
မကွေးတိုင်း၊ ကျောက်ထုမြို့တွင် စစ်ယာဉ်တန်းလုံခြုံရေးအတွက် နယ်မြေရှင်းလင်းသည့် အင်အား ၅၀ ခန့်ပါ ရှေ့ပြေးပွိုင့်စစ်ကြောင်းကို သုံးရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ကျောက်ထု- PDF က ပြောသည်။
မေ ၂၄ တွင် ထိုမြို့အရှေ့ဘက် တပြင်းကျေးရွာမှ ပုံတောင်ဘက်သို့ ခြေလျင်စစ်ကြောင်း ထိုးလာစဉ် နံနက်တွင် နှစ်ကြိမ် ၊ မွန်းလွဲတွင် တစ်ကြိမ် မိုင်းထိသွားကြသည်ဟု ဆိုသည်။
မေ ၂၅ တွင် ပုံတောင်ထိပ်မှ အရှေ့ဘက်သို့ စစ်ကြောင်းထိုး လမ်းရှင်းလာသည့် ထိုရှေ့ပြေးပွိုင့်ကို ရီမုမိုင်း ၃ လုံး၊ ကားမိုင်းကြီး ဆွဲမိုင်း ၂၇ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ကျောက်ထု-PDF က ထုတ်ပြန်သည်။
ထို ၂ ရက်အတွင်း စစ်သား ၃၀ ထက်မနည်း သေဆုံးနိုင်ပြီး ဒဏ်ရာရသူလည်း အများအပြားရှိသည်ဟု ကျောက်ထု-PDF တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်ဝေလက ပြောသည်။
“ကျွန်တော်တို့က အဲဒီဘက်မှာ တစ်ခါမှမလုပ်ဖူးတော့ သူတို့က သတိလက်လွတ်တက်လာကြတဲ့ပုံစံမျိုးပေါ့။ ခြေကျင်တက်လာခဲ့ကြတာ၊ အစကတော့ ယာဉ်တန်းအတွက် ထားတာ။ ဒါပေမဲ့ သူတို့ တက်လာတော့၊ ရှေ့ပွိုင့်က လမ်းမပေါ်မှာထွက်လာတော့ အဲဒီအယောက် ၅၀ လောက်ခွင်ကို ဆွဲထည့်လိုက်တာ”
တိုက်ခိုက်မှုဖြစ်ပွားသည့် နေရာမှာ ကျောက်ထုမြို့နှင့် ၁၄ မိုင်ခန့်ဝေးပြီး ယခင်က အဆိုပါနေရာများတွင် ကျောက်ထု -PDF က လိုက်လံတိုက်ခိုက်ခြင်းမျိုး မရှိခဲ့ဖူးကြောင်း ၎င်းက ဆိုသည်။
တိုက်ခိုက်ခံရသည့်အဆိုပါစစ်ကြောင်းမှ သေဆုံးသူများနှင့် ဒဏ်ရာရသူများကို တပြင်းရွာဘက်သို့ ယင်းနေ့က ပြန်သယ်ယူသွားခဲ့ကြသည်ဟု သူက ဆိုသည်။
သေဆုံးမှုနှင့် ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း တိုက်ပွဲသတင်းများကို သတင်းအမှောင်ချထားတတ်သည်။
ကျောက်ထု-PDF က ၎င်းတို့၏ တပ်ရင်း (၁) ဒုတပ်ရင်းမှူး ဗိုလ်ရွှေဖုန်း မေ ၂၅ တွင် ခရီးသွားစဉ် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တိုးပြီး သေဆုံးခဲ့သည်ဟု နောက်တစ်နေ့တွင် ထုတ်ပြန်ထားသည်။
ယမန်နေ့ (မေ ၂၆) တွင် တပြင်းရွာမှ စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်လာရာ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ နောက်ဆက်တွဲအခြေအနေ မသိရသေးကြောင်း ဗိုလ်ဝေလက ပြောသည်။
မေ ၂၂ တွင်လည်း ကျောက်ထုမြို့မှ ထွက်လာသည့် စစ်ကား ၅ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီတပ်က အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲကာ နယ်မြေ ရှင်းလင်းစဉ် PDF နှင့် တစ်နာရီခန့်ကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုစစ်ကြောင်းသည် ချင်းပြည်နယ် မင်းတပ်မြို့မှ ဆင်းလာပြီး ကျောက်ထုမြို့တွင် သောင်တင်နေသည့် အစီး ၇၀ ကျော်ပါ ယာဉ်တန်း (ပခုက္ကူ) အတွက် လုံခြုံရေး ရှင်းလင်းပေးနေခြင်းဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရခြင်းဖြစ်သည်။
ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုမြို့တွင် ရပ်နားနေသည့် အဆိုပါ စစ်ယာဉ်တန်းမှာ မတ်လအစောပိုင်းက ပခုက္ကူမြို့မှ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့သို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများ သွားရောက်ပို့ဆောင်ခဲ့သည့် ယာဉ်တန်းဖြစ်ပြီး အသွားအပြန် ခရီးနှစ်ခုလုံးတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ခံနေရသည်။
အရပ်သားအစိုးရကို ဖြုတ်ချ၊ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်တွင်း နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ကြရာတွင် နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်းနှင့် မကွေးတိုင်းရှိ ဒေသများတွင်လည်း စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)