
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှ ဆင်းလာသည့် စစ်ကား ၄ စီးကို မကွေးတိုင်း နယ်စပ်တစ်နေရာတွင် ယမန်နေ့ (မေ ၁၅) က နှစ်ကြိမ် မိုင်းထောင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၅၀ ဝန်းကျင် ထိခိုက်၊ သေဆုံးနိုင်သည်ဟု ကျောက်ထု-PDF က ခန့်မှန်းသည်။
ကျောက်ထုမြို့နှင့် ၈ မိုင်ခန့်အကွာ မင်းတပ်- ကျောက်ထု လမ်းပေါ်တွင် ထိုနေ့ မွန်းလွဲ ၃ နာရီခွဲခန့်က အတွဲလိုက် အလုံးရေများစွာ ဆက်တိုက်ပေါက်ကွဲသည့် ပဒေသာမိုင်း ၁၀ လုံး၊ ကားမိုင်း ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထိုအဖွဲ့ထံမှ သိရသည်။
ယာဉ်တန်း၏ ရှေ့ဆုံးမှ စစ်သည်ဦးရေ ၆၀ ခန့် လိုက်ပါလာသည့် စစ်သုံးထရပ်ကား နှစ်စီး ပျက်စီးခဲ့ကြောင်း၊ ကျန်နှစ်စီး နောက်ပြန်လှည့်သွားကြောင်း ကျောက်ထု-PDF တပ်ရင်းမှူး ဗိုလ်ဝေလက ပြောသည်။
ဒဏ်ရာရ၊ သေဆုံးသူများကို သယ်ယူရန် ညနေ ၅ နာရီခွဲခန့်တွင် ကားတစ်စီး၊ ဆိုင်ကယ်တစ်စီးဖြင့် စစ်ကောင်စီဘက်မှ လာရောက်ချိန်တွင် ပဒေသာမိုင်း ၁၅ လုံး၊ ကားမိုင်း ၆ လုံးဖြင့် ထိုနေရာ၌ပင် ထပ်မံတိုက်ခိုက်ခဲ့သည်ဟု ၎င်းထံမှ သိရသည်။
မိုင်းဖြင့် နှစ်ကြိမ်တိုက်ခိုက်သည့် နေရာတွင် အလောင်းများ ပြန့်ကျဲနေကြောင်း ဗိုလ်ဝေလက ဆိုသည်။
“မိုင်းကွဲပြီးတော့ လမ်းပေါ်မှာ သူတို့က (စစ်ကောင်စီ) မှောက်နေတော့ ကျွန်တော်တို့က အဝေးက လှမ်းကြည့်တော့ သူတို့က အသင့်အနေအထားနဲ့ စောင့်နေတယ် ထင်တာ၊ မှန်ပြောင်းနဲ့ လှမ်းကြည့်တော့မှ အလောင်းတွေဖြစ်နေတာ” ဟု သူက ဆိုသည်။
မိုင်းများ အတွဲလိုက်ပေါက်ကွဲသည့် ရုပ်သံဖိုင်တစ်ခုကိုလည်း ကျောက်ထု-PDF က ထုတ်ပြန်ခဲ့ပြီး မြင်ကွင်းမရှင်းလင်းသဖြင့် ထိခိုက်၊ သေဆုံးမှုအခြေအနေကို မခန့်မှန်းနိုင်ပေ။
“အစောပိုင်းထိတာက နည်းနည်းနေမှာပါ၊ အဲဒီအစောပိုင်းထိတာကို လူနာတွေပြန်လာသယ်တဲ့ ကားနဲ့ ဆိုင်ကယ်နဲ့ ထိတာက ပိုများတာ၊ စုစုပေါင်း ၅၀ လောက်ထိတယ်လို့ တပ်တွင်းသတင်းအရ သိရတယ်” ဟု ဗိုလ်ဝေလက ပြောသည်။
ထိုဖြစ်စဉ်များအပြီး ပျက်စီးသွားသည့် ယာဉ် ၃ စီးနှင့် သေဆုံး၊ ဒဏ်ရာရသူများကို စစ်ကောင်စီက ညအမှောင်ထုကို အကာအကွယ်ယူကာ လာရောက်သယ်ဆောင်ပြီး မင်းတပ်မြို့တွင်းရှိ ဂေါက်ကွင်းသို့ ပို့ဆောင်ထားသည်ဟု တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရကြောင်း ၎င်းက ဆက်ပြောသည်။
ထိုတိုက်ခိုက်မှုများကို CDF-ကန်ပက်လက်၊ The Youth Force(Saw&Kyaukhtu) ၊ ညောင်ရမ်း-PDF တို့နှင့် ပူးပေါင်းလုပ်ဆောင်သည်ဟု အထက်ပါ ကျောက်ထု – PDF တာဝန်ရှိသူက ပြောသည်။
ယနေ့ (မေ ၁၆) မွန်းလွဲ ၁နာရီကျော်တွင် ပခုက္ကူမြို့မှ MI 17 အမျိုးအစား သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၂ စီးထွက်လာပြီး ၁ စီးမှာ မင်းတပ်မြို့ရှိ အမှတ် ၂၇၄ ခြေလျင်တပ်ရင်းဝင်းအတွင်း ဆင်းသက်သည်ဟု CDF-မင်းတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ဆိုသည်။
ဒဏ်ရာရသူများကို ရဟတ်ယာဉ်ဖြင့် လာသယ်သည်ဟု ခန့်မှန်းရကြောင်း၊ စစ်သုံးထရပ်ကား အစီးရေ ၇၀ ဝန်းကျင်ပါ စစ်ယာဉ်တန်း မင်းတပ်မှ ကျောက်ထုဘက်သို့ လာမည်ဟု သတင်းရထား၍ စောင့်ကြည့်နေကြောင်း ၎င်းက ဆက်ပြောသည်။
ယမန်နေ့က တိုက်ခိုက်ခံရသည့် စစ်ကား ၄စီးမှာ ထိုယာဉ်တန်း၏ ရှေ့ပြေးယာဉ်များဖြစ်သည်။
ထိုနေ့ (မေ ၁၅) ည ၁၀ နာရီခန့်တွင် ကျောက်ထုမြို့ရှိ အမြောက်တပ်မှနေ၍ ၁၂၀ မမ ဖြင့် နှစ်ချက်ပစ်သည်ဟု အသက် ၄၀ အရွယ် ဒေသခံတစ်ဦးက ဆိုသည်။
လက်နက်ကြီးကျည်မှာ ဆောမြို့နယ်ရှိ လက်ပန်းရွာသို့ ကျရောက်သဖြင့် နေအိမ်တစ်လုံး ပျက်စီးကာ သက်ကြီးပိုင်း ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာရသည်ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် ထီးလင်းဘက်မှ ထွက်လာသည့် အင်အား ၆၀ ပါ စစ်ကြောင်းတစ်ခု ကျောက်ထုနှင့် ၆ မိုင်အကွာ ရွှေအောင်သာရွာတွင် တပ်စွဲထားသဖြင့် တိုက်ပွဲများ ရှိလာဦးမည်ဟု အထက်ပါ PDF နှင့် ဒေသခံတို့က ခန့်မှန်းကြသည်။

တောင်တန်းဒေသ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီမြို့များသို့ စစ်ကောင်စီတပ် သွားရောက်ရာတွင် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့် ကျောက်ထုမြို့နယ်အတွင်း ဒေသခံ PDF အဖွဲ့များက မကြာခဏ ကြားဖြတ်တိုက်ခိုက်နေသည်။
မင်းတပ်မြို့မှ မကြာမီဆင်းလာမည်ဟု ယူဆရသည့် သံချပ်ကာကား ၂ စီးအပါအဝင် အစီးရေ ၇၀ ပါ စစ်ယာဉ်တန်း ချင်းပြည်နယ်သို့ သွားသည့် မတ်လအတွင်းတွင်လည်း မကွေးရှိ PDF အဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့သေးသည်။
အရပ်သားအစိုးရကို ဖြုတ်ချ၊ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်တွင်း နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ကြရာတွင် ချင်းနှင့် မကွေးရှိ ဒေသကာကွယ်ရေးအဖွဲ့များလည်း ပူးပေါင်း ပါဝင်နေသည်။
အင်တာနက်ဖြတ်တောက်ခံထားရသည့် ထိုဒေသအတွင်း အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြား အတည်မပြုနိုင်သလို စစ်ကောင်စီကလည်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)