သတင်း

ကန်ပက်လက်တွင် အင်အား ၁၈၀ ကျော်ပါစစ်ကြောင်းကို CDF လေးဖွဲ့ပေါင်းတိုက် 

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် ယမန်နေ့ (ဇွန် ၉) က အင်အား ၁၈၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို အဖွဲ့ ၄ ဖွဲ့ပေါင်းတိုက်ရာ စစ်သား ၉ ဦး သေဆုံးသည်ဟု ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) တာဝန်ရှိသူထံမှ သိရသည်။

မကွေးတိုင်း ကျောက်ထုမြို့မှ တက်လာသည့် စစ်ကြောင်းကို ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်အနီး အထက်လက်မွန်ရွာနား ရောက်ချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CDF-ကန်ပက်လက်အဖွဲ့မှ ပြောခွင့်ရ ဆလိုင်းထွန်းလိဏ်းထန်းက ပြောသည်။

ဆော-PDF၊ ညောင်ရမ်း-PDF နှင့် The Youth Force(Saw,Kyaukhtu) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တစ်နာရီခန့် ကြာအောင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များ နောက်ပြန်ဆုတ်သွားသည့်အတွက် တိုက်ပွဲပြီးဆုံးသွားသည်ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့များတွင် ထိခိုက်ကျဆုံးသူမရှိခဲ့ဘဲ စစ်ကောင်စီတပ်မှ သေဆုံးသူ ၆ ဦးအပြင် ဒဏ်ရာရသူများလည်းရှိခဲ့သည်ဟု ဆလိုင်းထွန်းလိဏ်းထန်းက ပြောသည်။

“သူတို့ ဘယ်လမ်းက လာမယ်ဆိုတာ မသိနိုင်တော့ မိုင်းဆွဲတာတော့ မလုပ်နိုင်ဘူး၊ Ambush( ချုံခိုတိုက်ခိုက်) ထိုင်ပြီး ယှဉ်ပစ်တာကြောင့် သူတို့ အကျများသွားတာ “

အထိနာသွားသည့် စစ်ကောင်စီတပ်က ညနေ ၅ နာရီခန့်တွင် နောက်တစ်ကြိမ် စစ်ကြောင်းထိုးလာရာ အသင့်စောင့်နေသော တော်လှန်ရေးအဖွဲ့များနှင့် နောက်တစ်ကြိမ် တိုက်ပွဲထပ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သုံးဦး ထပ်မံသေဆုံးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ယမန်နေ့ ညတွင် အထက်လက်မွန်ရွာအနီး တပ်စွဲထားသည့် စစ်တပ်က ရွာအတွင်းရှိ အိမ်မွေးတိရစ္ဆာန်များ ခိုးယူစားသောက်ခဲ့ကြသည်ဟုလည်း ဆလိုင်းထွန်းလိဏ်းထန်းက ပြောသည်။

တိုက်ပွဲကြောင့် အထက်လက်မွန်ရွာရှိ ဒေသခံများမှာ တော‌တွင်းနှင့် နီးစပ်ရာကျေးရွာများသို့ တစ်ရွာလုံး စစ်ရှောင်နေကြရသည်ဟု ၎င်းက ဆိုသည်။

ယနေ့ (ဇွန် ၁၀) တွင် အဆိုပါစစ်ကြောင်းသည်ာ ကန်ပက်လက်မြို့သို့ ဦးတည်ပြီး ဆက်လက်စစ်ကြောင်းထိုးနေသည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဆလိုင်းထွန်းလိဏ်းထန်းက ပြောသည်။

“တိုက်ပွဲဆက်ဖြစ်နေတယ်လို့ သိရတယ်၊ ဒါပေမဲ့ မြေပြင်သတင်းတွေ မရောက်သေးတော့ ဘယ်လိုဖြစ်လဲဆိုတာတွေ မသိရသေးဘူး”

ယနေ့ (ဇွန် ၁၀) နံနက်ကတည်းက မင်းတပ်မြို့ ခြေမြန်တပ်ရင်း(၂၇၄) နှင့် ကျောက်ထုအမြောက်တပ်တို့က ကန်ပက်လက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်နေသည့် နေရာများဆီသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ကန်ပက်လက်မြို့တွင် တိုက်ပွဲများရပ်တန့်နေသည်မှာ တစ်လကျော်ခန့် ကြာမြင့်ခဲ့ပြီး ယမန်နေ့မှသာ တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကန်ပက်လက်မြို့ပေါ်တွင် စာသင်ကျောင်း၊ ရဲစခန်းနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် တပ်မ ၉၉ လက်အောက်ခံတပ်များနှင့် အခြားတပ်များ ပူးပေါင်းကာ အင်အား ၃၀၀ ခန့်ဖြင့် ဆက်လက်တပ်စွဲထားဆဲဖြစ်သည်ဟု CDF-ကန်ပက်လက်အဖွဲ့ထံမှ သိရသည်။

ဧပြီ ၂၁ ရက်ကလည်း မကွေးတိုင်း ဆောမြို့နယ်မှ တက်လာသည့် စစ်ကောင်စီတပ်၏ အင်အား ၆၀ ကျော်ပါ ခြေလျင်စစ်ကြောင်းနှင့် ကန်ပက်လက်မှ ဆင်းလာသည့် အင်အား ၈၀ ပါ စစ်ကြောင်းနှစ်ကြောင်းကို CDF-ကန်ပက်လက်အဖွဲ့က တိုက်ခိုက်ခဲ့သေးသည်။

စစ်တပ်က ရွေးကောက်ခံပြည်သူ့အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကိုပင် ပစ်သတ်ခဲ့သည့်အတွက် လက်နက်ကိုင်တော်လှန်ရေးများ နိုင်ငံအနှံ့ ပေါ်ပေါက်လာခဲ့သည်။

ချင်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များကို ထိန်းချုပ်ရန် စစ်ကောင်စီတပ်က ကြိုးပမ်းနေသော်လည်း ချင်း-CDF များနှင့် မကွေးတိုင်းမှ PDF မျာ၏ မဟာမိတ်အဖြစ် ပူးပေါင်းခုခံတိုက်ခိုက်နေကြဆဲဖြစ်သည်။

အထက်ပါဖြစ်စဉ်များနှင့် စပ်လျဉ်း၍ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီထံ မေး၍မရသေးပေ။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button