သတင်း

စစ်ဆေးရေးဂိတ်ဆုံးရှုံးပြီးနောက် စစ်တပ်က ချင်းတွင်းမြစ်အနောက်ဘက်ရွာများကို ဝင်စီး

ဇွန် ၉ ရက်က စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအစပ် ချင်းတွင်းမြစ်ကူးတံတားထိပ်ရှိ စစ်ဆေးရေးဂိတ် အတိုက်ခံရပြီး တပ်ဖွဲ့ဝင်သုံးဦးနှင့် လက်နက်ခဲယမ်းများ ဆုံးရှုံးပြီးနောက် စစ်တပ်က ပတ်ဝန်းကျင်ကျေးရွာများကို မီးပတ်ရှို့နေကြောင်း ဒေသခံတို့က ပြောသည်။

ချင်းတွင်းမြစ်အနောက်ဘက်ကမ်း မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းရှိ ဆင်ဖြူရှင်တံတားထိပ်စစ်ဆေးရေးဂိတ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) သုံးဖွဲ့ ပူးပေါင်းတိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးသည့်ပြင် ရဲတစ်ဦးအဖမ်းခံရကာ သေနတ် ၇ လက်နှင့် ကျည်ဆန်များ ဆုံးရှုံးခဲ့သည်။ 

ထို့နောက် စစ်တပ်က ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ရွာများကို ဆက်တိုက်ဝင်ရောက်စီးနင်းကာ မီးရှို့နေသည့်ပြင် ပြည်သူ ၁၃ ဦးကို ဖမ်းဆီးထားသည်ဟု ရေစကြိုမြို့နယ် PDF အဖွဲ့ခေါင်းဆောင် ရဲဘော်ဝေကြီးက ယနေ့ (ဇွန် ၁၂) ပြောသည်။

စစ်တပ်က အင်အား ၃၀၀ ခန့်ဖြင့် နယ်မြေချင်းထိစပ်နေသော ရေစကြို၊ မြိုင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ရွာများကို မွှေနှောက်မီးရှို့နေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

“အဲဒီနေ့ (ဇွန် ၉) ကတည်းက စစ်ကြောင်းထိုးနေတာ။ ဒီနေ့အထိပဲ။ သစ်ကြီးတောရွာကို မီးရှို့နေကြတာ ရှိတယ်။​ ကျန်တဲ့ရွာတွေကိုတော့ မွှေနှောက်ရှာဖွေတာတွေလုပ်တယ်။ မီးတော့ မရှို့သေးဘူး” ဟု ရဲဘော်ဝေကြီးက ပြောသည်။

ဆင်ဖြူရှင်တံတားအနောက်ဘက် ၅ မိုင်အကွာရှိ ရေစကြိုမြို့နယ် သစ်ကြီးတောရွာကို ဇွန် ၁၀ တွင် စစ်တပ်က စီးနင်းမီးရှို့ခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး အိမ်ခြေ ၇၀ ခန့် မီးလောင်ပျက်စီးသွားကြောင်း ၎င်းက ဆိုသည်။

ထို့နေ့၌ပင် ကျေးရွာချင်းထိစပ်နေသော မြိုင်မြို့နယ် ဒါန်းပင်ကန်ရွာကို ဝင်ရောက်စီးနင်းကာ စစ်တပ်က ရွာသား ၁၃ ဦးကို ဖမ်းဆီးထားကြောင်း ရဲဘော်ဝေကြီးထံမှ သိရသည်။ 

ဒန်းပင်ကန်ရွာသားများကို ဖမ်းဆီးပြီးနောက် တစ်ညတပ်စွဲခဲ့ကြောင်း ထိုရွာနှင့် ကပ်လျက်ရှိ အခြားရွာတစ်ခုမှ ဒေသခံနှစ်ဦးက ပြောသည်။

ထို့ပြင် မီးရှို့ခံရသော သစ်ကြီးတောရွာမြောက်ဘက် ဆားလင်းကြီးမြို့နယ်အစပ်ရှိ ငါးခုံ၊ ငါးရတော စသည့်ကျေးရွာများကို စစ်တပ်က ဝင်ရောက်မွှေနှောက်ခဲ့ကြောင်း ထိုဒေသခံနှစ်ဦးက ဆိုသည်။

ရေစကြိုနှင့် ဆားလင်းမြို့နယ်အစပ်ရှိ ဂွေးဂုဏ်၊ ပြည့်ဝ (ဗြိဘ) တို့အပြင် ရှားတောရွာကိုလည်း စစ်တပ်က ဝင်ရောက်စီးနင်းသည်ဟု PDF ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောသည်။ 

ယနေ့ (ဇွန် ၁၂) တွင် စစ်တပ်က မြို့နယ်နှစ်ခု ဆက်စပ်ရာ လင်းစကျက်ရွာကို မီးရှို့နေကြောင်း၊ မီးလောင်နေဆဲဖြစ်သဖြင့် ပျက်စီးဆုံးရှုံးမှု အတိအကျမသိရကြောင်းလည်း ၎င်းက ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။ 

“ဒီနေ့က လင်းစကျက်ကို ရှို့တာ။ အခုထိ လောင်နေတုန်း။ စစ်ကြောင်းက ရေစကြိုနဲ့ ဆားလင်းကြီးအစပ်မှာ ပတ်ထိုးနေတာ” ဟု ရဲဘော်ဝေကြီးက ပြောသည်။

ယမန်နေ့ကလည်း လင်းစကျက်ရွာမြောက်ဘက် လေးမိုင်အကွာရှိ ငွေသာရွာကို စီးနင်းရင်း စစ်တပ်က အိမ်လေးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုနယ်တစ်ဝိုက်ရှိ ကျေးရွာများကို ဆက်တိုက်စီးနေခြင်းဖြစ်ကာ အသေးစိတ်မသိရသေးကြောင်း ဆားလင်းကြီးမြို့နယ် PDF အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။​

ဆင်ဖြူရှင်တံတားထိပ်ရှိ စစ်ဆေးရေးဂိတ်နှင့် ကင်းစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ချင်းတွင်းမြစ်အနောက်ဘက်တစ်ကြောရှိ ကျေးရွာများကို လိုက်လံစီးနင်းနေရာ ရွာပေါင်း ၃၀ ခန့်မှ သောင်းနှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။ 

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button