သတင်း

ငဖဲမြို့နယ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၂၀ သေဟု PDF ထုတ်ပြန်

စစ်တပ်ဘက်မှ ၂၀ သေဆုံး၊ ၃၀ ဒဏ်ရာရသည့် မကွေးတိုင်း၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း ၇ ရက်တာတိုက်ပွဲများ၌ လက်နက်၊ ခဲယမ်းများ သိမ်းမိသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့ ​(PDF) တစ်ဖွဲ့ဖြစ်သည့် People’s Revolution Alliance (PRA- Magway) က ဧပြီ ၁၉ တွင် သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ် နယ်မြေချင်း ထိစပ်နေသည့် ငဖဲမြို့အနောက်ဘက် ၁၆ မိုင်အကွာ မကွေးတိုင်းအစပ် ရခိုင်ရိုးမတောင်ကြောပေါ်တွင် စစ်ရေးလှုပ်ရှားနေသည့် အင်အား ၈၀၀ ခန့်ရှိ စစ်ကောင်စီတပ်ကို Sho Chin Defence Force (ACDF) နှင့် ပေါင်း၍ ဧပြီ ၈ မှ ၁၄ ရက်အတွင်း ခုခံခဲ့ရာ တိုက်ပွဲသုံးကြိမ်ဖြစ်ပွားသည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။

ငဖဲမြို့နယ်အနောက်ပိုင်းရှိ ရခိုင်ရိုးမပေါ်သို့ စစ်ကောင်စီက ဧပြီ ၈ ရက်တွင် လက်နက်ကြီး၊ လေကြောင်းပစ်ကူများပါ သုံး၍ တိုက်သော်လည်း PDF တို့က နယ်မြေကျွမ်းကျင်မှုကို အသားစီးယူ၍ တိုက်ခိုက်နိုင်ခြင်းကြောင့် စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုများ ရသည်ဟု PRA- Magway တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဓိကကတော့ သူတို့ရဲ့ နယ်မြေမကျွမ်းကျင်မှုပါပဲ။ နောက်တစ်ခုက စစ်ကောင်စီဘက်က ခေါင်းဆောင်မှုစွမ်းရည်က လက်အောက်ငယ်သားတွေအပေါ်မှာ ဂရုမစိုက်ဘူး။ သေမဲ့လမ်းလည်း လွှတ်တာ” ဟု ၎င်းက ဆိုသည်။

“ဒီလို (PDF) တပ်ကလေးပဲ။ မင်းတို့မှာ အင်အားအများကြီးပေးလိုက်တာပဲ။ လေယာဉ်လည်း ပစ်ကူပေးတာပဲ။ အမြောက်နဲ့လည်း ပစ်တာပဲ။ နိုင်ကို နိုင်ရမယ်ဆိုပြီးတော့ လွှတ်တာ။ ဒါပေမဲ့ မြေပြင်အခြေအနေပေါ်မှာ လေ့လာသုံးသပ်မှုအားနည်းတဲ့ အရာရှိတွေကြောင့်မလို့ လက်အောက်ခံတွေက စတေးရတာ”

PDF ဘက်မှ သုံးဦး အနည်းငယ်ထိခိုက်ဒဏ်ရာရသည်ဟု ထိုသူက ဆိုသည်။

ထိုစစ်ကြောင်း၏ သတင်းများကို စစ်ကောင်စီတပ်အတွင်းမှ ဖရဲသီး (သတင်းပေး) ထံမှ သိရရာ စစ်တပ်၏ ထိခိုက်မှုမှာ ခန့်မှန်းသည်ထက်များနိုင်ကြောင်း၊ တိုက်ပွဲအတွင်း အရာရှိနှင့် အခြားအဆင့်နှစ်ဦး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားသည်ဟု သိရကြောင်း PRA- Magway တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဧပြီ ၁၅ မှစ၍ ငဖဲမြို့နယ်နှင့် အမ်းမြို့နယ်အစပ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်တပ်ဘက်မှ ရိက္ခာပြင်ဆင်နေသည်ကို တွေ့ရကြောင်း ထိုသူက ဆိုသည်။

“လောလောဆယ်တော့ သူတို့က ဒဏ်ရာရတဲ့လူတွေကို အဓိက သယ်ထုတ်နေတယ်။ နောက်တစ်ခုက ရိက္ခာတွေ ပြင်ဆင်နေတာရှိတယ်။ အားယူပြီး ပြန်တိုက်မယ်လို့ မျှော်လင့်လို့ရပါတယ်” ဟု ၎င်းက ပြောသည်။

ရိုးမပေါ်တွင် ထိုသို့ တိုက်ပွဲဖြစ်နေချိန်တွင် ယင်းနှင့် မိုင် ၃၀ ကျော်ဝေးသည့် ငဖြူကြီးရွာသို့ ဧပြီ ၁၀ ရက်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ပြီးနောက် ရွာတွင် တပ်စွဲထား၍ ရွာသား ၁၀၀ ဝန်းကျင် တိမ်းရှောင်နေရသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“တစ်အိမ်တက်ဆင်းမွှေနှောက်သွားပြီးတော့ သေတ္တာတွေ ထမ်းသယ်သွားတယ်။ (ခရစ်ယာန်) အသင်းတော်ပိုင် ပစ္စည်းတွေလည်း သယ်သွားတယ်။ ဆန်တွေလည်း မီးရှို့ဖျက်ဆီးခဲ့တယ်” ဟု ၎င်းက ဆိုသည်။

“စားစရာကလည်း တစ်ရက်၊ နှစ်ရက်စာလောက်ပဲ ထမ်းသယ်လာနိုင်တဲ့အတွက် စားရေးသောက်ရေး အခက်အခဲဖြစ်နေတယ်။ ရွာထဲမှာလည်း တပ်စွဲထားတော့ ကျွန်တော်တို့ပါလာတာတွေကိုပဲ ဝေခြမ်းပြီး စားနေရတာ” ဟု ထိုသူက ဆက်ပြောသည်။

စစ်ဘေးရှောင်များအနက် သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်တစ်ဦးအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် အရေးတကြီးလိုအပ်နေကြောင်း ၎င်းထံမှ သိရသည်။

PDF နှင့် ဒေသခံတို့ ပြောသည့် အချက်အလက်များကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီထံ မေး၍ မရသေးပါ။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ မကွေးတိုင်းသည်လည်း အပါအဝင်ဖြစ်သည်။

ငဖဲမြို့နယ်အတွင်း ရခိုင်ရိုးမတောင်ခြေ သစ်တောနှင့် တောင်ကုန်း၊ တောင်တန်းများပြားသဖြင့် စိုက်ပျိုးနိုင်သော မြေနေရာပင် ရှားသည်ဟု ၂၀၁၄ သန်းခေါင်စာရင်းအရ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button