ယမန်နေ့ (မေ ၁၂) မကွေးတိုင်းအတွင်း မိုင်းထောင်တိုက်ခိုက်မှုတစ်ခုတွင် စစ်ကောင်စီတပ် အထိနာသွားသည်ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။
စစ်သည်အင်အား ၁၀၀ ခန့် ပါဝင်သည်ဟု ယူဆရသည့် ကား ၇ စီးပါ စစ်ယာဉ်တန်းကို မြို့အနောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ တဲကြီးရွာနှင့် နယ်သတ်ရွာကြားတွင် တိုက်ခိုက်စဉ် အများအပြား ထိခိုက် သေဆုံးသည်ဟု မြိုင် PDF မှ တပ်ရင်းမှူး ဗိုလ်လက်ျာက ပြောသည်။
မိုင်းအလုံး ၁၀၀ ခန့် ဆင်ထားသည့်နေရာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိစဉ် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။
“တစ်နေရာမှာ မျှားခွဲလိုက်တာ။ ပြီးတော့ သူတို့ ရမ်းသန်းပစ်ခတ်တာတွေလုပ်တယ်။ ပစ်ပြီးခါမှ ကျွန်တော်တို့ မိုင်းလုပ်ထားတဲ့နေရာက သစ်ပင်အောက်မှာ နားကြတာ။ အဲဒီချိန်မှာ ခွဲပစ်လိုက်တာ” ဟု ဗိုလ်လက်ျာက ပြောသည်။
“မိုင်းကတော့ အထူးစီမံထားတာ။ အဲဒီ မိုင်းခွဲလိုက်တဲ့အချိန်မှာ ခါးတွေ၊ ခေါင်းတွေ အကုန်ပြတ်ထွက်သွားတာ။ ဘာမှကို အစအနမရလိုက်ဘူး”
မြိုင်မြို့အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ ကိုင်းတောမရွာ နယ်မြေရဲစခန်းမှ ထွက်လာကြသည့် စစ်ကြောင်းဖြစ်သည်၊ စစ်ထရပ်ကား၂ စီး ထပ်ရောက်လာပြီး မိုင်းထိသူများ တင်ဆောင်သွားသည်ကို မလှမ်းမကမ်းနေရာမှ မြင်တွေ့လိုက်ရသည်ဟု ၎င်းက ဆက်ပြောသည်။
“ဖောကားနှစ်စီး ထပ်ရောက်လာပြီး အလောင်းပြန်ကောက်တာ။ အဲဒီမှာ အော်နေကြတာက ငါတို့အလောင်းတောင် ကောက်စရာမရှိတော့ပါဘူးကွာ၊ စုတ်ပြတ်နေတယ်ကွာနဲ့ အော်နေကြတာ၊ စင်ထွက်ကုန်တာ” ၎င်းက ပြောသည်။
“ကျွန်တော်တို့ ကျည်တစ်တောင့်တောင် မပစ်ခဲ့ပါဘူး။ မိုင်းခွဲပြီး ပြန်ထွက်လာကြတာ”
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိုနေရာရှိ သွေးကွက်များကို ဆေးကြော ရှင်းလင်းသွားကြသည်ဟု မြိုင် PDF က ယမန်နေ့က ထုတ်ပြန်သည်။
ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ စစ်သား ၃၀ ထက်မနည်း သေဆုံးနိုင်ကြောင်း PDF က ပြောသော်လည်း သေဆုံး၊ ဒဏ်ရာရမှု အရေအတွက်နှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပေ။
စစ်ကောင်စီကလည်း ထိုဖြစ်ရပ်မျိုးနှင့် ပတ်သက်လျှင် သတင်းထုတ်ပြန်လေ့မရှိပေ။
မိုင်းထိသွားသည့် စစ်တပ်သည် ယနေ့ ၌ မြိုင်မြို့နယ်မြောက်ပိုင်း လင်းကတောရွာသို့ ဦးတည် ထွက်ခွာလာနေကြောင်း၊ ပုလဲမြို့နယ် မင်းတိုင်ပင်ရွာ၊ ယင်းမာပင်မြို့နယ်တို့မှ အင်အားများ ပါဝင်သဖြင့် အင်အား ၃၀၀ ခန့် ရှိနိုင်ကြောင်း မြိုင် PDF ထံမှ သိရသည်။
ဧပြီလ ၂၈ ရက်နေ့က တဲကြီးရွာတောင်ဘက် ၃ ဖာလုံအကွာရှိ တောလမ်းတစ်နေရာတွင် အသက် ၂၃ နှင့် ၃၀ နှစ်အကြားရှိ မြိုင် PDF အဖွဲ့ဝင် ၇ ဦးသည် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်နှင့် တိုးကာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



