
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA ) တို့ ယမန်နေ့ (ဧပြီ ၅) နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိကာ စစ်ရေးတင်းမာနေသည်ဟု နှစ်ဖက်တာဝန်ရှိသူတို့က အတည်ပြုသည်။
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်နှင့် နယ်နိမိတ်ဆက်စပ်နေသည့် မိုင်းတုံမြို့နယ်တစ်နေရာတွင် ၎င်းတို့ တပ်စခန်းတစ်ခုကို UWSA တပ်များက ယမန်နေ့ နံနက်ပိုင်းတွင် မိနစ်အနည်းငယ်ကြာ လာရောက်ပစ်ခတ်ခဲ့ပြီးနောက် ပြန်ဆုတ်သွားသည်ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက ပြောသည်။
“ကျွန်တော်တို့စခန်းကုန်းက တပ်စခန်းထဲမှာ ရှိတယ်လေ၊ သူတို့က တက်တိုက်တယ်ဆိုတော့ ဒါက ရှင်းလင်းပြီးသားလေ။ တမင်သက်သက် တိုက်ပွဲဖြစ်အောင် သူတို့ ဖေါ်ဆောင်တာပေါ့” ဟု ၎င်းက ဆိုသည်။
UWSA ၏ တောင်ပိုင်း အမှတ် (၁၇၁) စစ်ဒေသဆက်ဆံရေးမှူး ဦးဆမ်ဘိမ်းကမူ ၎င်းတို့ထိန်းချုပ်ရာ နယ်မြေအတွင်း RCSS တပ်များဝင်ရောက်လာ၍ ပြန်လည်တိုက်ခိုက်ခြင်းသာဖြစ်သည်ဟု ပြောသည်။
“သူတို့ (RCSS) နယ်ကျော်လာတာ၊ ကျွန်တော်တို့စခန်းနားရောက်လာတော့ ကျွန်တော်တို့ရဲဘော်က သွားတားတာကို သူတို့က အရင်စပစ်တာ။ သွားတားတဲ့ ကလေးလည်း ဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။
ထိုတိုက်ပွဲအတွင်း ၎င်းတို့ဘက်မှ တစ်ဦးသေ၊ လေးဦး ဒဏ်ရာရပြီး RCSS ဘက်မှ ငါးဦးခန့် သေဆုံးနိုင်သည်ဟု UWSA မှ ဦးဆမ်ဘိမ်းက ခန့်မှန်းသည်။
RCSS ဗိုလ်မှူးခမ်းစံကမူ နှစ်ဖက်ထိခိုက်သေဆုံးမှုကို မသိရသေးဟု ပြောသည်။ ဒေသတွင်းသတင်းဌာနအချို့ကမူ ထိုတိုက်ပွဲတွင် RCSS မှ တပ်သားအချို့နှင့် လက်နက်ခဲယမ်းများဆုံးရှုံးသွားသည်ဟု ရေးထားသည်။
အသေးစိတ်အခြေအနေများကို Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယမန်နေ့က တိုက်ပွဲဖြစ်ပွားသည့် မိုင်းတုံမြို့သည် RCSS/SSA ဌာနချုပ်တည်ရှိရာ လွယ်တိုင်းလျှံနှင့် အဖြောင့်တိုင်းပါက မိုင် ၅၀ ကျော်သာ ကွာဝေးသည်။
ထို့ပြင် မိုင်းတုံမြို့အနီး ထိုင်းနယ်စပ်တစ်လျှောက် ဧရိယာများမှာ UWSA က တောင်ပိုင်းဒေသအဖြစ် သတ်မှတ်ထားသည့် နယ်မြေများတွင် အကျုံးဝင်သည်ဟု Asia Times မဂ္ဂဇင်း၏ ဆောင်းပါးတစ်ပုဒ်တွင် မြေပုံနှင့်တကွ ဖော်ပြသည်။
ယနေ့ (ဧပြီ ၆) တွင်မူ တိုက်ပွဲမရှိတော့သော်လည်း မိုင်းတုံမြို့နယ်အတွင်း RCSS/SSA နှင့် UWSA တို့အပြင် စစ်ကောင်စီတပ်ကပါ စစ်ရေးလှုပ်ရှားနေသည်ဟု RCSS တာဝန်ရှိသူ ဗိုလ်မှူးခမ်းစံထံမှ သိရသည်။
ထို့ပြင် ထိုဒေသတွင် တပ်ဖွဲ့အသီးသီး၏ စခန်းကုန်းများမှာ မျက်နှာချင်းဆိုင် ရင်ဆိုင်ပစ်ခတ်နိုင်သည့် အနေအထားဖြင့် ထူထောင်ထားခြင်းကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်နိုင်သည်ဟု RCSS က သုံးသပ်သည်။
စစ်ရေးအရ ဖြေရှင်းလျှင် နှစ်ဖက်လုံးအကျိုးအမြတ်မရှိဘဲ နစ်နာနိုင်သည့်အတွက် တွေ့ဆုံဆွေးနွေးဖြေရှင်းရန် ကြိုးပမ်းမည်ဟု ဗိုလ်မှူးခမ်းစံက ပြောသည်။
“နှစ်ဖက်လုံးက နယ်မြေခံတပ်တွေကို ဆက်သွယ်ပြီးတော့မှ ညှိနှိုင်းပြီးတော့မှ ဖြေရှင်းမှာပေါ့နော်။ ဘာကြောင့် တက်တိုက်လည်း၊ အကြောင်းရင်းတွေကို တွေ့ဆုံဆွေးနွေးပြီးမှ ဖြေရှင်းမှာလေ” ဟု ၎င်းက ဆိုသည်။
RCSS/SSA ဘက်မှ ထုတ်ဖော်ပြောဆိုသည့် ဆွေးနွေးမည့်ကိစ္စများနှင့် ပတ်သက်၍ UWSA က မှတ်ချက်မပြုသလို စစ်ကောင်စီထံသို့လည်း မေး၍ မရသေးပါ။

RCSS/SSA နှင့် ဇန်နဝါရီလမှစ၍ စစ်ရေးတင်းမာမှုဖြစ်နေသည့် UWSA ကမူ ၎င်းတို့၏ တောင်ပိုင်းနယ်မြေအတွင်း ကျူးကျော်လာပါက ပြင်းပြင်းထန်ထန်တုံ့ပြန်မည်ဟု ဆိုထားသည်။
UWSA ၏ WSTV Facebook စာမျက်နှာတွင်လည်း အမှတ် (၁၇၁) စစ်ဒေသအတွင်း လူသူ၊ လက်နက် အပြည့်အစုံဖြင့် စစ်ရေးလှုပ်ရှားနေသည့် ရုပ်သံဖိုင်များကို ထုတ်လွှင့်ဖူးသည်။
RCSS/SSA သည် စစ်တပ်က သဘောတူထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည်။
တရုတ်နှင့် နယ်နိမိတ်ထိစပ်နေသည့် ရှမ်းပြည်နယ် ပန်ဆန်းမြို့တွင် အခြေစိုက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် စစ်ရေးအင်အားအကြီးဆုံးဟု ယုံကြည်ရသည့် UWSA ကို စစ်တပ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားသည်။
စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားလေ့မရှိသော်လည်း NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် ငြင်းဆန်ထားသည့် UWSA က “ဝ”ကို ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် အစဉ်တစိုက်တောင်းဆိုထားသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီနှင့် RCSS/SSA၊ UWSA တို့၏ ဆက်ဆံရေးအခြေအနေကိုမူ ရှင်းလင်းစွာ မသိရသေးပေ။
RCSS/SSA နှင့် UWSA ကဲ့သို့ သက်တမ်းရင့်တော်လှန်ရေးအဖွဲ့များဖြစ်သည့် ကချင်ပြည်နယ်မှ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကရင်ပြည်နယ်မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU) တို့ကမူ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း အတိအလင်းပြောထားကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)