ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတစ်လျှောက် ကျေးရွာများတွင် ခိုအောင်းနေသော စစ်သားများကို ချောင်းမြောင်းပစ်ခတ်ရာ သုံးရက်အတွင်း စစ်ကောင်စီဘက်မှ ၇ ဦး သေဆုံးကြောင်း မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ဝင်များထံမှ သိရသည်။
မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်း ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ ဆင်ချောင်း၊ ညောင်တိုနှင့် ရန္တပိုရွာများတွင် အထိုင်ချနေထိုင်သော စစ်သားများကို နှလုံးလှလူမိုက်ကြီးများအမည်ရ မြင်းခြံခရိုင် PDF အဖွဲ့ဝင်များက ဇွန် ၁၀၊ ၁၁ နှင့် ၁၂ တို့တွင် ချောင်းမြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ (ဇွန် ၁၂) နံနက်ပိုင်းက ဧရာဝတီမြစ်ကမ်းနဖူးပေါ်ရှိ ဆင်ချောင်းရွာအနီးတွင် သင်္ဘောတစ်စီးကို တားဆီးရန် ပြင်နေသော စစ်သားသုံးဦးကို စနိုက်ပါဖြင့် ပစ်ခတ်ရာ တစ်ဦးထိမှန်သည်ဟု မြင်းခြံခရိုင် PDF မှ တပ်ရင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမာဃထံမှ သိရသည်။
“သင်္ဘောတွေလာရင် ဒီကောင်တွေက သေနတ်တွေဖောက်ပြီး တားတယ်။ ပိုက်ဆံတောင်းတယ်။ ဒီနေ့လည်း တောင်းမယ်ဆိုပြီး ထွက်လာတော့ ကျွန်တော်က လှမ်းပစ်လိုက်တာ။ တစ်ယောက်လဲသွားတယ်။ နှစ်ယောက်က ဝင်ပြေးတယ်။ သူတို့ ပြန်လာမကယ်ဘူး” ဟု ၎င်းက ပြောသည်။
“လဲနေတဲ့တစ်ယောက်က ချက်ကောင်းမထိတော့ ခေါင်းထောင်လာတယ်။ ခေါင်းထောင်လာတော့ ကျွန်တော် ထပ်ပစ်တယ်။ နှစ်ချက်ပစ်လိုက်ရတယ်” ဟု ကိုမာဃက ဆက်ပြောသည်။
ဆင်ချောင်းရွာမြောက်ဘက် ကပ်လျက်ရှိ ညောင်တိုရွာအနီးတွင်လည်း ဇွန် ၁၁ ရက်က စစ်သားများလိုက်ပါလာသော စက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် PDF က ထုတ်ပြန်ထားသည်။
မြင်းခြံမြို့နယ် ဆီမီးခုံရွာမှ ထွက်လာပြီး ညောင်တိုရွာဆိပ်ကမ်း၌ လူသူလက်နက်အင်အား ဖြည့်တင်းနေစဉ် စစ်ကောင်စီစက်လှေကို ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ စစ်သားသုံးဦး သေဆုံးကာ ထိခိုက်သူများလည်း ရှိသည်ဟု ကိုမာဃထံမှ သိရသည်။
“စက်လှေမောင်းတဲ့ကောင်ကို လှမ်းပစ်တာဗျ။ ပြီးတော့မှ ခွေးတွေကို ပစ်တာ။ ဒီကောင်တွေက တော်တော် အကြောက်တရားကြီးပါတယ်။ ပစ်တာနဲ့ ဝင်ပြေးတာ”
ဧရာဝတီမြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပန်းညို့ရွာ၌ တပ်စွဲထားသည့် စစ်ကြောင်းကို စစ်ကူသွားပေးနိုင်ရန် ညောင်တိုရွာ၌ အင်အားဖြည့်နေခြင်းဖြစ်ကြောင်း မြင်းခြံခရိုင် PDF အမှတ် ၅ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
“လက်နက်နဲ့ လူအင်အားဖြည့်ဖို့ သွားတာ ညောင်တိုဆိပ်ကမ်းရောက်တော့ ပစ်တာဗျ။ သူတို့ လက်နက်အင်အားရော၊ လူအင်အားရော သွားမဖြည့်လိုက်နိုင်ဘူး။ ကျွန်တော်တို့ တားပစ်လိုက်တော့။ စက်လှေက တစ်စီးတည်းပါ။ ပစ္စည်းတင်နေတဲ့အချိန် ကျွန်တော်တို့ ပစ်တာဗျ” ဟု ၎င်းက ပြောသည်။
ဧရာဝတီမြစ်တစ်ဖက်ကမ်း ပန်းညို့ရွာရှိ စစ်ကောင်စီစစ်ကြောင်းမှာ ချင်းတွင်းမြစ်ရိုးတစ်လျှောက် ရေစကြိုမြို့နယ်အတွင်းကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုလည်း သိရသည်။
နှလုံးလှလူမိုက်ကြီးများအဖွဲ့မှ မြင်းခြံ PDF အဖွဲ့ဝင်များမှာ ပြီးခဲ့သည့်နှစ်အတွင်းက ၎င်းတို့ဒေသတွင် အခြေစိုက်လှုပ်ရှားနေရာမှ နယ်မြေချင်းထိစပ်နေသော မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံ PDF အဖွဲ့များနှင့် ပူးပေါင်းလှုပ်ရှားနေခြင်းဖြစ်သည်။
ဇွန်လ ၁၀ ရက်ကလည်း ဧရာဝတီမြစ်ကမ်းနဖူးပေါ်ရှိ ရန္တပိုရွာတွင် တပ်စွဲနေသော စစ်သားများကို မြင်းခြံခရိုင် PDF အဖွဲ့ဝင်များက စနိုက်ပါဖြင့် ပစ်ခတ်ရာ စစ်သားသုံးဦး သေဆုံးခဲ့သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



