
ရန်ကုန်- ကယားပြည်နယ်တွင် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ လူမှုကူညီရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် အစိုးရအဖွဲ့ဘက်က စည်းကမ်းတင်းကျပ်နေမှုကြောင့် အခက်အခဲများ တွေ့ကြုံနေသည့်ကိစ္စနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးအဖြေရှာမည်ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက ကတိပြုခဲ့ကြောင်း ဒေသခံ လူမှုကူညီရေး အဖွဲ့အစည်း များက ပြောသည်။
အစိုးရမဟုတ်သောအဖွဲ့အစည်းများအပေါ် တင်းကျပ်ထားသည့် စည်းကမ်းများကြောင့် အခက်အခဲများ တွေ့ကြုံနေရကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့အား ယခုလ ၂ ရက်နေ့ က တွေ့ဆုံဆွေးနွေးအပြီး ယခုကဲ့သို့ လွှတ်တော်ဥက္ကဋ္ဌက ကတိပြုခဲ့သည်ဟု ငြိမ်းဖောင်ဒေးရှင်း၏ ကယားပြည်နယ်တာဝန်ခံ ခူးပလုရယ်က ပြောသည်။
ကယားပြည်နယ်အတွင်းရှိ အစိုးရမဟုတ်သော နိုင်ငံတကာကူညီရေးအဖွဲ့အစည်းများ၊ ပြည်တွင်းအခြေစိုက် လူမှုကူညီရေး အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့၊ လွှတ်တော်တို့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို ပြုလုပ်ပေးမည်ဟု ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ကတိပြုခဲ့ခြင်းဖြစ်သည်။
“လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်တွေနဲ့ ပတ်သက်လို့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို အကောင်အထည်ဖော်ပြီး အခု ပြည်တွင်း၊ ပြည်ပ လူမှုကူညီရေး အဖွဲ့အစည်းတွေရဲ့ အခက်အခဲကို ဖြေလျှော့နိုင်ဖို့ လုပ်ပေးမယ်လို့ ကတိပြုတယ်။ နောက်ပြီး ပြည်တွင်းငြိမ်းချမ်းရေးဘက်မှာဆိုလည်း သူတို့လွှတ်တော်အနေနဲ့ ငြိမ်းချမ်းရေးကို တိုက်ရိုက် ဝင်ရောက် ပတ်သက်ခွင့်မရှိပေမယ့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား ညှိနှိုင်းမယ့်ကော်မတီ သေချာမရှိတာကို ပြန်လုပ်ဖို့ တိုက်တွန်းသွားမယ်လို့ ပြောတယ်” ဟု ခူးပလုရယ်က ဆိုသည်။
ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်းများအနေဖြင့် လူထုအစည်းအဝေးများ၊ သင်တန်းများ၊ ဆွေးနွေးပွဲများ လုပ်မည်ဆိုပါက အဖွဲ့အစည်းမှတ်ပုံတင်၊ အဖွဲ့အစည်း၏ နားလည်မှုစာချွန်လွှာထိုးထားသည့် လက်မှတ်၊ အသုံးငွေစာရင်း၊ ပြုလုပ်မည့်ပွဲ၏ အကြောင်းအရာ၊ မည်သည့်အကြောင်းအရာများ ပြောဆိုမည် စသည့် အချက် ၁၀ ချက်ကို သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးအဆင့်ဆင့်ထံ ၁၅ ရက်ခန့် ကြိုတင် တင်ပြခွင့်ပြုချက် တောင်းခံရမည်ဟု ကယားပြည်နယ်အစိုးရအဖွဲ့က ဇွန်လခန့်က စည်းကမ်းထုတ်ပြန်ခဲ့သည်။
ထို့အတွက် ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်းတချို့နှင့် အစိုးရအဖွဲ့မှ ဌာနဆိုင်ရာ အရာရှိများ၊ ဝန်ကြီးချုပ်တို့ ယခုကိစ္စအပေါ် ယခုနှစ် စက်တင်ဘာလအတွင်းက တွေ့ဆုံဆွေးနွေးခဲ့သော် လည်း အဆင်ပြေမှုမရရှိခဲ့ဟု ကယားပြည်နယ်အခြေစိုက် Future Women Association ၏ ဒါရိုက်တာ ဒေါ်စန္ဒာဝင်းက ပြောသည်။
ကယားပြည်နယ်ရှိ ခုနစ်မြို့နယ်လုံးတွင် ဟိုတယ်များ၊ ဘာသာရေး အဆောက်အအုံများအတွင်း အခမ်းအနားကျင်းပမည်ဆိုလျှင်ပင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ခွင့်ပြုချက် မရလျှင် မပြုလုပ်ရန် တားမြစ်ခဲ့သဖြင့် လူမှုရေးအဖွဲ့အစည်းများအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း လုပ်ကိုင်ရသည်က များစွာ ခက်ခဲကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့နှင့်အစိုးရ ထိုးထားသည့် နားလည်မှု စာချွန်လွှာကို အုပ်ချုပ်ရေးပိုင်းကို အဆင့်ဆင့် တင်ပြရမည်ဆိုသည်မှာ အဖွဲ့အစည်းများ၏ လျှို့ဝှက်ရမည့် အချက် ဖြစ်နေသည့်အတွက် အဆင်မပြေနိုင်ကြောင်း ၎င်းက ဆိုသည်။
“အဲ့ဒီအချက်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုမှ အဆင်မပြေဘူး။ နောက်ပြီး ကိုယ့်ရုံးတွင်းမှာ ရုံးတွင်း အစည်းအဝေးလုပ်မယ်ဆိုရင်တောင် သူတို့အုပ်ချုပ်ရေးဘက်က ခွင့်ပြုချက်ရမှ လုပ်ရမယ် ဆိုတဲ့ဟာမျိုးကို လက်မှတ်လိုက်ထိုးခိုင်းနေတယ်။ ကျွန်မတို့ရုံးဆီကိုတော့ မလာသေးဘူး။ နိုင်ငံတကာအဖွဲ့အစည်း သုံးခုကိုတော့ လက်မှတ်လာထိုးခိုင်းသွား တယ်။ နောက်ပြီး ဘာလုပ်လုပ် နိုင်ငံရေးစကားမျိုးတွေ မပြောပါဘူးဆိုတဲ့ ခံဝန်တွေလည်း ထိုးခိုင်းတယ်” ဟု ဒေါ်စန္ဒာဝင်းက ဆိုသည်။
ထို့အတွက် ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအနေဖြင့် မိမိတို့ ပြည်တွင်းပြည်ပ လူမှုကူညီရေး အဖွဲ့အစည်းများနှင့် နှစ်လတစ်ကြိမ် ပုံမှန်တွေ့ဆုံမည်ဖြစ်ကြောင်းနှင့် အဖွဲ့အစည်းများ အနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း လုပ်ကိုင်ရာတွင် အခက်အခဲများ ရှိလာပါက မိမိထံ တိုက်ရိုက် တင်ပြရန် တိုက်တွန်းခဲ့ပြီး ယခု တွေ့ကြုံနေကြရသည့် အချက်များ လျှော့ပေါ့ပေးနိုင်ရေး ကို ကြိုးစားပေးမည်ဟု ကတိပြုခဲ့ကြောင်း ၎င်းက ဆက်ဆိုသည်။