သတင်း

ကွတ်ခိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၄ ဦးသေဆုံးဟု ကိုးကန့်အဖွဲ့ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရသွားသည်ဟု ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ယနေ့ (မေ ၁၂) တွင် ပြောသည်။

မေ ၈ ရက်နေ့ ညနေပိုင်းက ကွတ်ခိုင်အရှေ့ဘက်ခြမ်း တောတွင်းတစ်နေရာရှိ ၎င်းတို့စခန်းကို ထိုးစစ်ဆင်ရန် စစ်တပ်က စစ်ကြောင်းထိုးလာမည်ကို သိရှိသဖြင့် ကြားဖြတ်တိုက်ခိုက်နိုင်ခြင်းဖြစ်သည်ဟု MNDAA ပြန်ကြားရေးအဖွဲ့ဝင် ကိုရန်နိုင်က Myanmar Now ကို ပြောသည်။

“အဲဒီသတင်းကို ကျွန်တော်တို့တပ်က သိပြီးတဲ့နောက်မှာ ကြိုတင်ပြီး တပ်တွေလွှတ်ပြီးတော့မှ နေရာချထားလိုက်တာ” ဟု ၎င်းက ပြောသည်။

၄၅ မိနစ်ခန့်သာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် နောက်ပြန်ဆုတ်သွားကြောင်း၊ MNDAA ဘက်မှ ထိခိုက်သူမရှိကြောင်းလည်း ကိုရန်နိုင်က ပြောသည်။ 

MNDAA ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း တိုက်ပွဲသတင်းများကို ထုတ်ပြန်လေ့မရှိပေ။

ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော MNDAA မှာ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်နေသည်။

ဧပြီလ ၃၀ ရက် ညပိုင်းကလည်း တရုတ် – မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော သိန္နီနှင့် ကွတ်ခိုင်ကြား စစ်ကား ၇ စီးပါ စစ်တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ အကျအဆုံးစာရင်းကိုမူ မသိရကြောင်း MNDAA အဖွဲ့က ဆိုသည်။

MNDAA အဖွဲ့ အခြေပြုလှုပ်ရှားရာ မုံးကိုးခရိုင် မုံးပေါ်ဒေသတွင်လည်း ယခုလ ၄ ရက်က တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းနှစ်ခု ပူးပေါင်းထားသည့် အင်အား ၁၄၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု သိရသည်။

“တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ စစ်ကောင်စီတပ်က တခြားနေရာကနေ၊ တရုတ်လိုဆိုရင်တော့ လုံးတီလျန်ဆိုတဲ့ ဒေသကနေ လက်နက်ကြီးပစ်ကူပေးခဲ့တာရှိတယ်” ဟု မေလ ၄ ရက်က မုံးပေါ်ဒေသတိုက်ပွဲအကြောင်း ကိုရန်နိုင်က ပြောသည်။

MNDAA တပ်များ နောက်ဆုတ်ခဲ့သဖြင့် တိုက်ပွဲမှာ မိနစ် ၃၀ ခန့်သာ ကြာခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

မတ်လကုန်ပိုင်းက ပြုလုပ်ခဲ့သော ကိုးကန့်အဖွဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင်၏ ဈာပနအခမ်းအနားပြီးနောက် စစ်ကောင်စီက MNDAA အဖွဲ့ကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဦးဖုန်ကြားရှင်၏ အဘုဘအခမ်းအနားတွင် အာဏာသိမ်းခေါင်းဆောင်က လွမ်းသူ့ပန်းခြင်း ပို့ဆောင်ခဲ့သည်။ 

သို့သော် ထိုမတိုင်မီကတည်းက စစ်ကောင်စီနှင့် ကိုးကန့်အဖွဲ့ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ရလဒ်တစ်စုံတစ်ရာ မရဘဲ ပြီးခဲ့သော မိုင်းလားမြို့ငြိမ်းချမ်းရေးဆွေးနွေးပွဲပြီးနောက် စစ်ကောင်စီက ပိုမိုပြင်းထန်သည့် ထိုးစစ်များပြုလုပ်ခဲ့သည်။

အာဏာသိမ်းခေါင်းဆောင်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များကို ကိုယ်တိုင်တွေ့ဆုံ ဆွေးနွေးလိုသဖြင့် မေ ၉ ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းပြန်ရန် ဖိတ်ခေါ်ခဲ့သည်။

လုံးဝတက်ရောက်မည်မဟုတ်ကြောင်း မေ ၉ မတိုင်ခင် ကြေညာချက်ထုတ်ပြန်ထားသည့် အဖွဲ့များရှိသည့်နည်းတူ တက်ရောက်မည့်အဖွဲ့များလည်း ရှိနေသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သော တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်တော်(AA) နှင့် MNDAA တို့က ဖိတ်ခေါ်ချက်ကို မတုံ့ပြန်ခဲ့ပေ။

ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ကိုးကန့်အဖွဲ့ခေါင်းဆောင်များအကြား ဆွေးနွေးနေကြဆဲဖြစ်သည်ဟု ပြန်ကြားရေးအဖွဲ့ဝင် ကိုရန်နိုင်က ပြောသည်။

“လူကြီးတွေအကုန်လုံးကလည်း စုံစုံညီညီနဲ့ တစ်နေရာတည်းရှိနေတာ မဟုတ်ဘူး၊ လူကြီးတွေစုနိုင်တဲ့ အချိန်မှပဲ ကောင်းကောင်းဆွေးနွေးလို့ရမယ်” ဟု ၎င်းက ပြောသည်။

လတ်တလောတွင် မုံးကိုးနှင့် မုံးပေါ်ဒေသတွင် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေသည့်အတွက် စစ်ရေးတင်းမာနေသည်ဟု သိရသည်။

စစ်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ကမ်းလှမ်းမှုကို MNDAA က ငြင်းဆန်ပြီးနောက် ကိုးကန့်ဒေသကို စစ်တပ်က မကြာခဏ အကြီးအကျယ်ထိုးစစ်ဆင်တိုက်ခိုက်လေ့ရှိသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button