
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်တွင် မကြာသေးမီရက်ပိုင်းက မြို့ပြပြောက်ကျားအဖွဲ့ဝင် ၆ ဦး ဖမ်းဆီးခံရကြောင်း ထိုအဖွဲ့နှင့် နီးစပ်သူတစ်ဦးက အတည်ပြုသည်။
ပြီးခဲ့သည့် ဧပြီ ၁၈ တွင် စဉ့်ကိုင်မြို့သို့ ရောက်ရှိနေကြသည့် အသက် ၂၀ ကျော်ဝန်းကျင် လူငယ်အမျိုးသား ၅ ဦး လက်နက်ခဲယမ်းများ၊ ဆိုင်ကယ်နှစ်စီး၊ ကားတစ်စီးနှင့်အတူ ဖမ်းဆီးခံလိုက်ရကြောင်း၊ ဆက်စပ်၍ အဖွဲ့ဝင်အမျိုးသမီး ၁ ဦး နေအိမ်၌ ဖမ်းဆီးခံလိုက်ရကြောင်း မန္တလေးဒေသတွင်းအခြေစိုက် Trust Keeping Force-Amapura ပြောက်ကျားအဖွဲ့မှ အဖွဲ့ဝင် ကိုကျွဲကြီးက ပြောသည်။
စစ်ကောင်စီထုတ်ပြန်ချက်တွင်မူ အမျိုးသား ၅ ဦးကိုသာ တွေ့ရသည်ဟု သူက ထောက်ပြသည်။
“ထုတ်ပြန်ထားတဲ့အထဲမှ ယောက်ျားလေး ၅ ယောက်ကိုပဲ တွေ့ရပြီးတော့ မိန်းကလေးကို အစအနဖျောက်ထားတာ တွေ့ရတယ်။ နောက်ဆုံးကြားရတာကတော့ ယောက်ျားလေးတွေ စစ်ကြောရေးကို ရောက်လာတယ်လို့ သိရတယ်။ ဆိုတော့ (အမျိုးသား ၅ ယောက်) အသက်ရှိသေးတာ သိရပါတယ်” ဟု ကိုကျွဲကြီးက Myanmar Now ကို ပြောသည်။
“ကောင်မလေးက အဖမ်းမခံရခင်၊ သူ့အိမ်ရှေ့ကို (စစ်သားတွေ) ရောက်လာတဲ့ အနေအထားအထိ သိရတယ်။ အိမ်ကို ဝိုင်းတယ်၊ ထွက်လာဖို့ ပြောတဲ့အချိန် သူ တောင့်ခံသေးတယ်။ နောက်ဆုံး မိသားစုထိမှာ စိုးလို့ ထွက်ပြီး အဖမ်းခံလိုက်ရပြီးတော့ ပျောက်သွားတော့တာပဲ။ အစဖျောက်ပစ်လိုက်မှာ စိုးရိမ်ရတာပေါ့” ဟု သူက ဆက်ပြောသည်။
ပြီးခဲ့သည့် မတ်လအတွင်း စစ်ကောင်စီတပ်ကို ၂ ရက်အတွင်း ၆ နေရာထက်မနည်းတွင် မန္တလေးပြောက်ကျားအဖွဲ့များက တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိခိုက်မှုရှိသလို အရပ်သားတချို့လည်း ထိခိုက်ခဲ့သည်။
စစ်ကောင်စီထောက်တိုင်များ၊ ဒလန်ဟု ယူဆရသူများ၊ လက်အောက်ခံတပ်သားများကို မန္တလေးအခြေစိုက် ဒေသကာကွယ်ရေးပြောက်ကျားအဖွဲ့တို့က မတ်လအတွင်း ဆက်တိုက်တိုက်ခိုက်ခဲ့သည်။
လမ်းပေါ်ထွက်ဆန္ဒပြမှုများ အကြမ်းဖက်တုံ့ပြန်ခံရပြီးနောက် စစ်ကောင်စီကို နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင် ခုခံနေရသည်။
စစ်မျက်နှာအများအပြား ဖွင့်ထားရသော စစ်ကောင်စီက ယခုနှစ် တစ်နှစ်လုံးကို အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသည်။
ထို့ပြင် စစ်ကောင်စီခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးလိုကြောင်း ၎င်း၏ မြဝတီရုပ်သံမှ ယနေ့ထုတ်ပြန်ခဲ့ပြီး လာမည့် မေလ ၉ ရက်နေ့ နောက်ဆုံးထား စာရင်းပေးပို့နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုသာ ဖိတ်ကြားခြင်းဖြစ်ပြီး PDF များကိုမူ ဆွေးနွေးမည်မဟုတ်ဘဲ အပြတ်ချေမှုန်းမည်ဟု ပြောထားသည်။
PDF အဖွဲ့အများအပြားကို ဝါရင့်လက်နက်ကိုင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီတပ်မတော် (KA) တို့ အပါအဝင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က စစ်သင်တန်းပေးသလို လက်နက်ခဲယမ်းထောက်ပံ့ကူညီနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)