
မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်းတွင် ကျေးရွာများကို မီးရှို့နေသည့် စစ်ကောင်စီတပ်က အရပ်သား ၃ ဦးကို သတ်ဖြတ်ကာ ၃၀ ခန့် ဖမ်းဆီးထားသည်ဟု ဒေသခံတို့ထံမှ သိရသည်။
သေဆုံးမှုမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့်ဖြစ်သည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ဆိုသည်။
“မီးရှို့ခံရတာ နှစ်ရွာပဲရှိသေးတယ်။ ပိတောက်ကန်မှာက လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၃ ယောက်သေပြီး အိမ်တွေလည်း မီးလောင်တယ်။ လက်ယက်မက တစ်ရွာလုံးနီးပါးပဲ” ဟု မြိုင် PDF မြောက်ပိုင်းဇုန်တာဝန်ခံ ဗိုလ် Cross က ပြောသည်။
စစ်တပ်က မြိုင်မြို့မြောက်ပိုင်းရှိ ပိတောက်ကန်ရွာကို နှစ်ကြိမ်စီးနင်းကာ အိမ်ခြေ ၆၀ ကျော် မီးလောင်ပျက်စီးသည်၊ လက်ယက်မရွာကို စီးနင်းမီးရှို့မှုအတွင်း အိမ်ခြေ ၈၀၀ ကျော်ထက်မနည်း ပျက်စီးသွားသည်ဟု ဗိုလ် Cross က ပြောသည်။
ပိတောက်ကန်ရွာမှ မိသားစုဝင် ၃ ဦးသည် လက်နက်ကြီးတစ်လုံး နေအိမ်ပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားခြင်းဖြစ်သည်ဟု ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
“သူတို့က ထမင်းစာပြီး နားနေတာကို လက်နက်ကြီးကျတာ။ နောက်တစ်လုံးထပ်ပစ်တာကို သူတို့အိမ်ဘေးနား ကျတာ။ အဲဒီအိမ်ကနေစပြီး မီးလောင်တာ။ ကျွန်တော်တို့ သွားငြှိမ်းတာ။ လက်နက်ကြီးတွေနဲ့ပစ်လို့ ထွက်ပြေးခဲ့ရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော အထက်ပါ ရွာခံက ပြောသည်။
သေဆုံးသူတို့မှာ ၇၂ နှစ်အရွယ် ဦးဝက်ကြီး၊ ဇနီးဖြစ်သူ အသက် ၇၀ အရွယ် ဒေါ်ခင်ထွေး၊ သားဖြစ်သူ အသက် ၃၀ အရွယ် ဦးရဲမြင့်တို့ ဖြစ်သည်၊ စစ်ကောင်စီတပ်သည် ရွာကို စီးနင်းရန် လက်နက်ကြီးများဖြင့် ကနဦးပစ်ခတ်ခြင်းကြောင့် ရွာရှိ အိမ်ခြေ ၄၅ လုံး မီးလောင်သွားသည်ဟု ရွာခံ အမျိုးသားက ပြောသည်။
မီးငြှိမ်းသည့်ရွာသားများကို လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ထွက်ပြေးခဲ့ရသည်၊ ရွာသား ၅ ဦး ရိုက်နှက် ဖမ်းဆီးခံလိုက်ရသည်ဟု ၎င်းက ပြောသည်။
“သူတို့ကို လက်ပြန်ကြိုးတွေတုပ်ပြီး ရိုက်နှက်ဖမ်းဆီးသွားတာ။ စစ်လား၊ ဆေးလားတွေလည်း တအားလုပ်တယ်” ဟု ပိတောက်ကန်ရွာသားက ပြောသည်။
“အသတ်ခံရတယ်လို့ သတင်းကြားရတယ်။ အခု ကျွန်တော်တို့ အလောင်းရှာနေတယ်ဗျ။ မတွေ့သေးဘူး”
စက်မှုဇုန် ၂ မှ အင်အား ၁၀၀ ခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မေ ၁၃ ကတည်းက စစ်ကြောင်းထိုးနေကြခြင်းဖြစ်သည်။ စစ်တပ်က လက်နက်တပ်ဆင်၊ လေ့ကျင့်ပေးထားသော၊ မြိုင်မြို့မြောက်ဘက် ၇ မိုင်အကွာ ကန်နီရွာခံများ ဖြစ်သော ပျူစောထီးတပ်ဖွဲ့ဝင်များလည်း စစ်ကြောင်းနှင့်အတူ ပါဝင်လာသည်ဟု သိရသည်။
လက်ယက်မကို မီးရှို့ခြင်း
Data for Myanmar အဖွဲ့၏ မေ ၁ ရက် စာရင်းအရ စစ်ကောင်စီလက်ချက်ဖြင့် နိုင်ငံအနှံ့ မီးလောင်ပျက်စီးသည့် အိမ်ခြေ ၁၀၀၀၀ ကျော်ရှိကာ ထက်ဝက်မှာ စစ်ကိုင်းတိုင်းမှ ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီကမူ ၎င်းတို့ မီးရှို့ခြင်းမရှိဟု တုံ့ပြန်လေ့ရှိသည်။
မြိုင်မြို့နယ်အတွင်း စစ်တပ်က အရပ်သားများအပေါ် ပြုမူမှုနှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးပမ်းသော်လည်း စစ်ကောင်စီပြန်ကြားရေးအဖွဲ့နှင့် ဖုန်းအဆက်အသွယ် မရသေးပေ။
အကြမ်းဖက်သတ်ဖြတ်မှု အများအပြားဖြစ်ပေါ်နေသော်လည်း ထိုဖြစ်ရပ်များကို စစ်တပ်က သတင်းအမှောင်ချထားသည်။
စစ်တပ်က ပိတောက်ကန်ရွာအရှေ့ဘက် အိမ်ခြေ ၁၄၀၀ ကျော်ရှိသည် လက်ယက်မရွာကိုလည်း မေ ၁၄ ညနေ ၅ နာရီဝန်းကျင်တွင် ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဗိုလ် Cross က ပြောသည်။
“လက်ယက်မက တစ်ရွာလုံးနီးပါးပါပဲဗျာ။ မီးရှို့တဲ့ ညကပဲ သွားငြှိမ်းကြတာ။ ညကြီး လက်နက်ကြီးတွေနဲ့ ပြန်ပစ်တာ၊ အငြှိမ်းမခံဘူး။ လက်နက်ကြီးနဲ့ ပစ်တော့ ကျွန်တော်တို့ ပြန်ပြေးလာရတယ်” ဟု ဗိုလ် Cross က ပြောသည်။
“နောက်တော့ တိတ်တိတ်လေး ပြန်သွားငြှိမ်းကြသေးတယ်။ မီးက မနိုင်ပါဘူးဗျာ”
အိမ်ခြေ ၈၀၀ ကျော် မီးလောင်ပျက်စီးသွားဖွယ်ရှိသည်ဟု ၎င်းက ခန့်မှန်းသည်။
တပ်က လက်ယက်မရွာအရှေ့ဘက်တွင် တပ်စွဲထားဆဲဖြစ်သည်။
ထောင်နှင့်ချီသည့် လက်ယက်မရွာသားများမှာ ယခုနှစ်အစောပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်နေကြရသည်၊ မေ ၁၄ မီးရှို့မှုကြောင့် လက်ယက်မရွာ၏ ပျက်စီးထိခိုက်မှုအခြေအနေအသေးစိတ်ကိုမူ စာရင်းပြုလုပ်နိုင်ခြင်း မရှိကြသေးဟု ဆိုသည်။
အလားတူ ယမန်နေ့ (မေ ၁၅) နံနက် ၇ နာရီဝန်းကျင်တွင်လည်း ပိတောက်ကန်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထပ်မံဝင်ရောက်၍ မီးရှို့မှုကြောင့် အိမ်ခြေ ၁၇ လုံး မီးလောင်ပျက်စီးသွားသည်ဟု ဗိုလ် Cross က ပြောသည်။
မေ ၁၃ ကတည်းက စစ်ကြောင်းထိုးနေသည့် စစ်တပ်က ရွာသား ၃၀ ခန့်ကို ဖမ်းဆီးချုပ်နှောင်၍ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု သိရသည်။
ရွာများကို ဝင်ထွက် သွားလာရာတွင် ပြောက်ကျားတိုက်ခိုက်ခံရမည့်ရန်ကို ကာကွယ်ရန်အတွက် အရပ်သားများကို အကာအကွယ်ယူခြင်း ဖြစ်နိုင်သည်ဟု ဒေသခံတို့က ယူဆကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)