
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ်(ပန်ဆိုင်း) မြို့နယ် မုံးပေါ်ဒေသတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်အတူ နှစ်ရက်ဆက်တိုက် ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ပြောသည်။
မုံးပေါ်ဒေသ နမ့်ခေါင်တောင်ကြောပေါ်ရှိ MNDAA နှင့် KIA တို့ ပူးပေါင်းတပ်ထိုင်ထားသည့် စခန်းအနီး စစ်ကောင်စီတပ်က မေ ၃၁ တွင် စစ်ကြောင်းထိုးလာသဖြင့် ဝင်တိုက်ရခြင်း ဖြစ်ကြောင်း MNDAA ပြန်ကြားရေးအဖွဲ့ဝင် ကိုရန်နိုင်က ပြောသည်။
မွန်းလွဲ ၃ နာရီခွဲခန့်က စတင်သည့်တိုက်ပွဲမှာ ပြင်းထန်ခဲ့ပြီး ညနေ ၄ နာရီခွဲခန့်တွင် ပူးပေါင်းတပ်က ပြန်လည်ဆုတ်ခွာလာသည့်အတွက် တိုက်ပွဲပြီးဆုံးသွားခဲ့သည်ဟု ဆိုသည်။
“ကျွန်တော်တို့ အတူတူတပ်ထိုင်တဲ့စခန်း၊ တပ်ထိုင်တဲ့နေရာတွေကို သူတို့က (စစ်ကောင်စီ) ထိုးစစ်ဆင်ဖို့ ချီတက်လာတာ၊ ကျွန်တော်တို့က သတင်းရတာနဲ့ တပ်ထိုင်တဲ့နေရာမရောက်ခင် တောင်အနောက်မှာ သွားပြီးတော့ ကြားဖြတ် တိုက်ခိုက်ခဲ့တာ” ဟု ကိုရန်နိုင်က ပြောသည်။
MNDAA တပ်မဟာ ၅၁၁ လက်အောက်ခံတပ်များနှင့် KIA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၃၆ တို့ အထိအခိုက်အကျအဆုံးမရှိဘဲ တပ်ပြန်ဆုတ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်၏ ထိခိုက်၊ ကျဆုံးမှုအခြေအနေကို မသိရကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဇွန် ၁ တွင်လည်း အဆိုပါ စစ်ကြောင်းက ထပ်မံ စစ်ကြောင်းထိုးလာသည့်အတွက် ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
နံနက် ၁၀ နာရီ ၄၀ ခန့်မှစ၍ နေရာဟောင်းတွင်ပင် မိနစ် ၃၀ ခန့် ကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
“တိုက်ပွဲမှာ သူတို့ဘက်က ထိခိုက်ကျဆုံးတာရှိတယ်၊ ဒါပေမဲ့ အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူး” ဟု ကိုရန်နိုင်က ပြောသည်။
ယနေ့နံနက်တွင်မူ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ကောင်စီစစ်ကြောင်းက ထပ်မံထိုးစစ်ဆင်လျှင် တိုက်ပွဲထပ်ဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကမူ မုံးပေါ်ဒေသတိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့် ပတ်သက်ပြီး အသေးစိတ်မသိရသေးကြောင်း ပြောသည်။
မုံးပေါ်ဒေသတွင် ကိုးကန့်အဖွဲ့နှင့်အတူ KIA တပ်များပါ လှုပ်ရှားနေပြီး စစ်ကောင်စီတပ်က ပြင်ဆင်ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ်များလည်း လှုပ်ရှားနေသည်။
ယခင်က တိုက်ပွဲများ ငြိမ်သက်နေခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်မြို့နယ်များဖြစ်သည့် မူဆယ်၊ ကြူကုတ် (ပန်ဆိုင်း) နှင့် မုံးကိုးမြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ထိုပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။
စစ်ကောင်စီတပ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော CNF (ချင်းအမျိုးသားတပ်ဦး)၊ KNLA (ကရင်လွတ်မြောက်ရေးတပ်မတော်)၊ KA (ကရင်နီတပ်မတော်) တို့နှင့်လည်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။
တဖြည်းဖြည်း အင်အားကောင်းလာသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့်လည်း ဒေသအများအပြားတွင် တိုက်ပွဲများ ပြင်းထန်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)