
မကွေးတိုင်း ကျောက်ထုမြို့ရှိ စစ်ကောင်စီအမြောက်တပ်နှင့် ရဲစခန်းတို့ကို ယမန်နေ့ (မေ ၁၄) မွန်းလွဲပိုင်းတွင် လက်လုပ် ၆၀ မမစိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့သည်ဟု ကျောက်ထုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ တပ်ရင်းမှူး ဗိုလ်ဝေလက ပြောသည်။
ချင်းပြည်နယ်တောင်ပိုင်းသို့ သွားရာလမ်းကြောင်းပေါ်ရှိ ကျောက်ထုမြို့မှ အမြောက်တပ်ကို အချက်ရေ ၂၀ ကျော်၊ ရဲစခန်းကို ၁၅ ချက်ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်၊ ပျက်စီးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း၊ ၎င်းတို့ဘက်မှ ထိခိုက်မှုမရှိကြောင်း ထိုသူက ဆက်ပြောသည်။
PDF က ထိုသို့ တိုက်ခိုက်ပြီးနောက်တွင် အနီးဝန်းကျင်ရှိ ကျေးရွာများကို စစ်ကောင်စီအမြောက်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် အချက် ၂၀ ခန့် ပစ်ခတ်သည့်ပြင် လက်နက်ငယ်ဖြင့်လည်း ပစ်ခတ်သည်ဟု PDF တပ်ရင်းမှူးနှင့် ဒေသခံတစ်ဦးထံမှ သိရသည်။
“ကိုယ်တွေအဖွဲ့က သွားထုပြီးရင် သူတို့က (စစ်ကောင်စီ) ပစ်ပြီးကျန်နေခဲ့တာပေါ့၊ ကျွန်တော်တို့အဖွဲ့က သွားသွားလုပ်တိုင်း ရွာတွေကို ခြိမ်းခြောက်တဲ့သဘောပေါ့။ ရွာတွေကို လှမ်းလှမ်းပစ်တာ” ဟု ဗိုလ်ဝေလက ပြောသည်။
အသက် ၄၀ အရွယ် ဒေသခံတစ်ဦး၏ အဆိုအရ စစ်ကောင်စီပစ်သည့် လက်နက်ကြီးကျည်များမှာ ကျောက်ထုမြို့အရှေ့ဘက်ရှိ ကျေးရွာများအနီး လယ်ကွင်းထဲသို့ ကျသည်ဟု သိရသည်။
“ရွာသားတွေကတော့ ပုန်းရတာပေါ့ဗျာ၊ ခုတင်အောက်တွေ၊ အိမ်အောက်တွေ ဝင်ပုန်းတာပေါ့၊ အသံက ကျယ်တာကို အိမ်တွေတောင် တုန်တယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာတွင် ရွာအတွင်းသို့ ကျရောက်ခြင်း မရှိသဖြင့် ဒေသခံများ ထိခိုက်ဒဏ်ရာ မရရှိဟု ၎င်းက ဆိုသော်လည်း အသေးစိတ်အခြေအနေကိုမူ မသိရပေ။
မေ ၁၃ ရက်က ကျောက်ထုမြို့နယ်အရှေ့ဘက်ရှိ ကျေးရွာများသို့ စစ်တပ်က ဝင်ရောက်စီးနင်းကာ ဒေသခံများကို ရှာဖွေစစ်ဆေးခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် အမြောက်တပ်နှင့် ရဲစခန်းကို လက်တုံ့ပြန်ပစ်ခတ်ခြင်းဖြစ်သည်ဟု ဗိုလ်ဝေလက ပြောသည်။
“ရွာတွေဘက်မှာ ခြိမ်းခြောက်တဲ့ပုံစံမျိုးတွေ လုပ်တာဗျ၊ ဟိုတလောကလည်း ဖမ်းထားတဲ့ ကောင်လေးနှစ်ယောက်ကို ကျောက်ထုသင်္ချိုင်းကုန်းနားမှာ မြင်သာတဲ့နေရာမှာ အလောင်းကို ပြာကျသည်အထိ မီးရှို့ထားတာဗျ” ဟု ၎င်းက ပြောသည်။
ထိုနေ့က သတ်ဖြတ်ခံရသည့် လူငယ်နှစ်ဦးမှာ ချင်းတိုင်းရင်းသားများဖြစ်ပြီး ကျောက်ထုမြို့နယ်အတွင်း စစ်ကောင်စီက ဖမ်းထားသည့် အရပ်သားများဖြစ်သည်ဟု ဗိုလ်ဝေလက ဆိုသည်။
ယနေ့ (မေ ၁၅) နံနက်တွင် ကျောက်ထုမြို့အတွင်း စစ်တပ်က ကား၊ ဆိုင်ကယ်များဖြင့် လှည့်နေကြောင်း၊ ရပ်ကွက် ၆ အတွင်း သေနတ်ပစ်ဖောက်ဝင်ရောက်ကာ နေအိမ်အချို့ကို ရှာဖွေမှုများ လုပ်ခဲ့ကြောင်း PDF တပ်ရင်းမှူးထံမှ သိရသည်။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ခုခံမှုအားကောင်းသည့် နိုင်ငံအနှံ့ ဒေသများတွင် မကွေးတိုင်းနှင့် ကပ်လျက်ဖြစ်သည့် ချင်းပြည်နယ်လည်း ပါဝင်သည်။
တောင်တန်းဒေသ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီမြို့တို့သို့ စစ်ကောင်စီ ဖြည့်တင်းရာတွင် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့် ကျောက်ထုမြို့နယ်အတွင်း ဒေသခံ PDF အဖွဲ့များက မကြာခဏ ကြားဖြတ်တိုက်ခိုက်နေသည်။
ပြီးခဲ့သည့်လအတွင်း မင်းတပ်၊ မတူပီဘက်သို့ ရောက်နေသည့် စစ်သုံးထရပ်ကား ၇၀ ဝန်းကျင်ပါ ယာဉ်တန်းမှာ ချင်းပြည်နယ်ဘက်မှ ကျောက်ထုဘက်သို့ ဦးတည်၍ ပြန်ဆင်းလာနေသည်ဟု အထက်ပါ PDF တာဝန်ရှိသူထံမှ သိရသည်။
ယနေ့ (မေ ၁၅) နံနက်တွင် ထိုယာဉ်တန်းကို ရှေ့ပြေး လုံခြုံရေးယူပေးသည့် စစ်ကားငါးစီးမှာ ကျောက်ထုနှင့် ၁၀ မိုင်၊ ထီးလင်းမြို့ဘက်မှ အင်အား ၆၀ ဝန်းကျင်ရှိ စစ်ကြောင်းတစ်ခုမှာ လေးမိုင်အကွာသို့ ရောက်နေ၍ ဒေသတွင်း စစ်ရေးတင်းမာလာမည်ဟု ဗိုလ်ဝေလက ခန့်မှန်းသည်။
ကျောက်ထုမြို့နှင့် အနီးဝန်းကျင်ရှိ ဆောမြို့နယ်အတွင်း လှုပ်ရှားမှုအားကောင်းပြီး ချင်းပြည်နယ်အတွင်းရှိ ဒေသကာကွယ်ရေးအဖွဲ့များနှင့် စစ်ရေး ပူးပေါင်းလှုပ်ရှားမှုများရှိသည်။
ကျောက်ထုရှိ အမြောက်တပ်၊ လေတပ်စခန်းနှင့် ရဲစခန်းတို့ကို ဧပြီ ၁၆ ရက်တွင် PDF များ စုပေါင်း၍ တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ဖူးသည်။
လက်နက်အင်အား သာလွန်သည့် စစ်ကောင်စီကို ရင်ဆိုင်တိုက်နေသည့် နိုင်ငံအနှံ့ PDF အဖွဲ့များမှာ လက်လုပ် သေနတ်၊ လက်နက်ကြီး၊ မိုင်းများကို အဓိကသုံးစွဲနေရပြီး စမ်းသပ်ထုတ်လုပ်ရင်း မတော်တဆအသက်ဆုံးရှုံးမှုများလည်း ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)