သတင်း

မန္တလေးမှ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဆန္ဒပြမှုဖြင့် ထောင် ၃ နှစ်ချခံရ

မန္တလေးတိုင်း တောင်သူလယ်သမားအရေးကိစ္စများ လိုက်ပါကူညီဆောင်ရွက်ခဲ့သူ နိုင်ငံရေးသမားတစ်ဦးကို ချမ်းမြသာစည်မြို့နယ်တရားရုံးက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်ဟု ရှေ့နေ အသိုင်းအဝိုင်းထံမှ သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် သပိတ်ကျင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးအေးသိန်းကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် မေ ၁၇ တွင် ထောင်ချခဲ့ခြင်း ဖြစ်သည်ဟု ရှေ့နေတစ်ဦးက ပြောသည်။ 

“တိုင်စာမှာ ဖော်ပြထားတာက ကိုအေးသိန်းက ၂၀၂၁ ဖေဖော်ဝါရီကနေ ဩဂုတ်လအထိ မန္တလေးမြို့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ဆန္ဒပြခဲ့လို့ဆိုပြီး အမှုဖွင့်ခဲ့တာ။ ဒီအမှုအတွက် ၃ နှစ် ချမှတ်လိုက်တာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ မန္တလေးရှေ့နေတစ်ဦးက ဆိုသည်။

အသက် ၅၁ နှစ်အရွယ် ဦးအေးသိန်းသည် ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီရပ်ကွက်၊ ၄၇ လမ်းနှင့် ၄၈ လမ်းကြားရှိ မိတ်ဆွေတစ်ဦး၏ နေအိမ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ 

ပြည်သူ့ဘက် ရပ်တည်ခဲ့ခြင်းကြောင့် ထောင်ချခံရခြင်းဖြစ်ကြောင်း ဦးအေးသိန်းက ထိုသို့ အမိန့်ချခံရအပြီး ပြောခဲ့သည်ဟု ၎င်းနှင့် နီးစပ်သူ မိတ်ဆွေတစ်ဦးက ပြောသည်။

“အမိန့်ချအပြီး သူပြောတာက သူက ဆန္ဒပြတယ်။ ဘယ်အကြမ်းဖက်အဖွဲ့အစည်းနဲ့မှ အဆက်အသွယ်မရှိဘူး။ ပြည်သူတွေအတွက် အလုပ်သမား၊ လယ်သမားတွေအတွက် ဘယ်အစိုးရတက်တက် သူကတော့ ပြည်သူဘက်က ရပ်တည်ခဲ့တဲ့သူတစ်ယောက်လို့ ပြောတာပေါ့။ သူ့အတွက် တောင်းဆိုတာမရှိဘူး” ဟု ထိုသူက ဆိုသည်။

ပြည်သူများအား နွားတစ်ကောင်ကဲ့သို့ ရုန်းကာ အလုပ်အကျွေးပြုမည့် “ပြည်သူ့နွား” ဟု မိမိကိုယ်ကိုယ် ခိုင်းနှိုင်း ကြွေးကြော်မဲဆွယ်ခဲ့ဖူးသော ဦးအေးသိန်းသည် သပိတ်ကျင်းမြို့နယ် လယ်ယာမြေပြဿနာများနှင့် မန္တလေးတိုင်း တပ်သိမ်းမြေယာများ၊ အစိုးရနှင့် တောင်သူ မြေယာပြဿနာများကို လိုက်ပါကူညီလေ့ရှိသူဖြစ်သည်ဟု သိရသည်။

ပုဒ်မ ၅၀၅-က သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ထောင်ဒဏ် ၃ နှစ်အထိ ချနိုင်ရန် ပြင်ဆင်ထားသည့် ပုဒ်မဖြစ်သည်။ 

စစ်ကောင်စီက သူ့ကို ယခုနှစ် ဇန်နဝါရီ ၂၇ တွင် အကြမ်းဖက်ပုဒ်မ ၅၀ (ည) နှင့် ၅၁ (ဂ) တို့နှင့်လည်း ချမ်းမြသာစည်တရားရုံး၌ အမှုထပ်ဖွင့်ထားသည်ဟု သူ့အမှုများကို လိုက်ပါ ကူညီပေးနေသည့် ရှေ့နေနောက်တစ်ဦးက ပြောသည်။

ကျန်အမှုများကို ဇွန် ၃ တွင် ထောင်တွင်းအထူးတရားရုံး၌ ဆက်လက် စစ်ဆေးမည်ဟု ဆိုသည်။  

ပြီးခဲ့သည့် မေ ၁၆ က မန္တလေးမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အသက် ၅၆ နှစ်အရွယ် ဦးစိုးမိုးနိုင် ခေါ် ဦးဒိန်းဒေါင်ကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မဖြင့် ထောင် ၁၀ နှစ် ချမှတ်ခဲ့ပြီး ပုဒ်မ ၂ ခုအတွက် စုစုပေါင်း ထောင် ၁၃ နှစ် ချမှတ် ခံထားရသည်။ 

၎င်းသည်လည်း စစ်တပ်နှင့် တောင်သူမြေယာအငြင်းပွားမှုများ၊ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာ ALPHA ဘိလပ်မြေကုမ္ပဏီအမှုတို့တွင် တောင်သူများဘက်မှ ကူညီပေးခဲ့သူလည်း ဖြစ်သည်။

ဆက်လက် ဖမ်းဆီး ချုပ်နှောင်ခံထားရသူ စုစုပေါင်း ၁၀၇၁၆ ဦးရှိပြီး ၎င်းတို့အနက်မှ ၁၀၇၇ ဦး မှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မေ ၂၀ ထုတ်ပြန်ချက်အရ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button