သတင်း

ပေါက်တောင်ပိုင်းရှိ ရဲစခန်းတစ်ခုကို PDF များ စီးနင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေပြုလှုပ်ရှားသည့် ရဲစခန်းတစ်ခုကို ယနေ့ (ဇွန် ၇) နံနက်က စီးနင်းတိုက်ခိုက်ပြီး သိမ်းယူနိုင်ခဲ့သော်လည်း မွန်းလွဲပိုင်းအထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်ဟု ဒေသတွင်း လက်နက်ကိုင်ခုခံနေသူများထံမှ သိရသည်။

မြို့တောင်ဘက် ၁၈ မိုင်ခန့်အကွာ၌ ရှိသော ကိုင်းလယ်ရွာနယ်မြေခံရဲစခန်းကို ပေါက်မြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (SPDF) နှင့် ဒေသခံပြောက်ကျားအဖွဲ့များ ပူးပေါင်း၍ အချိန် ၂ နာရီခန့် တိုက်ခိုက်ခဲ့ပြီး စခန်းကို သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။ 

“စခန်းသိမ်းပြီးတော့ မီးရှို့လိုက်တယ်။ ကျွန်တော်တို့ရဲဘော်တွေ အဆုတ်မှာ လေယာဉ်နှစ်စီးနဲ့ ရောက်လာတယ်ဗျ။ လေယာဉ်ကတော့ ပြန်ဆုတ်သွားပြီ” ဟု SPPDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဖွဲ့တွေက နောက်မဆုတ်နိုင်တာတွေ ရှိသေးတယ်။ ရန်သူကို (ခံစစ်) ကာထားတာတွေ ရှိသေးတော့ သတင်းတွေကတော့ မစုံသေးဘူး” 

ကိုင်းလယ်ရဲစခန်းစီးနင်းမှုအတွင်း ရဲတပ်သားတစ်ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သလို PDF ဘက်တွင်လည်း ထိခိုက်သေဆုံးမှုများရှိကြောင်း၊ စစ်ကူများရောက်လာ၍ တိုက်ပွဲများ ဆက်လက်ဖြစ်နေသေးကြောင်း ၎င်းက ဆိုသည်။

ကိုင်းလယ်ရဲစခန်းကို စီးနင်းနေသည့် ရုပ်သံဖိုင်များထဲတွင် မီးလောင်နေသည့်စခန်းအတွင်း PDF များ ရှာဖွေစစ်ဆေး ပြောဆိုနေသံများ ကြားရပြီး ဖမ်းမိထားသည့် ရဲတပ်သားကို မေးမြန်းစစ်ဆေးနေသည်ကို တွေ့ရသည်။

လက်ရှိတွင် တိုက်ပွဲဆက်ဖြစ်နေ၍ အခြေအနေအသေးစိတ်ကို မပြောနိုင်သေးကြောင်း SPPDF တာဝန်ရှိသူထံမှ နံနက် ၁၀ နာရီဝန်းကျင်တွင် သိရသည်။ 

ပေါက်မြို့ခံတစ်ဦးကလည်း ရဟတ်ယာဉ်နှစ်စင်း ခေတ္တရောက်ရှိလာကြောင်း၊ စစ်ကောင်စီတပ်အတွက် မြေပြင်စစ်ကူများလည်း တိုက်ပွဲဖြစ်သည့်နေရာသို့ သွားနေသည်ဟု ကြားရကြောင်း ပြောသည်။

စီးနင်းခံရသော ရဲစခန်း၌ အခြေစိုက်သူများသည် အနီးအနားရှိ ၎င်းတို့ လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ အားကောင်းသည့် ပင်တောင်၊ တပ်ကုန်းရွာခံတို့နှင့် ပူးပေါင်း၍ မြို့တောင်ပိုင်းရှိ ကျေးရွာများကို မကြာခဏ စီးနင်းလေ့ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီ ၆ ရက်က ပေါက်မြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီ၏ ၆၀ မမ၊ ၈၁ မမ မော်တာဗုံးသီးနှင့် အခြားလက်နက်ကုန်ကြမ်းတင်ထားသည့် တွဲကား ၃ စီး ကို ပေါက် PDF က သိမ်းဆည်းပြီးနောက် တောင်ပိုင်းရှိ ကျေးရွာ ၂၀ ကျော်ကို စစ်ကောင်စီတပ်က လှည့်လည်စီးနင်း မီးရှို့ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ထိုရွာ ၂၀ ကျော်အနက် ၇ ရွာမှာ တစ်ရွာလုံးနီးပါး ပျက်စီးခဲ့ပြီး ဒေသခံ ၁၂ ဦး သတ်ဖြတ်ခံထားရသည်။ 

အာဏာသိမ်းစစ်ကောင်စီကမူ မီးရှို့မှုများမှာ ၎င်းတို့နှင့် မသက်ဆိုင်ဟု တုံ့ပြန်တတ်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button