ပြီးခဲ့သည့် ဧပြီလအတွင်း ၎င်းတို့ထိန်းချုပ်ရာ နယ်မြေများတွင် တိုက်ပွဲပေါင်း ၅၀၀ ကျော်ဖြစ်ပွားကာ စစ်ကောင်စီဘက်မှ သေဆုံးသူ ၃၅၀ ကျော်ရှိသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ယမန်နေ့တွင် ထုတ်ပြန်သည်။
စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ KNU ထိန်းချုပ်ရာနယ်မြေများအနက် တပ်မဟာ (၅) နှင့် (၆) ဖြစ်သော ဖာပွန် (မူတြော်ခရိုင်) နှင့် သထုံ (ဒူးပလာခရိုင်) တို့တွင် တိုက်ပွဲအများဆုံးဖြစ်ပွားကာ စစ်ကောင်စီဘက်မှ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ဝင်များ အပါအဝင် သေဆုံးသူ ၃၅၆ ဦး၊ ဒဏ်ရာရသူ ၁၉၄ ဦး ရှိသည်ဟု KNU ထုတ်ပြန်ချက်က ဆိုသည်။
ပြီးခဲ့သည့်လများအတွင်း စစ်ကောင်စီက အကြီးအကျယ် ထိုးစစ်ဆင်နွှဲခဲ့သည်ဟုလည်း KNU ပြောရေးဆိုခွင့်ရှိ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက Myanmar Now ကို ယနေ့ ပြောသည်။
“မိုးမကျခင်မှာတော့ မီးကုန်ယမ်းကုန်စစ်ဆင်ရေးတွေ လုပ်ပြီးတော့ နယ်မြေစိုးမိုးရေးတွေလုပ်မယ်ဆိုပြီး ကြိမ်းဝါးထားသလောက် ပြန်ချုပ်ကြည့်လိုက်တဲ့အခါမှာ လအလိုက် သူတို့သေဆုံးနှုန်းတွေက ပိုပိုလာတော့ သူတို့စစ်ဆင်ရေးက လုံးဝမအောင်မြင်ဘူးဆိုတာ သေချာပေါက်ပြောလို့ရတယ်” ဟု ၎င်းက ပြောသည်။
ပဲခူးတိုင်းအရှေ့ခြမ်းနှင့် တနင်္သာရီတိုင်းအပါအဝင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ KNU ထိန်းချုပ်နယ်မြေများပေါ်မှ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးနှင့် ဒဏ်ရာရသူအရေအတွက်နှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
သို့သော် လူမှုကွန်ရက်တွင် ပေါက်ကြားလာသော ဆေးရုံမှတ်တမ်းတစ်ခုအရ ရန်ကုန်မြို့၊ မင်္ဂလာဒုံစစ်ဆေးရုံတွင် အရာရှိများအပါအဝင် ဒဏ်ရာရစစ်သည်အများအပြား ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။
ဧပြီလ ၂၃ ရက်စွဲဖြင့် တွေ့ရသော ထိုဆေးရုံမှတ်တမ်းအရပင် မင်္ဂလာဒုံစစ်ဆေးရုံရောက်ရှိနေသူ ၃၀ ကျော်ရှိပြီး အများစုမှာ ထိုလအတွင်း ရောက်ရှိလာခြင်းဖြစ်သည်ကို တွေ့ရသည်။
စစ်ကောင်စီကမူ နိုင်ငံတစ်ဝန်း နေ့စဉ်ဖြစ်ပွားနေသော တိုက်ပွဲများအပါအဝင် KNU ထိန်းချုပ်နယ်မြေမှ တိုက်ပွဲများနှင့် ပတ်သက်၍လည်း ၎င်းတို့ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေကို တစ်ကြိမ်တစ်ခါမျှ ထုတ်ပြန်ခြင်း မရှိပေ။
လတ်တလောတွင် KNU တပ်မဟာနယ်မြေများအတွင်း တိုက်ပွဲအနည်းငယ်ငြိမ်သက်လာပြီး စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုများ လျော့ကျလာကာ ပေါက်ကြားလာသည့် လျှို့ဝှက်ညွှန်ကြားစာတစ်စောင်အရ စစ်ကောင်စီက မိုးရာသီအတွက် ခုခံစစ်ပြင်ဆင်ခိုင်းထားသည်ဟု သိရသည်။
“အဲဒီစာထွက်လာကတည်းက လုံးဝ သေချာသွားပြီလေ။၊ ခုခံစစ် လုံးဝပြောင်းသွားပြီလေ၊ ထိုးစစ်က လုံးဝ အရာမရောက်တော့ဘူးဆိုတာ သေချာတယ်။ အဲဒါကြောင့် သူတို့က လုံးဝ ခံစစ်ကို ရောက်သွားပြီဆိုတာ သေချာပေါက်ပြောလို့ရတယ်” ဟု ပဒိုစောတောနီးက ပြောသည်။
စစ်ကောင်စီက KNU ထိန်းချုပ်နယ်မြေများတွင် မြေပြင်စစ်ကြောင်းများအပြင် လက်နက်ကြီးပစ်ကူနှင့် လေကြောင်းတိုက်ခိုက်မှုများ အသုံးပြုကာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း KNU နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးထားနိုင်ဆဲဖြစ်သည်။
ဧပြီလကုန်ပိုင်းတွင် ကရင်ပြည်နယ်အစပ် ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ လေးကေနှင့် ဝင်းတာပန်စခန်းများ စွန့်ခွာရန် KNU လက်အောက်ခံ KNDO တပ်က ရာဇသံပေးပြီးနောက် သုံးရက်အကြာတွင် သတိပေးပစ်ခတ်မှုနှင့်အတူ တိုက်ပွဲများဖြစ်ပွားခဲ့သည်။
သတိပေးခံရပြီးနောက် မေ ၁ ရက်တွင် စစ်ကောင်စီတပ်စခန်းများက လေးကေရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်နည်းတူ ရဟတ်ယာဉ်များဖြင့်လည်း လာရောက်ပစ်ခတ်ရာ ဘုန်းကြီးကျောင်းတစ်ခုနှင့် နေအိမ်သုံးလုံး မီးလောင်ပျက်စီးခဲ့သည်။
လေးကေနှင့် ဝင်းတာပန်စခန်းအနီး တိုက်ပွဲနှင့် စစ်ရေးတင်းမာနေသောကြောင့် ဘီးလင်းမြို့နယ်အတွင်းရှိ လေးကေ၊ ဝင်းတာပန်၊ ကျောက်ဖျာ၊ ကျုံစိန်၊ ကမ်းမဲ၊ ပုရစ်ခို စသည့် ကျေးရွာများမှ ဒေသခံ တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း KNU က ထုတ်ပြန်ထားသည်။
အာဏာသိမ်းခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကို ၎င်းကိုယ်တိုင် တွေ့ဆုံဆွေးနွေးလိုကြောင်း ဧပြီ ၂၂ ရက်တွင် လူသိရှင်ကြား ဖိတ်ခေါ်ထားရာ နိုင်ငံအနှံ့ တိုက်ပွဲများ တစ်နှစ်ကျော်ကြာ ဖြစ်ပွားပြီးနောက် အရေးနိမ့်စပြုလာသည်ကို ပြဆိုနေသည်ဟု အကဲခတ်သူများက ဆိုသည်။
စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်နှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသာတိုးတက်ရေးပါတီ (KNPP/KA)၊ ကျောင်းသားတပ် (ABSDF) တို့က တက်ရောက်မည်မဟုတ်ကြောင်း အတိအလင်းထုတ်ပြန်ထားသည့်နည်းတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တော်လှန်သွားမည်ဟု KNU က ဆိုသည်။
“ကျွန်တော်တို့ ဦးတည်ချက်ကတော့ စစ်အာဏာရှင်ပြုတ်ကျရေးအတွက်ဆိုတာ နဂိုကတည်းက ပြောထားပြီးသားဆိုတော့ ဒီအချိန်၊ ဒီကာလက နိုင်ငံရေးဆွေးနွေးပွဲလုပ်ရမဲ့ အချိန်မဟုတ်ဘူးလေ။ နိုင်ငံရေးဆွေးနွေးပွဲဆိုတာ သူတို့နဲ့လည်း လုံး ဝမထိုက်တန်ဘူး” ဟု ပဒိုစောတောနီးက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)