
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များသည် လုံခြုံရေးစိုးရိမ်ချက်များကြောင့် ရန်ကုန်ကို စွန့်ခွာ၍ နေရာပြောင်းရွှေ့နေကြသည်ဟု သိရှိရသည်။
ရန်ကုန်မြို့ပြပြောက်ကျားတို့ထံ လက်နက်အများအပြားရောက်ရှိနေသည်ဟု သတင်းရရှိကြောင်း၊ ယင်းအခြေအနေတွင် စစ်ကောင်စီက စစ်တပ်မိသားစုဝင်များကို အကာကွယ်မပေးနိုင်ဟု ယူဆကာ နေပြည်တော်သို့ အစုလိုက်၊ အပြုံလိုက် ပြောင်းရွှေ့နေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်မြို့တွင် စစ်ကောင်စီ၏ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါ်သန်းသန်းဆွေ နေအိမ်တွင် တိုက်ခိုက်ခံရမှု၊ လမ်းမတော်မြို့နယ် စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံ ဗိုလ်မှူးကုဋေဖြိုးအောင် လမ်းပေါ်တွင် ပစ်ခတ်ခံရမှုတို့အပြီး ထိုအပြောင်းအရွှေ့သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
PDF တို့က စစ်ကောင်စီဘက်တော်သားတို့ကို တိုက်ခိုက်ရာတွင် မိသားစုဝင်များကို ပစ်မှတ်ထားခြင်း မရှိသော်လည်း ပြောင်းရွှေ့မှုများက သိသိသာသာ ရှိလာနေသည်။
ယခုနှစ်ဆန်းပိုင်းမှစ၍ စစ်ကောင်စီ၏ အုပ်ချုပ်မှုမြို့တော် နေပြည်တော်တွင် လာရောက်အခြေချနေထိုင်သူများ သိသိသာသာများလာကြောင်း၊ အများစုမှာ စစ်တပ်အရာရှိမိသားစုများ၊ ၎င်းတို့နှင့် ဆက်စပ်သူများဖြစ်ကြောင်း နေပြည်တော်ရှိ ဒေသခံအချို့က ဆိုသည်။
“တစ်လပိုင်းလောက်ကတည်းက နေပြည်တော်မှာ လူအသစ်တွေ အရမ်းများလာတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် နေပြည်တော်ဒေသခံ အငှားယာဉ်မောင်းတစ်ဦးက ပြောပြသည်။
အထူးသဖြင့် စစ်တပ်အသိုင်းအဝိုင်း အများစုနေထိုင်သည့် ပုဗ္ဗသီရိမြို့နယ်သို့ ပြောင်းလာသူ များပြားပြီး အိမ်ခြံမြေဈေးပင် မတန်တဆမြင့်တက်သွားသည်ဟု ဒေသခံများက ပြောသည်။
“လူအသစ်တွေ အရမ်းများလာတာတော့ တော်တော်သိသာတယ်။ အထူးသဖြင့် ပုဗ္ဗဘက်မှာ အရင်က သိန်း ၄၀၊ ၅၀ တောင် အဝယ်မရှိတဲ့ ချောင်ထဲကဟာ (မြေကွက်) တွေတောင် သိန်း ၂၀၀လောက် ဖြစ်ကုန်တယ်” ဟု ပုဗ္ဗသီရိမြို့နယ်တွင် နေထိုင်သည့် ၃၅နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
နေပြည်တော်ကောင်စီနယ်မြေ၏ ဗဟိုချက်မတွင် တည်ရှိသော ပုဗ္ဗသိရိမြို့နယ်ကို ဒေသအခေါ်အားဖြင့် တပ်ပုဗ္ဗနှင့် အရပ်ပုဗ္ဗဟူ၍ ခေါ်ဆိုကြပြီး နေပြည်တော်တိုင်းစစ်ဌာနချုပ် တည်ရှိရာ တပ်ပုဗ္ဗဘက်ခြမ်းတွင် စစ်ကောင်စီတပ်အရာရှိမိသားစုများ၊ စစ်တပ်နှင့် နီးစပ်သူများ အများဆုံးနေထိုင်ကြသည်။
လေတပ် ဗိုလ်ကြီးအောင်ကျော်မင်းဆိုသူသည် မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် နေထိုင်သည့် ၎င်း၏ မိဘနှစ်ဦးအပါအဝင် စုစုပေါင်း မိသားစုဝင် ၃ ဦးကို ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက လုံခြုံရေးအကြောင်းပြချက်ဖြင့် တပ်ပုဗ္ဗသို့ ပြောင်းရွှေ့စေခဲ့သည်ဟု ထိုမြို့နယ်တွင် နေထိုင်သော၊ ထိုအရာရှိနှင့် နီးစပ်သော အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
နေပြည်တော်တွင် PDF လှုပ်ရှားမှု များစွာ မရှိသေးပေ။
၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အာဏာသိမ်းစဉ် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သည့် ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ရာမှ လက်နက်ကိုင်ခုခံတွန်းလှန်မှုများ နိုင်ငံအနှံ့ ပေါ်ပေါက်လာသည်။
စစ်အာဏာသိမ်းမှုဆန့်ကျင်သူများသည် စစ်ကောင်စီ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များကို မကြာခဏ ခုခံတိုက်ခိုက်လျက်ရှိသည်။
ပြီးခဲ့သည့် ဧပြီ ၇ နံနက်ပိုင်းက ရန်ကုန်၊ ဗဟန်းမြို့နယ် ရွှေဂုံရိပ်မွန်အိမ်တွင် နေထိုင်သည့် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါ်သန်းသန်းဆွေကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က တိုက်ခိုက်ခဲ့သည်။
ခုခံတွန်းလှန်စစ်ပွဲ စတင်သည့် ၂၀၂၁ စက်တင်ဘာ ၇ မှစ၍ ယခုနှစ် ဧပြီ ၇ အထိ စစ်ကောင်စီ၊ ၎င်းတို့အုပ်ချုပ်ရေး၊ စီးပွားရေးပစ်မှတ်ပေါင်း ၁၁၂၈ ခု ကို ပျံလွှားအောင်စစ်ဆင်ရေးခေါင်းစဉ်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ပြင် ဧပြီ ၁၀ ညနေ ၆ နာရီခန့်တွင်လည်း ရန်ကုန် မော်တင်ဆိပ်ကမ်းတွင်ရှိသော လမ်းမတော်မြို့နယ် စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံ ဗိုလ်မှူးကုဋေဖြိုးအောင်ကိုလည်း မြို့ပြပြောက်ကျားအဖွဲ့တစ်ခုက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။