သတင်း

မြိုင်တွင် ဖုန်းလိုင်းဖြတ်၍ စစ်တပ် မွှေနေ

စစ်ယာဉ်တန်း အကြီးအကျယ်တိုက်ခိုက်ခံခဲ့ရသည့် မကွေးတိုင်း မြိုင်မြို့နယ်အတွင်း လွန်ခဲ့သည့် ၅ ရက်ခန့်မှစ၍ ဖုန်းလိုင်းဖြတ်ကာ စစ်တပ်က ရွာများကို စီးနင်းမီးရှို့မှုများ ဆက်တိုက်လုပ်နေသည်ဟု ဒေသခံ နှစ်ဦးထံမှ သိရသည်။

မြိုင်မြို့နယ်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် Telenor, Ooredoo လုံးဝ သုံးမရဖြစ်နေကာ နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေး MPT လိုင်းလည်း နေရာအချို့တွင်သာ ရသည်ဟု ၎င်းတို့က ပြောသည်။

“(MPT) ဖုန်းပြောချင်ရင် ကုန်းမြင့်မြင့်နေရာတွေ တက်ကြည့်နေရတာ။ အဲဒီလိုတက်ကြည့်မှ ဖုန်းတိုင်က တစ်တုံး၊ နှစ်တုံးတက်တာ” ဟု မြိုင်မြောက်ပိုင်းရှိ ပိတောက်ကန်ရွာသားတစ်ဦးက ပြောသည်။

ယနေ့ (မေ ၁၉) ရက်၌ မြိုင်မြောက်ပိုင်းရှိ နဂါးဗွက်ရွာနှင့် မြောက်ဆယ်ရွာ၊ အနောက်တောင်ပိုင်းရှိ ပန်းတိုင်တောရွာတို့ကို စစ်တပ်က စီးနင်းနေကြောင်း မြိုင် PDF တပ်ရင်းမှူး ဗိုလ်လက်ျာက ပြောသည်။

ယခု ရက်သတ္တပတ်အတွင်း စီးနင်းမှုတွင် အိမ်ခြေ ၈၆၀ ကျော် မီးလောင်ပျက်စီးကာ အရပ်သား ၃ ဦးသေဆုံးခဲ့ရသည်ဟု သတင်းရသော်လည်း ထိုရွာများသို့ ဆက်သွယ်မေးမြန်းရခက်နေသဖြင့် အခြေအနေအသေးစိတ် မသိရသေးဟု ၎င်းက ဆက်ပြောသည်။

မေ ၁၂ ညနေပိုင်းက မြိုင်မြို့အနောက်ဘက် ၁၀ မိုင်ကျော်အကွာရှိ တဲကြီးရွာနှင့် နယ်သတ်ရွာကြားတွင် အင်အား ၁၀၀ ခန့်ပါသည့် စစ်ယာဉ်တန်းကို မြိုင် PDF က တိုက်ခိုက်ပြီးနောက် ရက်ပိုင်းအတွင်း ဖုန်းလိုင်းပါ ပြတ်သွားသည်ဟု ၎င်းက ပြောသည်။

မိုင်းအလုံး ၁၀၀ သုံး၍ တိုက်ခိုက်သည့် ထိုဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ ၃၀ ခန့် သေဆုံးကာ အလောင်းနှင့် ဒဏ်ရာရသူများကို တဲကြီးရွာမြောက်ဘက် ၃ မိုင်ခန့်အကွာရှိ ကျောက်ခွက်ရွာနယ်မြေရဲစခန်းသို့ သယ်သွားကြောင်း ဗိုလ်လက်ျာက ဆက်ပြောသည်။

ထို့နောက်တစ်ရက် (မေ ၁၃) တွင် ကျောက်ခွက်ရွာနယ်မြေရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီ ရိက္ခာယာဉ်တန်းကို ရဲစခန်းနှင့် ၄ ဖာလုံခန့်အကွာတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု အထက်ပါ မြိုင် PDF တာဝန်ရှိသူက ပြောသည်။

ကုန်တင်ယာဉ် ၁ စီး၊ ဆန်အိတ် ၈၀ နှင့် ဆီ ၈ ပုံးကို သိမ်းဆီးရမိခဲ့ကြောင်း၊ ယာဉ်ပေါ်တွင် ပါသည့် စစ်တပ်က လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးအဖွဲ့ဝင် ဝက်ပုတ်ရွာခံ နှစ်ဦး သေဆုံးသွားကြောင်း ၎င်းထံမှ သိရသည်။

ထိုဖြစ်စဉ်ပြီးနောက်တွင် မြိုင်အနောက်တောင်ပိုင်း၌ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကောင်စီက ရွာစဉ်လှည့် နယ်မြေရှင်းလင်းရေးလုပ်နေရာ အရပ်သား ၃၀ ခန့်ကိုပါ လူသားတံတိုင်းအဖြစ် သုံးနေသည်ဟု ဗိုလ်လက်ျာက ဆိုသည်။

မကွေးတိုင်း မြိုင်မြို့နယ် တည်နေရာပြမြေပုံ။

အနောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းတွင်သာ တောင်ကုန်း၊ ချိုင့်ဝှမ်းရှိပြီး မြေပြန့်လွင်ပြင် ပေါများသည့် မြိုင်မြို့နယ်အတွင်း လူဦးရေ သုံးသိန်းနီးပါး နေထိုင်ကာ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများဖြင့် စီးပွားကောင်းသည်ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မှတ်တမ်းတင်ထားသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် ပြည်သူမဲပေးရွေးထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ် အာဏာသိမ်းပြီး ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်ချိန်တွင် နိုင်ငံအနှံ့ခုခံမှုများအနက် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မကွေးတိုင်းအတွင်းရှိ ဒေသများလည်း တက်ကြွစွာ ပါဝင်နေသည်။

ထိုသို့ ခုခံမှုများကို စစ်ကောင်စီက လေကြောင်းပါသုံး၍ တိုက်ခိုက်၊ ရွာစဉ်လှည့်မီးရှို့သည့် နည်းဖြင့် တုံ့ပြန်နေသည်ဟု ဒေသခံတို့က ပြောသည်။ သို့သော် နိုင်ငံအတွင်း အခြားဒေသများနည်းတူ မြိုင်မြို့နယ်တွင် PDF အဖွဲ့လှုပ်ရှားမှု အားကောင်းနေဆဲဖြစ်သည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

မီးရှို့သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်၍း အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button