သတင်း

ညောင်ဦးမြို့ “သွေးသောက်” အစည်းအဝေးကို ပြောက်ကျားအဖွဲ့များ ဝင်တိုက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် နီးစပ်သူများကို လိုက်လံသတ်ဖြတ်မည့် “သွေးသောက်” ဆိုသည့် အဖွဲ့ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ဖွဲ့စည်းနိုင်ရန် ယမန်နေ့ (မေ ၁၉) တွင် အစည်းအဝေးလုပ်နေစဉ် ဒေသခံ ပြောက်ကျားအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ညောင်ဦးမြို့ အရှေ့မြောက်ဘက် ၁၄ မိုင်ခန့်အကွာရှိ အောက်ညဉ့်ရွာ အရှေ့တောင်ဘက်ရှိ ဦးစန်းရွှေ၏ တဲ၌ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ထိုအစည်းအဝေးကို ဒေသခံ ပြောက်ကျား ၆ ဖွဲ့က ဝင်ရောက် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ 

အစည်းအဝေးတက်သူများမှ မန္တလေးမှ သွေးသောက်အဖွဲ့ဝင် ၂ ဦး၊ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းရွှေ၊ ဦးစန်းရွှေ၏ ဆွေမျိုးမကင်းသူ ၃ ဦး၊ ပုလင်းရွာနှင့် သူကောင်းတည်ကျွန်းရွာတို့မှ အုပ်ချုပ်ရေးမှူး ၂ ဦးတို့ ဖြစ်သည်ဟု ဆိုသည်။

ဓားအရှည်၊ တုတ်များဖြင့် ပြန်လည်ခုခံသဖြင့် ၁၀ မိနစ်ကျော်ကြာ တိုက်ခိုက်ခဲ့ရကြောင်း၊ ထိုလူများအနက် ၃ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောက်ကျားအဖွဲ့ ၆ ဖွဲ့က ယနေ့ (မေ ၂၀ ) နံနက်တွင် ပူးတွဲထုတ်ပြန်ကြေညာခဲ့သည်။

တိုက်ခိုက်မှုကြောင့် အစည်းအဝေးလုပ်နေသူများ ထွက်ပြေးကြသည်ဟု ညောင်ဦးမြို့အခြေစိုက် ပြောက်ကျားအဖွဲ့ဖြစ်သော Bagan Heros Guerrilla Force (B.H.G.F) ၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ဝင်ပစ်တော့ ဓားတွေနဲ့ ခုခံပြီး ပြေးတာ။ ပြေးတော့ ကျွန်တော်တို့လည်း နောက်ကနေ လိုက်ပစ်ရတာပေါ့ါ။ တစ်ယောက်ကတော့ ကျွန်တော်တို့ကို ပြန်တိုက်ဖို့ ချုံတွေနားမှာ ပုန်းနေရင်း အဲဒီနားမှာ ကျသွားတယ်” ဟု  သူက ပြောသည်။

“အစကတော့ ကျွန်တော်တို့လည်း အနီးကပ် ဝင်ဆော်မလို့ဗျ။ ဝင်ဝင်ချင်း အပေါက်ဝမှာ တစ်ယောက်က ထွက်လာတဲ့ အချိန်မှာ ဘယ်လိုမှ မရတော့ဘူး။ ပစ်လိုက်ရတာပေါ့ဗျာ။ ယာလုပ်တဲ့သူတွေ၊ နွားအုပ်တွေ ရှိနေတာနဲ့ အကုန်လုံးတော့ မရှင်းနိုင်ခဲ့ဘူး” 

ရွာခံများလည်း စစ်ကောင်စီတပ် ရောက်လာမည်ကို စိုးရိမ်ပြီး ထွက်ပြေးကြကြောင်း၊ တိုက်ခိုက်မှုအပြီး နာရီပိုင်းအကြာတွင် အောက်ညဉ့်ရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လာကြောင်း သိရသည်။ 

အဆိုပါတိုက်ခိုက်မှုကြောင့် ညောင်ဦး- မြင်းခြံ လမ်းပေါ်ရှိ အောက်ညဉ့်ရွာခံ ၃၀၀ ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိတွင် စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို B.H.G.F အဖွဲ့နှင့် Bagan Ogre Force၊ မြင်းခြံမြို့အခြေစိုက် မြေလတ်-PDF MGN District နှင့် 27 Revolution Force(MGN) အဖွဲ့၊ တောင်သာမြို့အခြေစိုက် TTA-ပြောက်ကျားတပ်ဖွဲ့၊ Seven People Defense Force (S.P.D.F) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်မှုအတွင်း ဦးစန်းရွှေမှာ ဒဏ်ရာသာ ရရှိခဲ့သော်လည်း ၎င်း၏ သမက်၊ သူကောင်းတည်ကျွန်းရွာ ကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၄၀ အရွယ် ဦးမောင်မြင့်နှင့် သွေးသောက်အဖွဲ့ဝင်ဆိုသူ အသက် ၄၀ နှစ်အရွယ် ဦးကျော်ကျော်မင်းတို့မှာလည်း နေရာတွင်ပင် သေဆုံးသွားသည်ဟု ဒေသခံ ပြောက်ကျားအဖွဲ့များထံမှ သိရသည်။

ဦးကျော်ကျော်မင်းသည် မန္တလေးမြို့တွင် စစ်ကောင်စီကို သတင်းပေးသည့် နာမည်ကြီးဒလန်ဖြစ်ပြီး ညောင်ဦးတွင် လာရောက်ခိုလှုံနေသူဖြစ်သည်၊ ဒေသတွင်းမြို့နယ်များတွင် သွေးသောက်အဖွဲ့ ဖွဲ့ရန် စည်းရုံးနေသူဖြစ်သည်ဟု သိရကြောင်း TTA-ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သွေးသောက်အဖွဲ့ ဖွဲ့စည်းပြီးသွားရင် ကျွန်တော်တို့ဘက်တွေမှာ အရမ်းကို အန္တရာယ်များသွားပြီ။ မန္တလေးမှာဆို ဒီကောင်တွေ ဖွဲ့စည်းပြီး NLD ဘက်ရော၊ ထောက်ပို့တွေကို လိုက်သတ်နေတာ” ဟု ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့ဘက်တွေမှာလည်း ဖွဲ့စည်းပြီးသွားရင် သူတို့ကို (စစ်တပ်က) လက်နက်ချပေးမယ်လို့ သတင်းရထားတယ်။ သေတဲ့သူတွေဖုန်းထဲက သူတို့ဟာ သွေးသောက်အဖွဲ့ဝင်တွေဖြစ်ကြောင်း အထောက်အထားတွေလည်း ရခဲ့တယ်”

သိမ်းဆည်းရမိသည့် စာရွက်စာတမ်းများတွင် ဖမ်းဆီးအရေးယူရမည့်စာရင်း ပါဝင်ကြောင်း၊ ထိုအထဲတွင် အောက်ညဉ့်ရွာမှ ရွာခံ ၆၂ ဦးနှင့် သူကောင်းတည်ကျွန်းရွာခံ ၆၀ ကျော်၊ NLD ပါတီနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူ ၃၂ ဦးတို့ ပါဝင်ကြောင်း  ပြောက်ကျားတပ်ဖွဲ့များထံမှ သိရသည်။

ထိုအမည်စာရင်းကို ကာကွယ်ရေးအဖွဲ့များဘက်က တရားဝင်ထုတ်ပြန်မည်မဟုတ်သော်လည်း သက်ဆိုင်သူများကို အသိပေးထားသည်ဟု TTA-ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button