မှနေ၍ တိုက်ရိုက် Live လွှင့်နေစဉ် ဗုံးတစ်လုံးထပ်ဖောက်ခွဲခဲ့ကြောင်း နေပြည်တော်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

“သူတို့အထဲကတစ်ယောက် အဲ့မှာ Live လွှင့်နေတာကို ကျွန်တော်တို့က လင့်ခ် (Link) ရလိုက်တာ။ ရလိုက်တော့ ဝင်ကြည့်လိုက်ပြီး သူတို့ ကျွန်တော်တို့ဗုံးနားကို ကပ်လာတဲ့အချိန်မှာ ခွဲလိုက်တာဆိုတော့ တော်တော်ထိခိုက်နိုင်တယ်” ဟု ဖောက်ခွဲမှုကို ပြုလုပ်ခဲ့သော မြို့ပြပြောက်ကျားအဖွဲ့ဝင်က ဆိုသည်။

ဗုံးနှစ်လုံး ထပ်ဆင့်ပေါက်ကွဲမှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုများနိုင်သည်ဆိုသော်လည်း ထိခိုက်သေဆုံးမှုအခြေအနေ အတိအကျမသိရပေ။

လူမှုကွန်ရက်တွင် တွေ့လိုက်ရသော ရုပ်သံဖိုင်အရ ပထမဗုံးတစ်လုံးပေါက်ကွဲစဉ် ယာဉ်ထိန်းရဲတပ်ဖွဲ့ပိုင် လိုက်ထရပ်ကားရှေ့မှန်များ ပျက်စီးသွားသည်ကို တွေ့ရသည်။

ပေါက်ကွဲမှုဖြစ်ရာ နေရာသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးနှင့် နှစ်မိုင်ခန့်အကွာတွင်ဖြစ်ပြီး နေပြည်တော်လေဆိပ်နှင့် ၉ မိုင်ကျော် ကွာဝေးသည်။ 

ယနေ့ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ငါးမိုင်ခန့်အကွာ ဒက္ခိဏသီရိမြို့နယ်တွင် နေထိုင်သူတစ်ဦးကလည်း ကျယ်လောင်သည့်ပေါက်ကွဲသံ ကြားရကြောင်း အတည်ပြုသည်။

ထို့ပြင် Myanmar Now က ရရှိထားသော ရဲကြေးနန်းစာ၌ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ကြောင်း၊ နေပြည်တော်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမှတ်(၇) တပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီးကျော်မင်းဦး၏ ယာဉ်အမှတ် 8L/7453 လိုက်ထရပ်မော်တော်ယာဉ် ပျက်စီးခဲ့ကြောင်း၊ လူထိခိုက်မှုမရှိကြောင်း ဖော်ပြထားသည်။

မိုင်းရှင်းလင်းဆောင်ရွက်နိုင်ရေး စစ်တပ်တာဝန်ရှိသူများကို အကြောင်းကြားနေစဉ် လက်လုံးမိုင်းတစ်လုံး ထပ်ပေါက်ကွဲခြင်းဖြစ်ကြောင်းလည်း ထိုကြေးနန်းစာက ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်မှုအားအကောင်းဆုံးဖြစ်သော နေပြည်တော်တွင် လှုပ်ရှားရခက်သော်လည်း သတိကြီးကြီးထားကာ တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု မြို့ပြပြောက်ကျားအဖွဲ့ဝင်က ပြောသည်။

“နေပြည်တော်လို နေရာမျိုးမှာ သူတို့ကို ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်တဲ့ အနေအထားတွေကို ကျွန်တော်တို့ အမြဲတမ်း စောင့်ကြည့်ပြီးတော့ ဆောင်ရွက်တာ။ ပြည်သူလူထုတစ်ရပ်လုံးက စစ်အာဏာရှင်စနစ်ကို လက်မခံဘူး။ ရွံမုန်းတယ်။ ဒါကို ကျွန်တော်တို့က ပြည်သူလူထုကိုယ်စား အခုလို ပြသတာ ဖြစ်ပါတယ်”

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button